close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မျှော်တော်ဇောနဲ့ မောခဲ့ရတဲ့ ပြည်သူများ

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

နိုဝင်ဘာမိုး/People’s Spring

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

ဒါဟာ ကျနော်တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာပြည်ဒေသအသီးသီးနဲ့ နိုင်ငံတကာရောက်ဒီမိုကရေစီလိုလားကြသူတိုင်း စောင့်မျှော်နေကြတာပါ။ ကျနော်တို့နဲ့ စံတော်ချိန်မတူတဲ့ တိုင်းပြည်က မြန်မာပြည်သူတွေဆိုရင် ညတောင် မအိပ်နိုင်ကြဘူးတဲ့။

ကျနော်တို့ အလိုချင်ဆုံးကတော့ လူထုခေါင်းဆောင်ကို အပြီးလွှတ်ပေးတဲ့သတင်းမျိုးပေါ့။ သို့ပေသိ အမေအိုတစ်ယောက်အပေါ် သက်သက်မဲ့ အငြှိုးအာဃာတ ကြီးမားနေတဲ့၊ ရန်လိုမုန်းထားနေတဲ့၊ ဉာဏ်နီဉာဏ်နက်များလွန်းတဲ့ အာဏာသိမ်းခေါင်းဆောင်နဲ့အဖွဲ့ဟာ လူထုခေါင်းဆောင်ကို ဒီအနေအထားမှာ လွှတ်မပေးနိုင်သေးဘူးဆိုတာ ထင်ပြီးသားပါ။

Public Service Announcement

Public Service Announcement

နေအိမ်အကျယ်ချုပ်ကို မျှော်လင့်ကြသူတိုင်းထည့်တွက်ကြတာ ရာသီဥတုပါ။ လူထုခေါင်း
ဆောင်ကို ချုပ်နှောင်ထားတဲ့ နေပြည်တော်ရဲ့ အပူရှိန်က အခုလို ဧပြီလဆိုရင် တကယ့်ကို ပြင်းထန်လွန်းတာပါ။ အပူချိန်က 40°C (၄၀ ဒီဂရီ ဆဲစီးယက်စ်) ဝန်းကျင်မှာ အမြဲရှိနေတတ်ပြီး တချို့ရက်တွေဆိုရင် အဲဒီထက်တောင် ပိုမြင့်နိုင်ပါတယ်။ အသက် ၈၀ ကျော်အရွယ် လူကြီးတစ်ယောက်အတွက် ဒီလို အစွန်းရောက်တဲ့ ရာသီဥတုက ကျန်းမာရေးအတွက် တကယ်ကို စိုးရိမ်စရာပါ။ ဒါ့ကြောင့် နေအိမ်အကျယ်ချုပ်လောက်​​​ဖြစ်ဖြစ် ကျနော်တို့ပြည်သူတွေ မျှော်လင့်ခဲ့ကြတာ။

ဒါကြောင့်လည်းအကျဉ်းထောင်(အချုပ်ထောင်)ထက်စာရင် သင့်တော်တဲ့ ပြုစုစောင့်ရှောက်မှု ပေးနိုင်မယ့် နေအိမ်မျိုးကို ပြောင်းရွှေ့ပေးဖို့ နိုင်ငံတကာကရော၊ ပြည်သူ​​တွေကပါ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ တစ်နေကုန် မျှော်နေကြတဲ့ လူထုရဲ့စိတ်ထဲမှာ” အပူဒဏ်ကြားကသူ့ကျန်းမာရေး” ဆိုတာက ထိပ်ဆုံးက စိုးရိမ်မှုတစ်ခု ဖြစ်နေမှာ အသေအချာပါပဲ။

လွန်ခဲ့တဲ့ ၇ လ လောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်းရဲ့ ပြောကြားချက်အရ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကို ကြားသိရကြောင်း၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က နှလုံးအထူးကုဆရာဝန်ကို တွေ့ချင်ကြောင်း တောင်းဆိုထားပေမယ့် ဘယ်နေရာမှာ ထိန်းသိမ်းခံထားရသလဲဆိုတာနဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရ၊ မရဆိုတာကို ဘယ်သူမျှ မသိနိုင်ကြောင်း အဲဒီရုပ်သံဖိုင်မှာ ပြောခဲ့ပါတယ်။ ဒါဟာ ကိုထိန်လင်းသိရသလောက်ပဲ ရှိပါသေးတယ်။ တခြားမသိနိုင်တာတွေ ရှိဦးမှာပါ။

