Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းမှုတွေနဲ့ ဘေဂျင်းမြို့တော် ကြုံတွေ့ခဲ့

မိုးတွေ အရမ်းသည်းသည်းထန်ထန် ရွာတဲ့အခါ မြို့ထဲက ရေဆင်းစနစ်တွေ မနိုင်မနင်း ဖြစ်ကုန်ပြီး မြေနိမ့်ပိုင်း ဧရိယာ အတော်များများ ရေလွှမ်းကုန်ပါတယ်။ ပြီးတော့ မြေပြိုမှုတွေလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာပါတယ်။

နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းမှုတွေနဲ့ ဘေဂျင်းမြို့တော် ကြုံတွေ့ခဲ့
နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းမှုတွေနဲ့ ဘေဂျင်းမြို့တော် ကြုံတွေ့ခဲ့

တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းဟာ နှစ်ပေါင်း ၁၄၀ ကျော်လောက် ကာလအတွင်း အသည်းထန်ဆုံး မိုးရွာသွန်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတောင်ပိုင်းကနေ ကုန်းတွင်း ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း ဒေါ့ခ်ဆူရီဟာ ကုန်းမြေကို ဖြတ်သန်းချိန်မှာ လေတိုက်နှုန်း သိသိသာသာ လျော့သွားပေမယ့် ဘေဂျင်းနဲ့ တရုတ်နိုင်ငံ မြောက်ပိုင်း ဧရိယာတွေမှာ ကြောက်ခမန်းလိလိ မိုးရွာသွန်းမှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကနေ ဩဂုတ် ၃ ရက်နေ့ထိ ၄ ရက်တာအတွင်း ဘေဂျင်းမှာ မိုးရေချိန် ၇၄၄.၈ မီလီမီတာ ရွာသွန်းခဲ့တယ်လို့ မြို့တော် မိုးလေဝသ အေဂျင်စီက ကြေညာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်လောက်ထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ကာလတိုအတွင်း ဘေဂျင်းမှာ အဲဒီလောက် ဆိုးဆိုးရွားရွား မိုးရွာသွန်းမှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

မိုးတွေ အရမ်းသည်းသည်းထန်ထန် ရွာတဲ့အခါ မြို့ထဲက ရေဆင်းစနစ်တွေ မနိုင်မနင်း ဖြစ်ကုန်ပြီး မြေနိမ့်ပိုင်း ဧရိယာ အတော်များများ ရေလွှမ်းကုန်ပါတယ်။ ပြီးတော့ မြေပြိုမှုတွေလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေအရ ဘေဂျင်းမြို့ထဲက လမ်းမတွေဟာ ရွှံ့ရည်တွေ စီးဆင်းနေတဲ့ မြစ်ကြီးတွေအသွင် ပြောင်းသွားပြီး သစ်ပင်တွေ၊ ကားတွေ၊ ဓာတ်တိုင်တွေနဲ့ တခြား အပျက်အစီးတွေ မျောပါကုန်တာကို တွေ့ရပါတယ်။

ဩဂုတ် ၂ ရက်ထိ အခြေအနေအရ ဘေဂျင်းမှာ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် သေဆုံးသူ ၂၁ ဦးထိ ရှိလာပြီး နောက်ထပ် ၂၆ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ မြို့အနှံ့က ရေကြီးရေလျှံနေတဲ့ နေရာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ ဆောင်ရွက်နေရပါတယ်။ တချို့ အဆက်အသွယ် ပြတ်တောက်နေတဲ့ ရပ်ကွက်တွေမှာ ပိတ်မိနေသူတွေ ဘယ်လောက် ရှိသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

တရုတ်နိုင်ငံဟာ ဒေါ့ခ်ဆူရီနဲ့ ကြုံတွေ့ပြီး ရက်ပိုင်း အကြာမှာပဲ နောက်ထပ် တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေနဲ့ပါ ကြုံနေရပါတယ်။ ဂျပန်ကို ဖြတ်ကျော်လာတဲ့နောက် တိုင်ဖွန်း ခါနွန်ဟာ တရုတ် ကမ်းရိုးတန်းဆီ ဦးတည်နေပြီး အခု သီတင်းပတ်ကုန်လောက်မှာ ကုန်းတွင်း ဝင်ရောက်ဖွယ် ရှိနေပါတယ်။ အဲဒီ တိုင်ဖွန်းရဲ့ လက်ရှိ လေတိုက်နှုန်းက တနာရီကို ကီလိုမီတာ ၁၈၀ လောက်ထိ ပြင်းထန်နေတယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။