Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တောင်အာဖရိကမှာ လေယာဉ်မှူး အခန်းထဲ မြွေဟောက် ဝင်ခွေနေလို့ လေယာဉ် အရေးပေါ်ဆင်းသက်

လေယာဉ်မှူးတွေဟာ အရေးပေါ် အခြေအနေ အမျိုးမျိုးအတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်ထားလေ့ ရှိပေမယ့် လေယာဉ်မှူး အခန်းထဲ မြွေဝင်ခွေနေတဲ့ ကိစ္စမျိုး အတွက်တော့ ဘာမှ ကြိုတွေးမထားမိဘူးလို့ သူက ပြောပါတယ်။ လေယာဉ်ဟာ ဝယ်လ်ကွမ်မြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ပြီးနောက် ကျွမ်းကျင်သူတွေကို မြွေကို ဖမ်းဆီး ဖယ်ရှားခဲ့ပါတယ်။

တောင်အာဖရိကမှာ လေယာဉ်မှူး အခန်းထဲ မြွေဟောက် ဝင်ခွေနေလို့ လေယာဉ် အရေးပေါ်ဆင်းသက်
တောင်အာဖရိကမှာ လေယာဉ်မှူး အခန်းထဲ မြွေဟောက် ဝင်ခွေနေလို့ လေယာဉ် အရေးပေါ်ဆင်းသက်

တောင်အာဖရိက နိုင်ငံမှာ ပုဂ္ဂလိက စင်းလုံးငှား လေယာဉ်တစ်စီးဟာ မြွေဟောက် ပါလာလို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

အမြင့်ပေ ၁၁၀၀၀ ကျော်မှာ ပျံသန်းနေတဲ့ အချိန်ထိ လေယာဉ်မှူး ရူးဒေါ့ဖ် အီရက်စ်မက်စ်ဟာ သူ့လေယာဉ်ပေါ်မှာ ခရီးသည်အပို ပါလာမှန်း မသိခဲ့ပါဘူး။ အဲဒီ ခရီးသည်ဟာ လူမဟုတ်ဘဲ အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင် ဖြစ်တယ်ဆိုတာ သတိပြုသွားမိတဲ့အချိန် ကျောချမ်းပြီး တစ်ကိုယ်လုံး အေးစက်သွားခဲ့တယ်လို့ အီရက်စ် မက်စ်က ပြောပါတယ်။

အခု သီတင်းပတ် အစောပိုင်းက ဖြစ်စဉ်မှာ သူဟာ စိတ်ကို တည်တည်ငြိမ်ငြိမ် ပြန်လည် စုစည်းပြီး လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။ သူဟာ ခရီးသည် လေးဦးအပြင် မြွေကိုပါ တင်ဆောင်ပြီး ဘိုလမ်ဖိုတိန်ကနေ ပရီတိုရိယကို ဦးတည် ပျံသန်းနေခဲ့တာ ဖြစ်ပါတယ်။

Beechcraft Baron 58 လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ မြွေဟာ ကိပ်ကော်ဘရာ အမျိုးအစား ဒေသခံ မြွေဟောက်မျိုးစိတ်ဖြစ်ပြီး အဆိပ်ပြင်းပါတယ်။ အဲဒီမြွေက အဆိပ်အပြည့် ညှစ်ထုတ်ပြီး ပေါက်လိုက်မယ်ဆိုရင် လူတစ်ဦးဟာ ဖြေဆေးမရရင် မိနစ် ၃၀ အတွင်း သေဆုံးနိုင်ပါတယ်။

သူက လေယာဉ် ခေါင်းခန်းထဲမှာ မြွေတစ်ကောင် ရှိနေကြောင်း၊ ထိတ်ထိတ်ပြာပြာ မဖြစ်ကြဘဲ ငြိမ်ငြိမ်နေဖို့ အကြံပြုလိုကြောင်း ခရီးသည်တွေကို လှမ်းပြောပြီး လေယာဉ်ကို နီးရာလေဆိပ်မှာ ဆင်းသက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်လို့ နောက်ခန်းထဲက ခရီးသည်တွေ ပြာယာခတ်ရင် မြွေကို ဆွသလိုဖြစ်ပြီး နောက်ခန်းထဲ ဝင်သွားမှာကို အရမ်း စိုးရိမ်မိခဲ့တယ်လို့ အီရက်စ်မက်စ်က ဆိုပါတယ်။ ဒါပေမဲ့ ခရီးသည်တွေကလည်း ကြောက်စိတ်နဲ့ အပ်ကျသံ မကြားအောင် တိတ်ဆိတ်နေခဲ့ပါတယ်။

လေယာဉ်မှူးတွေဟာ အရေးပေါ် အခြေအနေ အမျိုးမျိုးအတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်ထားလေ့ ရှိပေမယ့် လေယာဉ်မှူး အခန်းထဲ မြွေဝင်ခွေနေတဲ့ ကိစ္စမျိုး အတွက်တော့ ဘာမှ ကြိုတွေးမထားမိဘူးလို့ သူက ပြောပါတယ်။ လေယာဉ်ဟာ ဝယ်လ်ကွမ်မြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ပြီးနောက် ကျွမ်းကျင်သူတွေကို မြွေကို ဖမ်းဆီး ဖယ်ရှားခဲ့ပါတယ်။

တောင်အာဖရိက အရပ်ဖက် လေကြောင်း ပျံသန်းရေးဌာန အကြီးအကဲ ပေါ်ပီ ခိုဆာက အခုလို အခြေအနေမျိုးမှာ အတည်ငြိမ်ဆုံး တုံ့ပြန်ခဲ့တဲ့ လေယာဉ်မှူးကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ မြွေက လေယာဉ်မှူး အခန်းထဲ ဘယ်လို ရောက်နေသလဲ ဆိုတာကတော့ ပဟေဠိ ဆန်နေဆဲပါ။ အစောပိုင်းက လေယာဉ် ပျံမတက်ခင် အနားတဝိုက်မှာ မြွေဟောက်တစ်ကောင်ကို တွေ့လို့ မြေပြင် ဝန်ထမ်းတွေက ခြောက်လှန့် မောင်းထုတ်ခဲ့ပြီး အဲဒီ တွားသွားသတ္တဝါက အီရက်စ်မက်စ်နားထိ ရောက်နေတဲ့ မြွေပဲလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။