စစ်တပ်ဟာ လွန်ခဲ့တဲ့ ၅နှစ်ကျော် အာဏာသိမ်းချိန်ကစလို့ ပြည်သူရွေးချယ်တင်မြှောက်ခံ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မတရားတဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်မှာ အသက် ၈၀ ပြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်ပေါင်း ၂၀ ကျော် မတရားတဲ့ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ထားတာပါ။

ဒီနေ့မှာ ကျနော်တို့ သမ္မတကြီး ဦးဝင်းမြင့်တော့ လွတ်လာခဲ့တယ်။ သူလည်း ဒေါ်အောင်ဆန်းစုကြည်ကို မေးနေရှာတယ်။ဒေါ်​အောင်ဆန်းစုကြည်သတင်းနဲ့ ပတ်သက်လို့ တရားဝင်ဘာမှ မသိရသေးဘူးလို့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (NLD) ပါတီ​ပြော​ရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်က လူထုနွေဦးကို​ပြောပါတယ်။ “ ကျွန်တော်တို့လုံးဝကို မသိရသေးဘူး(ဒေါ်အောင်ဆန်းစုကြည်ကိစ္စ)ဘယ်မှာရောက်နေလဲ သတင်းအစ အနတောင်မရပါဘူး။နဂိုအနေအထားအတိုင်းပဲလို့ ယူဆရတယ်” လို့ ဦးမျိုးညွှန့်က ​ပြောပါတယ်။

NLD က တာဝန်ရှိသူတွေလည်း ပူပူလောင်လောင်ရာသီဥတုကြားထဲမှာပဲ နေပြည်တော်ပြေးလို​​​ပြေးရ၊ ထားနိုင်မယ့်နေရာတွေ ပတ်ကြည့်လိုကြည့်ရနဲ့ မထူးဘူးလို့ သိရတယ်။

နေဝင်သွားခဲ့ပြီ။ အမှောင်ထုက ကြီးစိုးသွားခဲ့ပြီ။ မျှော်နေကြတဲ့ ပြည်သူတွေလည်း စိတ်ပန်းပြီး ပျော့ခွေနေလောက်ပါပြီ။နေပြည်တော် တနေရာက အခန်းကျဥ်းလေးထဲမှာ လူထုခေါင်းဆောင်တစ်ယောက် ချွေးတစိုစိုနဲ့ တရားထိုင်ချင်ထိုင်နေပါလိမ့်မယ်။ ဒါမှမဟုတ် အခန်းကျဥ်းလေးထဲ လမ်းလျှောက်ရင်း တရားမှတ်နေပါလိမ့်မယ်။

မနက်ဖြန်မနက်လင်းလို့ သတင်းစာရောက်လာတဲ့အခါ သမ္မတကြီးလွတ်တဲ့သတင်းဖတ်မိသွားပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ အမြဲတမ်း သစ္စာရှိပြီး စာနာတတ်သူပါ။ သမ္မတဦးဝင်းမြင့်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့ မနက်အစောပိုင်းကတည်းက သူ့ကို ဖိအားပေး ခြိမ်းခြောက်မှုတွေကို ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့သူဖြစ်တာကြောင့် သူ့အပေါ်မှာ လေးစားမှုနဲ့ ခင်မင်မှု အပြည့်ရှိပါတယ်။ “ သမ္မတကြီး လွတ်သွားပြီ” ဆိုတာကို သိလိုက်ရတဲ့ အခိုက်အတန့်မှာ သူ့အတွက် အထိုက်အ​လျောက်စိတ်
သက်သာရာရ​စေနိုင်မယ့် သတင်းတစ်ခုဖြစ်​ကောင်း ဖြစ်မှာပါ။

