Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူးယစ်ဆေးဝါးများကို စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်များရှိရာနယ်မြေ၌ အများဆုံးဖမ်းမိဟု TNLA ပြော

TNLA လှုပ်ရှားသည့်နယ်မြေအတွင်း ၂၀၁၂က စပြီး မူးယစ်ဆေးဝါးတိုက်ဖျက်မှု အရှိန်မြှင့်လုပ်ဆောင်လာရာ လှုပ်ရှားနယ်မြေအတွင်း တစ်နှစ်ထက် တစ်နေ့ မူးယစ်ဆေးသုံးသူ ရောင်းဝယ်သူ လျော့နည်းလာကြောင်း ၎င်းက ပြောပြသည်။

(ယမန်နေ့(ဇွန် ၂၆ရက်)က ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့၌ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - TNLA)
(ယမန်နေ့(ဇွန် ၂၆ရက်)က ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့၌ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - TNLA)

“ပြည်သူ့စစ်ရယ် ဒီစကစလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းရှိတဲ့နေရာက မှောင်ခိုပစ္စည်းနဲ့ မူးယစ်ဆေးဝါးက ဘယ်နေရာဖြစ်ဖြစ် အပေါဆုံးဖြစ်တာပေါ့”

စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပေါ်၌ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူ ပိုများလာသကဲ့သို့ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အခြေအနေမှာလည်း စစ်ကောင်စီတပ်နှင့် ရဲစခန်းများရှိရာနယ်မြေများ၌ အများဆုံးဖမ်းမိသည်ဟု တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကပြောကြားသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ၅နှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ရာ မူးယစ်ဆေးဝါးဖမ်းဆီးရှိခဲ့မှု အခြေအနေနှင့်ပတ်သက်ပြီး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ထိုသို့ပြောဆိုခြင်းဖြစ်သည်။

“အများစုဖမ်းမိတာကတော့ နယ်စပ်ပေါ့နော်။ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်ဘက်အများဆုံးဖြစ်တယ်။ ကျန်တဲ့ဟာလည်း ကျနောတို့ လှုပ်ရှားတဲ့ နေရာဒေသတွေမှာဖမ်းမိတာတွေလည်းပါပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ၎င်းနှင့်မ​ဆွေး​နွေးဘဲ ​NUG နှင့် PDF များကိုကူညီ​​နေသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုအကျိုးအမြတ်ကြီးသည့် မူးယစ်ဆေးဝါးကို မစွန့်လွှတ်နိုင်၍ လက်နက်ကိုင်တိုက်ခိုက်မှုများဆက်ရှိနေကြောင်း စွပ်စွဲပြောဆိုထားသည်။ ထိုသို့ပြောဆိုခြင်းသည် စစ်ကောင်စီအနေဖြင့် နိုင်ငံရေး၊ စစ်ရေးကိစ္စများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးကို အကြောင်းပြ စွပ်စွဲလေ့ရှိကြောင်း ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

“ကျနော်တို့ဘက်က ပြန်ကြည့်ရင်လည်း မူးယစ်ဆေးဝါးက မြို့ပတ်ဝန်းကျင်တွေမှာ ပေါတာပေါ့။ အထူးသဖြင့်စစ်တပ်တို့ ရဲစခန်းတို့ရှိတဲ့နားမှာဆိုရင်ကျနော်တို့ဖမ်းမိတာ။အကုန်လုံးပြန်ကြည့်မယ်ဆိုရင် ပြည်သူ့စစ်ရယ် ဒီစကစ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်း ရှိတဲ့နေရာက မှောင်ခို ပစ္စည်းနဲ့ မူးယစ်ဆေးဝါးက ဘယ်နေရာဖြစ်ဖြစ် အပေါဆုံးဖြစ်တာပေါ့”ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

TNLA လှုပ်ရှားသည့်နယ်မြေအတွင်း ၂၀၁၂က စပြီး မူးယစ်ဆေးဝါးတိုက်ဖျက်မှု အရှိန်မြှင့်လုပ်ဆောင်လာရာ လှုပ်ရှားနယ်မြေအတွင်း တစ်နှစ်ထက် တစ်နေ့ မူးယစ်ဆေးသုံးသူ ရောင်းဝယ်သူ လျော့နည်းလာကြောင်း ၎င်းက ပြောပြသည်။

“မြို့ပေါ်(စစ်ကောင်စီတပ်နှင့်ရဲ ရှိရာဒေသ)မှာကတော့ အာဏာမသိမ်းမှီနဲ့သိမ်းပြီးနောက်ပိုင်းကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူ ရောင်းဝယ်တဲ့သူက ဒီနှစ်အတွင်းမှာ ပိုများလာတယ်လို့ကျနော်တို့ သိရတယ်” ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

TNLA အနေဖြင့် ယမန်နေ့(ဇွန် ၂၆ရက်)က ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက် ရေးနေ့၌ ၂၀၁၈မှ ယခုနှစ် ဇွန်လတတိယပတ်အတွင်း ဖမ်းဆီးရရှိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပသည့် အဆိုပါ အခမ်းအနားကို ပြည်သူလူထုများ၏ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၅နှစ်တာကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် ကျပ်သိန်း ကိုး ထောင်ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဘိန်းစိမ်း၊ ဘိန်းဖြူ၊ ယာမ၊ ခါခူး စသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် (၅)နှစ်ကျော်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၂,၅၄၆ ဦး၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၅,၁၀၀ ဦး စုစုပေါင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၇,၆၄၆ ဦးတို့ကို မူးယစ်ဆေးဖြတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

TNLA အနေဖြင့် ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇ ခုနှစ်များ၌လည်း မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ဖူးသည်ဟု ဆိုသည်။