Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပိုင်ဆိုင်မှုလွှဲပြောင်းပေးရန် စစ်ကောင်စီခြိမ်းခြောက်ခြင်းကြောင့် မြန်မာပြည်မှထွက်ခွာဖြင်းဖြစ်​ကြောင်း Pact Myanmar ရှင်းလင်း

Pact Myanmarအဖြစ်၁၉၉၇ခုနှစ်တွင် UNDP၏ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်စတင်ဖြင့်ဝင်ရောက်လာခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် အသေးစားချေးငွေလုပ်ငန်းအဖြစ်ပြောင်းလည်း၍ ကျေးလက်ဒေသကို အတိုးနည်းချေးငွေများ ထုတ်ချေးပေးနေခြင်းဖြစ်သည်။

(Pact Myanmar က အမျိုးသမီးများကို အ​သေးစား​ချေး​ငွေ ထုတ်​ပေး​နေစဥ်။ဓါတ်ပုံ-Pact Myanmar)
(Pact Myanmar က အမျိုးသမီးများကို အ​သေးစား​ချေး​ငွေ ထုတ်​ပေး​နေစဥ်။ဓါတ်ပုံ-Pact Myanmar)

▪︎Pact Myanmar က မြန်မာပြည်သူ ၈၉၀၀၀ ဦးထံ​ချေး​ပေးထား​​သော ဒေါ်လာ ၁၅၆သန်း​ကျော်ဖိုးရှိ​ချေး​ငွေများကို ပြန်မ​တောင်း​တော့ဘဲ ​လျှော်​ပေး

မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့်သက်တမ်းအရင့်ဆုံး အသေးစားငွေချေးလုပ်ငန်း Pact Myanmar၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရန် စစ်ကောင်စီက ဖိအားပေးခဲ့​​သောကြောင့် မြန်မာပြည်ကထွက်ခွာရခြင်းဖြစ်သည်ဟု .PGMF -Pact Global Microfinance Fundကုမ္ပဏီက ယနေ့ တရားဝင်သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီက Pact Myanmar ၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရန် တောင်းဆိုသည့် ဥပဒေအသစ်များကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လုပ်ရန် မဖြစ်နိုင်တော့ကြောင်းနှင့် ထို​ကြောင့် ​ငွေ​ချေးထားသူ ၈၉၀,၀၀၀ ထံချေး​ပေးပေးထားသည့် ဒေါ်လာ ၁၅၆ သန်းကျော်တန်ဖိုးရှိ​ချေး​​ငွေများကိုလည်းပြန်မ​တောင်း​တော့ဘဲ လျှော်ပစ်ပြီးနောက် လုပ်ငန်းပိတ်သိမ်းတော့မည်ဟု ​ဖော်ပြထားသည်။

“ကျွန်မတို့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်တည်းက ချေးငှားသူနဲ့ ငွေစုသူ သိန်းပေါင်းများစွာအတွက် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကို ခွင့်ပြုဖို့ မြန်မာအစိုးရ (စစ်ကောင်စီ)ကို နားချခဲ့ပါတယ်။ ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် အစိုးရ (စစ်ကောင်စီ)က နိုင်ငံကနေ ထွက်ရင်ထွက် ဒါမှမဟုတ် တရားမဝင် လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့ပါတယ်” ဟု PGMF၏ ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney ကပြောကြားသည်။

PGMF၏ အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုအားလုံးကို စစ်ကောင်စီထံလွှဲပြောင်းပေးရန် သဘောမတူညီပါက အသေးစားငွေချေး လုပ်ငန်းအဖြစ် မှတ်ပုံတင်မပေးနိုင်ကြောင်း စစ်ကောင်စီက အကျပ်ကိုင်ခဲ့သည်ဟုလည်း သိရသည်။ထိုတောင်းဆိုမှုသည် အမေရိကန်အစိုးရ၏ပိတ်ဆို့အရေးယူမှု ဥပဒေကို ချိုးဖောက်မှုဖြစ်လာနိုင်သည့် အချက်အပါအဝင်အကြောင်းအရင်များစွာကြောင့် လိုက်နာရန်မဖြစ်နိုင်ကြောင်း PGMFကအသိ​ပေးသည်။

ထိုအပြင် ၂၀၂၂မှစတင်ပြီး ချေးငွေအသစ်များ ထပ်မပေးရန် စစ်ကောင်စီက ပိတ်ပင်ခဲ့ခြင်း ၊PGMF၏ ဝန်ထမ်းအကြီးအကဲများကိုလည်း ဗီဇာများ ပယ်ချခဲ့ခြင်း ၊နိုင်ငံခြားငွေလဲလှယ်ခြင်းကို တင်းကျပ်စွာ ချုပ်ကိုင်ခြင်း၊ ငွေဝင်ငွေထွက်များကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပိတ်ပင်ခြင်း နှင့် နိုင်ငံခြားချေးငွေများကို ပြန်လည်ငွေပေးချေမှု ပြုလုပ်ခွင့်မပေးခြင်းစသည့်တို့ကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်ဟုလည်းရှင်းလင်းထားသည်။