​သမ္မတကြီးဟာလည်း အသက်အရွယ် ရလာသလို ကျန်းမာရေး သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာကြောင့် သူ့ရဲ့ လွတ်မြောက်မှုကနေတစ်ဆင့် ကောင်းမွန်တဲ့ ဆေးကုသမှုတွေ ရတော့မယ်ဆိုတာကို သိရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိတ်သက်သာရာ ရသွားပါလိမ့်မယ်။ မိမိထက် မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြည်သူတွေရဲ့ ဘေးကင်းမှုကို အမြဲရှေ့တန်းတင်တတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်အရ “ ငါ မလွတ်သေးပေမဲ့ သူလွတ်သွားတာ တော်သေးတယ်” ဆိုတဲ့ စိတ်မျိုးလည်း ဖြစ်နေမှာပါ။

​သူ့အတွက်တော့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတာမျိုးထက်၊ တစ်ယောက်ပြီး တစ်ယောက် လွတ်မြောက်လာခြင်းဟာ ပြည်သူတွေအတွက် အားဆေးတစ်ခု ဖြစ်မယ်ဆိုတာကို သူတွေးမိပါလိမ့်မယ်။ သူကိုယ်တိုင် အကျဉ်းစံနေရပေမဲ့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေ လွတ်မြောက်မှုကနေတစ်ဆင့် မျှော်လင့်ချက် အလင်းတန်းကို သူ မြင်နေမှာပါ။
​ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ် အလွန်ခိုင်မာသူ ဖြစ်တာကြောင့် “ သူလွတ်ပြီး ငါကျန်ခဲ့တယ်” ဆိုတဲ့ စိတ်ပျက်အားငယ်မှုမျိုးထက် “ ငါ့လူတွေ ဘေးကင်းသွားပြီ” ဆိုတဲ့ အေးချမ်းတဲ့ စိတ်နဲ့ပဲ မနက်ဖြန်ကို ဆက်ပြီး ရင်ဆိုင်သွားမှာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း သမ္မတကြီးဆီကနေတဆင့် သူ့ရဲ့ သတင်းကို မျှော်နေမယ့် ကျနော်တို့ ပြည်သူတွေအကြောင်းကို တွေးပြီးတော့လည်း စိတ်မကောင်း ဖြစ်နေနိုင်ပါသေးတယ်။

စစ်တပ်ကအသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ၄ နှစ်ခွဲပဲ​လျှော့​ပေးတယ်လို့ နိုင်ငံတကာသတင်းဌာ​န​တွေက​ဖော်ပြပါတယ်။ဒီသတင်း​တွေမှန်တယ်ဆိုရင်​တော့ ၂၃ နှစ်​လောက်ကျန်ရှိပါ​သေးတယ် ။စစ်တပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်ကတည်းက လူထု​ခေါင်း​ဆောင်ကို မတရားသဖြင့် ပုဒ်မ ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချထားပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ခြောက်နှစ်လျော့ပေးတဲ့အတွက် ၂၇ နှစ်ကျန်ရှိနေတာပါ။

လူထုခေါင်းဆောင်ဟာ အခန်းကျဉ်းလေးထဲမှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ မနက်ဖြန်တွေအတွက် ခွန်အားမွေးနေသလို၊ ပြည်သူတွေကလည်း မိမိတို့ယုံကြည်ရာ ခေါင်းဆောင်တွေနဲ့အတူ အဆုံးထိ လက်တွဲသွားကြဦးမှာပါ။ ဒီနေ့ညရဲ့ အမောတွေဟာ မနက်ဖြန်ရဲ့ အောင်ပွဲအတွက် အားမွေးခြင်းသာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ မျှော်လင့်ချက်ကို တားဆီးလို့ ရနိုင်မှာ မဟုတ်တာ သေချာပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။

သတင်း

ဧပြီ – ၁၇ ၊၂၀၂၆ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက် ပုံ တစ် ပုံလောက်ပဲ အာဏာသိမ်း စစ်တပ်က လျှော့ချပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့...

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမျိုးစုံထွက်​နေ​ပေမယ့် တရားဝင်သတင်း ဘာမှ မသိရ​သေးဘူးလို့ NLD ပါတီ​ပြော​ရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်က​ပြောကြားပါတယ်။

Facebook