Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရှောင်ပြည်သူများ ထိရောက်စွာကူညီရေး လွှတ်တော်ကော်မတီနှင့် ဘေးစီမံဝန်ကြီးဌာန ဆွေးနွေး

စစ်ရှောင်စခန်းများတွင် အရေးပေါ်လိုအပ်နေသည့် ဆေးဝါးနှင့်စားနပ်ရိက္ခာများ ပံ့ပိုးပေးနိုင်ရေး၊ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်နိုင်ရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား ဇွန်လဆန်းပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား ဇွန်လဆန်းပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️အရံရိက္ခာ သိုလောင်ထားမှု၊ လေကြောင်းနှင့် လက်နက်ကြီးရန်ကာကွယ်ရေး၊ အရပ်သားထိခိုက်မှု လျှော့ချရေးဆိုင်ရာများ ဆွေးနွေး

စစ်ဘေးရှောင်ပြည်သူများအား ထိရောက်စွာ ကူညီထောက်ပံ့နိုင်ရေးအတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် နေ့စဉ်နှင့်အမျှများပြားလာသည့် စစ်ဘေးရှောင်ပြည်သူများအား ထိရောက်သော ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေး၊ ရှေ့ဆက် ချိတ်ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ တို့နှင့်ပတ်သက်ပြီး ဇွန်လ ၂၆ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ ဆွေးနွေးရာ၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်တိုက်ခိုက်ရေး တစ်နှစ်စီမံချက်အရ အရံရိက္ခာ သိုလှောင်ထားရှိမှုများ၊ စာသင်ကျောင်းနှင့် စစ်ဘေးရှောင်စခန်းများတွင် လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများတူးဖော်ထားရှိမှု၊ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များအား ယာယီတဲပြန်လည်တည်ဆောက်ပေးခြင်းများ တို့ကို ဝန်ကြီးဌာနဘက်က ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် မိုခါမုန်တိုင်းအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် အရေးပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုများ၊ ဘေးအန္တရာယ် အသိပညာပေးရေး အစီအစဉ်အတွက် ဆောင်ရွက်နေမှုများကို ဝန်ကြီးဌာနဘက်က ရှင်းလင်းခဲ့သည်ဟုဆိုသည်။

လွှတ်တော်ကော်မတီဝင်များကလည်း စစ်ဘေးရှောင် ပြည်သူများထဲတွင် ယခုအချိန်ထိ တစ်ကြိမ်မျှ ထောက်ပံ့မှုမရရှိသေးသော ပြည်သူများ၊ CDM ဝန်ထမ်းများအား ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

စစ်ရှောင်စခန်းများတွင် အရေးပေါ်လိုအပ်နေသည့် ဆေးဝါးနှင့်စားနပ်ရိက္ခာများ ပံ့ပိုးပေးနိုင်ရေး၊ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်နိုင်ရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။