Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လွှတ်တော် စီးနင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထရမ့်ကို စွဲချက်တင်

ထရမ့်ဟာ လွှတ်တော်က ဆူပူအုံကြွမှုနဲ့ ပတ်သက်လို့ အောက်လွှတ်တော်မှာလည်း စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်း ခံခဲ့ရတာကြောင့် အမေရိကန် နိုင်ငံသမိုင်းမှာ အဲဒီလို စွပ်စွဲ ပြစ်တင်မှုမျိုး နှစ်ကြိမ်တိုင် ရင်ဆိုင်ရတဲ့ ပထမဆုံး သမ္မတ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။

လွှတ်တော် စီးနင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထရမ့်ကို စွဲချက်တင်
လွှတ်တော် စီးနင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထရမ့်ကို စွဲချက်တင်

၂၀၂၁ နှစ်ဆန်းပိုင်းတုန်းက အမေရိကန် လွှတ်တော် စီးနင်း တိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်ပြီး သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှု ခံလိုက်ရပြီ ဖြစ်ပါတယ်။

သူဟာ အမေရိကန် နိုင်ငံကို လီဆယ် လှည့်စားမှု၊ ပြည်သူ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ လိမ်လည် အသုံးချမှုစတဲ့ စွပ်စွဲချက် ၄ ခုနဲ့ စွဲချက်တင်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို ထရမ့်က အရေးနိမ့်ခဲ့တဲ့နောက် သူ့ကို အားပေးထောက်ခံသူတွေက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ လွှတ်တော်ကို အင်အားသုံး စီးနင်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒီမိုကရေစီ စနစ်အတွက် အကြီးအကျယ် သိက္ခာကျစရာ ဖြစ်ခဲ့တဲ့ အဲဒီ စီးနင်းတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ထရမ့်ရဲ့ သွေးထုတ် လှုံ့ဆော်မှုတွေ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်၊ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေတဲ့ ထရမ့်ကတော့ သူဟာ ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ထရမ့် လောလောဆယ် ရင်ဆိုင်နေရတဲ့ စွဲချက်တွေထဲမှာ နိုင်ငံတော် ထိပ်တန်းအဆင့် လျှို့ဝှက်ဖိုင်တွေကို စည်းမျဉ်းနဲ့အညီ မကိုင်တွယ်ခဲ့မှု၊ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ဖုံးကွယ်ဖို့အတွက် ညစ်ညမ်းရုပ်ရှင်စတား မင်းသမီး တစ်ယောက်ကို တရားမဝင် ငွေကြေး ပေးချေမှုတွေလည်း ပါဝင်နေပါတယ်။

အသက် ၇၇ နှစ်အရွယ် ထရမ့်အပေါ် စုံစမ်း စစ်ဆေးမှုတွေကို ဦးဆောင်နေတဲ့ အထူး တရားရေး ကိုယ်စားလှယ် ဂျက်စမစ်သ်က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တုန်းက မြို့တော် ဝါရှင်တန် ဒီစီမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ ဒီမိုကရေစီ စနစ် တစ်ခုလုံးကို အလစ်အငိုက် စီးနင်း ရန်ပြုခဲ့တဲ့ ကိစ္စဖြစ်ကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။

သူက အခု စုံစမ်းစစ်ဆေးမှုတွေကို အတတ်နိုင်ဆုံး ခပ်မြန်မြန် အပြီးသတ်နိုင်အောင် ကြိုးစားမှာ ဖြစ်ကြောင်းနဲ့ သမ္မတဟောင်း ထရမ့်ဟာ ပြစ်မှုထင်ရှားတယ်လို့ တရားဝင် မဆုံးဖြတ်မချင်း အပြစ်မဲ့သူ တစ်ယောက်အဖြစ် မှတ်ယူခံထားရသင့်ကြောင်း ပြောကြားသွားပါတယ်။

ထရမ့်ဟာ အခုသီတင်းပတ်ထဲမှာ ဝါရှင်တန်ကို လာရောက်ပြီး တရားရုံးမှာ ကြားနာစစ်ဆေးမှု ခံယူဖွယ် ရှိနေပါတယ်။ တရားရုံး စွဲချက် စာရွက်စာတမ်းတွေမှာတော့ ထရမ့်ဟာ လှည့်ဖျားလိုတဲ့၊ မရိုးဖြောင့်တဲ့၊ လိမ်လည်မှုမြောက်တဲ့ လုပ်ရပ်တွေကို ဖက်ဒရယ် အစိုးရရဲ့ လုပ်ငန်းစဉ်တွေမှာ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လွှတ်တော် တိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ တရားစွဲဆိုမှုမှာ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု တက်ကြွလှုပ်ရှားသူ တချို့နဲ့ ထရမ့်ရဲ့ လူယုံတော် အတွင်းစည်း ပုဂ္ဂိုလ်တချို့လည်း ပါဝင်ပါတယ်။

ထရမ့်ဟာ စွဲချက်ပေါင်းစုံနဲ့ အမှုရင်ဆိုင်နေရတဲ့တိုင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတလောင်း နေရာအတွက် ရေပန်းအစားဆုံးအဖြစ် ဦးဆောင်နေပါတယ်။

ထရမ့်ဟာ လွှတ်တော်က ဆူပူအုံကြွမှုနဲ့ ပတ်သက်လို့ အောက်လွှတ်တော်မှာလည်း စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်း ခံခဲ့ရတာကြောင့် အမေရိကန် နိုင်ငံသမိုင်းမှာ အဲဒီလို စွပ်စွဲ ပြစ်တင်မှုမျိုး နှစ်ကြိမ်တိုင် ရင်ဆိုင်ရတဲ့ ပထမဆုံး သမ္မတ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။