Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာအပြစ်မှ မရှိကြောင်း ထရမ့်ပြော

ထရမ့်က စွဲချက်အားလုံးအတွက် ဘာအပြစ်မှ မရှိဘူးလို့ ခုခံ ပြောကြားခဲ့ပါတယ်။ သူ့ဘဝမှာ ကျူးလွန်ဖူးတာဆိုလို့ အမေရိကန်ကို ဖျက်ဆီးပစ်ဖို့ ကြံစည်နေသူတွေ လက်ထဲက ကယ်တင်ဖို့ ကြိုးစားခဲ့တာသာ ရှိတယ်လို့ အသက် ၇၆ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီးက ဆိုပါတယ်။

စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာအပြစ်မှ မရှိကြောင်း ထရမ့်ပြော
စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာအပြစ်မှ မရှိကြောင်း ထရမ့်ပြော

သူ့ကို တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ ငရဲကို ဦးတည်တဲ့ အခြေအနေ ရောက်နေပြီလို့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားသွားပါတယ်။

သူဟာ ၂၀၁၆ ခုနှစ်၊ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ မတိုင်ခင် စီးပွားရေး လုပ်ငန်းဆိုင်ရာ မှတ်တမ်းတွေကို လှည့်စားဖုံးကွယ် လိမ်လည်ခဲ့တယ်ဆိုတဲ့ စွဲချက် ၃၄ ခုအတွက် အခုသီတင်းပတ် အစောပိုင်းက နယူးယောက်မြို့၊ တရားရုံး တစ်ခုမှာ လျှောက်လဲခဲ့ရပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတရာထူး ထမ်းဆောင်ဖူးသူ တစ်ဦးက ရာဇဝတ်ကြောင်း စွပ်စွဲချက်အတွက် တရားရုံး ရောက်ရတာ ထရမ့်က ပထမဆုံး ဖြစ်လာပါတယ်။

ထရမ့် ရင်ဆိုင်ခဲ့ရတဲ့ စွဲချက်တွေထဲမှာ သမ္မတ မဖြစ်ခင် ပတ်သက် ဆက်နွှယ်ဖူးတဲ့ ညစ်ညမ်းရုပ်ရှင် မင်းသမီး တစ်ဦးကို အတွင်းရေးတွေ ထုတ်မပြောဖို့ နှုတ်ပိတ်ခ ပေးခဲ့တယ်ဆိုတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ တရားရုံးက အစိုးရ ရှေ့နေတွေအတွက် သက်သေ စုဆောင်းချိန် ၃၅ ရက်၊ ထရမ့်ရဲ့ ရှေ့နေ အဖွဲ့အတွက် စွဲချက်ကို ပယ်ဖျက်နိုင်အောင် လျှောက်လဲပိုင်ခွင့်အတွက် ၄၅ ရက် ခွင့်ပြုပေးထားပါတယ်။ အဲဒီအဆင့်မှာ အမှုကို ပလပ်မလား၊ ဒါမှမဟုတ် စွဲချက်တင် စစ်ဆေးမလား ဆိုတာကို ဆက်လက် ဆုံးဖြတ်မှာဖြစ်ပြီး စွဲချက်တင်ခံရမယ် ဆိုရင်တော့ ပြစ်ဒဏ် စီရင်ချက် ချမှတ်ခံရတဲ့ အခြေအနေမျိုးထိ ရောက်ရှိကောင်း ရောက်ရှိသွားနိုင်ပါတယ်။

ထရမ့်က စွဲချက်အားလုံးအတွက် ဘာအပြစ်မှ မရှိဘူးလို့ ခုခံ ပြောကြားခဲ့ပါတယ်။ သူ့ဘဝမှာ ကျူးလွန်ဖူးတာဆိုလို့ အမေရိကန်ကို ဖျက်ဆီးပစ်ဖို့ ကြံစည်နေသူတွေ လက်ထဲက ကယ်တင်ဖို့ ကြိုးစားခဲ့တာသာ ရှိတယ်လို့ အသက် ၇၆ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီးက ဆိုပါတယ်။

သူ့ကို အခုလို မလျော်မကန် စွဲချက်မျိုးနဲ့ အမှုဆင်ဖို့ ကြိုးစားလာတာကို ကြည့်ရင် အမေရိကန်ရဲ့ လမ်းကြောင်းက ငရဲဆီ ဦးတည်နေပြီလို့လည်း တရားရုံး ကနဦး လျှောက်လဲချက် အပြီး မိန့်ခွန်းမှာ ထရမ့်က ပြောကြားသွားပါတယ်။

သူက ညစ်ညမ်း ရုပ်ရှင် မင်းသမီးဟောင်း စထရွမ်မီ ဒန်နီရယ်လ်ကို နှုတ်ပိတ်ခ ပေးခဲ့တယ်ဆိုတဲ့ ကိစ္စ အပါအဝင် စွပ်စွဲချက်တွေ လာမယ့်နှစ် ရွေးကောက်ပွဲ မတိုင်ခင် အာဏာရ ဒီမိုကရက် ပါတီက နိုင်ငံရေးအရ ထိုးနှက်တဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အရေးနိမ့်ပြီး သမ္မတ ရာထူး လက်လွှတ်ခဲ့ရတဲ့ ထရမ့်ဟာ ၂၀၂၄ မှာ တကျော့ပြန် ယှဉ်ပြိုင်မယ်လို့ ကြေညာထားပြီးသားပါ။

ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့ မလျော်မကန် ကြိုးစားခဲ့တယ် ဆိုတာရယ်၊ အမေရိကန် လွှတ်တော်ကို လက်ယာစွန်း အင်အားစုတွေ စီးနင်းတိုက်ခိုက်မှုမှာ နောက်ကွယ်က သွေးထိုး မြှောက်ပင့်ခဲ့တယ် ဆိုတာရယ်၊ အိမ်ဖြူတော်က ထွက်ခွာရချိန်မှာ လျှို့ဝှက် စာရွက်စာတမ်းတွေကို စည်းလွတ်ဝါးလွတ် ကိုင်တွယ်ခဲ့တယ် ဆိုတာရယ် သီးခြား စုံစမ်း စစ်ဆေးမှု ၃ ခုအတွက်လည်း ခေါင်းခဲနေရဆဲ ဖြစ်ပါတယ်။