Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Wagner ခေါင်းဆောင်ဟာ ရုရှားကို သွေးချောင်းစီး ပဋိပက္ခထဲ တွန်းပို့ဖို့ အားထုတ်ခဲ့တာလို့ ပူတင်စွပ်စွဲ

Wagnerတပ်တွေရဲ့ ပုန်ကန်မှု စတင်ပြီး ၂၄ နာရီလောက် အကြာမှာတော့ သူက ရုရှားမှာ သွေးမြေကျ ဖြစ်ရပ်တွေကို ရှောင်လွှဲဖို့အတွက် အစီအစဉ်ကို ဖျက်သိမ်းပြီး သူ့တပ်တွေကိုလည်း ယူကရိန်းက စစ်တန်းလျားတွေဆီ ပြန်လည် ထွက်ခွာစေမယ်လို့ ကြေညာခဲ့ပါတယ်။

Wagner ခေါင်းဆောင်ဟာ ရုရှားကို သွေးချောင်းစီး ပဋိပက္ခထဲ တွန်းပို့ဖို့ အားထုတ်ခဲ့တာလို့ ပူတင်စွပ်စွဲ
Wagner ခေါင်းဆောင်ဟာ ရုရှားကို သွေးချောင်းစီး ပဋိပက္ခထဲ တွန်းပို့ဖို့ အားထုတ်ခဲ့တာလို့ ပူတင်စွပ်စွဲ

Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်ရဲ့ လုပ်ရပ်ဟာ ရုရှားနိုင်ငံကို သွေးချောင်းစီး ပဋိပက္ခတွေထဲ နစ်မွန်းအောင် တွန်းပို့ခဲ့တဲ့ သဘောမျိုးလို့ သမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က Wagner အဖွဲ့ရဲ့ ၂၄ နာရီကြာ ပုန်ကန်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဇွန် ၂၆ ရက်မှာ ပူတင်က ခပ်တိုတို မိန့်ခွန်း ပြောကြားခဲ့တဲ့နောက် Wagner ခေါင်းဆောင် ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်ကို အခုလို တင်းတင်းမာမာ စွပ်စွဲသွားခဲ့တာပါ။ ပရစ်ဂေါ့ဇင်ဟာ ပူတင်ရဲ့ မဟာမိတ်ဟောင်း ဖြစ်ခဲ့ဖူးပေမယ့် Wagnerရဲ့ အုံကြွမှု အပြီးမှာတော့ ပူတင်က သူ့ကို သစ္စာဖောက် တစ်ဦးအဖြစ် အတိအလင်း စွပ်စွဲခဲ့ဖူးပါတယ်။

ပူတင်က ရုရှားကို သွေးချောင်းစီး ပဋိပက္ခတွေထဲ တွန်းပို့ခဲ့တဲ့ ပုန်ကန်မှုကို ကြိုးကိုင် ဦးဆောင်သူတွေဟာ တရားမျှတမှုအတွက် ပေးဆပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Wagner အဖွဲ့သားတွေကိုတော့ ရုရှားအတွက် တိုက်ပွဲဝင်ပေးနေတဲ့ မျိုးချစ်စစ်သည်တွေလို့ ချီးကျူးခဲ့ပြီး ရုရှားမှာဖြစ်စေ၊ ဘီလားရုစ် နိုင်ငံမှာဖြစ်စေ ဆန္ဒရှိသလို စစ်မှုထမ်းနိုင်အောင် စီစဉ်ပေးသွားမယ်လို့ ပူတင်က ဆိုပါတယ်။

မိန့်ခွန်းထဲမှာတော့ ပူတင်က ပရစ်ဂေါ့ဇင်ရဲ့ နာမည်ကိုတောင် တိုက်ရိုက် ရည်ညွှန်း သုံးနှုန်း မသွားခဲ့ပါဘူး။ ပူတင်ရဲ့ မိန့်ခွန်း မထုတ်ပြန်ခင် နာရီပိုင်း အလိုမှာ ပရစ်ဂေါ့ဇင်က သူနဲ့ Wagner တပ်တွေဟာ ရုရှား စစ်ဦးစီးတွေရဲ့ မတရား လုပ်ဆောင်မှုတွေအပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့ သဘောနဲ့ မော်စကို မြို့တော်ဆီ ချီတက်ခဲ့တာသာဖြစ်ပြီး ပူတင်ရဲ့ အစိုးရကို ဖြုတ်ချ ဖယ်ရှားဖို့ လုံးဝ အစီအစဉ် မရှိခဲ့ဘူးလို့ ဖြေရှင်းထားပါတယ်။

Wagnerတပ်တွေ ပုန်ကန်ပြီး ရုရှားနိုင်ငံရဲ့ မြို့တော်ဆီ ဦးတည် ချီတက်ခဲ့တယ် ဆိုတာက ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှား စစ်ဦးစီးတွေရဲ့ မှားယွင်းမှုတွေကို ဟန့်တားဖို့သာဖြစ်ကြောင်း၊ အဲဒီလို တုံ့ပြန်မှုမျိုးကိုလည်း ရုရှား ပြည်သူတွေက လိုလားနေကြောင်း ပရစ်ဂေါ့ဇင်က အကြောင်းပြပါတယ်။

Wagnerတပ်တွေရဲ့ ပုန်ကန်မှု စတင်ပြီး ၂၄ နာရီလောက် အကြာမှာတော့ သူက ရုရှားမှာ သွေးမြေကျ ဖြစ်ရပ်တွေကို ရှောင်လွှဲဖို့အတွက် အစီအစဉ်ကို ဖျက်သိမ်းပြီး သူ့တပ်တွေကိုလည်း ယူကရိန်းက စစ်တန်းလျားတွေဆီ ပြန်လည် ထွက်ခွာစေမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီလို ရှုပ်ထွေးမှုတွေကို ရုရှားအစိုးရနဲ့ Wagnerတို့ကြား လျင်လျင်မြန်မြန် ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့တဲ့တိုင် ပူတင် အတွက်တော့ သူအုပ်စိုးတဲ့ ၂၃ နှစ်တာ ကာလအတွင်း နိုင်ငံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် Wagnerတွေက နိုင်ငံတောင်ပိုင်း နယ်နိမိတ်ကို ဖြတ်ကျော် ချီတက်လာချိန်မှာ အချက်အချာ မြို့တစ်မြို့ဖြစ်တဲ့ ရော့စ်တော့ဗ်ကို ခပ်လွယ်လွယ်နဲ့ ထိန်းချုပ်ပြခဲ့ခြင်းကလည်း ရုရှား အာဏာပိုင်တွေအတွက် အကြီးအကျယ် သိက္ခာကျစေခဲ့ပါတယ်။

ပူတင်နဲ့ ပရီဂေါ့ဇင်တို့ကြား အကွဲအပြဲဟာ ရုရှားရဲ့ ထိပ်ပိုင်း စီမံအုပ်ချုပ်မှု ကဏ္ဍမှာ အက်ကြောင်းတွေ ပေါ်နေတယ် ဆိုတာကို မြင်သာလာစေခဲ့ပါတယ်။ လေ့လာသူတွေကတော့ အခုလို ပုန်ကန်မှုကြီး ပေါ်ပေါက်လာခဲ့တဲ့တိုင် ရုရှားဟာ ယူကရိန်း စစ်ပွဲအတွက် Wagnerတွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို အရေးတကြီး လိုအပ်နေဆဲလို့ သုံးသပ်ထားကြပါတယ်။