“အသေးစားငွေချေး အဖွဲ့အစည်းများကို မည်သည့်နိုင်ငံခြားချေးငွေတွင်မျှ အရေးပါသော ငွေပေးချေမှုများ ပြုလုပ်ခွင့်မပေးတော့ပါ။ ကျွန်ုပ်တို့၏ မြီရှင်များကို ပြန်လည်ပေးအပ်ရန် ငွေကြေးများကို ဖယ်ထားပြီးဖြစ်ကာ ထိုပြန်လည်ပေးအပ်မှုများကို ခွင့်ပြုရန်မှာ မြန်မာအာဏာပိုင်များပေါ်တွင် မူတည်ပါသည်”ဟု Pact Myanmar ကဲ့သို့ INGO များကို နိူင်ငံခြားနှင့် ​ငွေဝင် ၊​ငွေထွက် ပြုလုပ်ခွင့်ကိုစစ်​ကောင်စီကပိတ်ပင်ထားသည်ကို လည်းရှင်းလင်း​ဖော်ပြထားသည်။

ထိုအပြင်စစ်ကောင်စီက ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် မှတ်ပုံတင်ခြင်းဥပဒေတွင် ၎င်းတို့အမိန့်များကို မလိုက်နာသည့် အဖွဲ့အစည်းများကို ထောင်ဒဏ်အပါအဝင် ရာဇဝတ်မှုပြစ်ဒဏ်များ ချမှတ်နိုင်သည်ဟုသိရသည်။အစိုးရမဟုတ်သည့် Pact Myanmar ကဲ့သို့ အဖွဲ့များ အ​နေဖြင့် ပြည်သူများကို အသေးစားချေးငွေများ မပေးရန်အထိ စစ်​ကောင်စီကပိတ်ပင်ထားသည်ဟုလည်းသိရသည်။

Pact Myanmar သည် နိုင်ငံတကာအစိုးရမဟုတ်​သောအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၅ နှစ်တိုင် လည်ပတ်လုပ်ကိုင်ခဲ့ပြီး ကျေးရွာပေါင်း ၁၅,၀၀၀ခန့်တွင် လူပေါင်း ၂ ဒသမ ၃သန်းကို ချေးငွေဝန်ဆောင်မှုများပေးခဲ့ပြီး ထိုထဲတွင် ၉၉ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။ ထိုပမာဏသည် မြန်မာနိုင်ငံတွင်ရှိသည်အိမ်ထောင်စု ၁၀စုတွင်တစ်စုဖြစ်သည်။

Pact Myanmarအဖြစ်၁၉၉၇ခုနှစ်တွင် UNDP၏ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်စတင်ဖြင့်ဝင်ရောက်လာခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် အသေးစားချေးငွေလုပ်ငန်းအဖြစ်ပြောင်းလည်း၍ ကျေးလက်ဒေသကို အတိုးနည်းချေးငွေများ ထုတ်ချေးပေးနေခြင်းဖြစ်သည်။

အဖွဲ့အစည်းမှဝန်ထမ်းများ၏ အလုပ်ကြိုးစားမှုနှင့် နှစ်မြှုပ်အားထုတ်မှုကို အသိအမှတ်ပြုသည့်အနေနှင့် စီမံခန့်ခွဲမှုအဖွဲ့ကမြန်မာနိုင်ငံရှိ PGMF ဝန်ထမ်းများကိုအပိုခံစားခွင့်များအပါအဝင် လစာနှင့် အခြားခံစားခွင့်များကို ကြိုတင်ပေးအပ်ခဲ့သည်ဟုလည်းသိရသည်။

PGMF၏စီမံခန့်ခွဲမှု ဥက္ကဌ Fahmid Bhuiyaက “ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကိုယ်စား ကျွန်တော်တို့ရဲ့ ‌ဖောက်သည်တွေ၊ စီးပွားဖက်တွေ၊ ငွေချေးပေးသူတွေနဲ့ အလုပ်ကြိုးစားတဲ့ PGMFရဲ့ ဝန်ထမ်းမိသားစုကို သူတို့ရဲ့ ထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အခြေအနေများ ခွင့်ပြုခဲ့ရင် ဒီလုပ်ငန်းခွင်ထဲကို ပြန်ရောက်လာနိုင်ဖို့ အသင့်ပြင်ဆင်ထားရှိပါတယ်”ဟု​ပြောသည်။

“ဝန်ထမ်းတွေအတွက် စိတ်မကောင်းပေမဲ့ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ။လုပ်ပေးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ပြည်သူတစ်ဦးက Pact Myanmar ထွက်ခွာသွားခြင်းနှင့်ပတ်သပ်၍ပြောသည်။