Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းအနှံ့ မြို့ကြီးတွေကို ရုရှားဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ ကလေးဆေးရုံ အပါအဝင် အများအပြား ပျက်စီး

အွက်မက်ဒစ် ဆေးရုံဟာ ကင်ဆာလူနာတွေနဲ့ ကိုယ်တွင်းကလီစာ အစားထိုး ခွဲစိတ်မှုတွေကို လက်ခံ ကုသပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဆေးရုံရဲ့ ဒုံးကျည်ထိမှန်ခဲ့တဲ့ အဆောင်မှာ ကလေးလူနာ ၂၀ လောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းအနှံ့ မြို့ကြီးတွေကို ရုရှားဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ ကလေးဆေးရုံ အပါအဝင် အများအပြား ပျက်စီး
ယူကရိန်းအနှံ့ မြို့ကြီးတွေကို ရုရှားဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ ကလေးဆေးရုံ အပါအဝင် အများအပြား ပျက်စီး

ယူကရိန်းနိုင်ငံအနှံ့ မြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရာမှာ ကလေးဆေးရုံ တစ်ခု အပါအဝင် နေရာအတော်များများ ထိခိုက် ပျက်စီးခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်မှာ အကြီးဆုံး ကလေးဆေးရုံဖြစ်တဲ့ အွမ်မက်ဒစ်မှာ လူ ၂ ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ရုရှားရဲ့ ဒုံးကျည်တွေကြောင့် ၃၆ ဦးသေ၊ ၁၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး အန်ဒရီ ယာမက်ခ်က ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၇ ရက်နေ့က တိုက်ခိုက်မှုမှာ ကလေးဆေးရုံ တစ်ခုကို ပစ်မှတ်ထားခဲ့တယ် ဆိုတာကို ရုရှားဖက်က ငြင်းဆိုထားပြီး ယူကရိန်း လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေ ပစ်ချလိုက်တဲ့ ခရုစ်ဒုံးကျည် အစအနတွေ ထိမှန်ခဲ့တာသာ ဖြစ်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒုံးကျည်ထိမှန်မှုကြောင့် ဆေးရုံမှာ အတော် ကြီးကြီးမားမား ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ ကလေးငယ်တွေ၊ တချို့ဆိုရင် ဒရစ်ပိုက်တွေ ချိတ်လျက်သား အနေအထားနဲ့ ဆေးရုံအပြင်ဖက် ထွက်ထိုင်ရင်း အရေးပေါ် ရွှေ့ပြောင်းမှုကို စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ဆေးရုံကို ဒုံးကျည်ထိမှန်မှုမှာ ကလေးတွေ သေဆုံးတဲ့ အထောက်အထားတော့ မတွေ့ရကြောင်း၊ ဒါပေမဲ့ ဆရာဝန် တစ်ဦးအပါအဝင် အရွယ်ရောက်ပြီးသူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူက အပျက်အစီးတွေအောက် ပိတ်မိနေသူတွေ နောက်ထပ် ကျန်ရှိနေမှာကိုတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အွက်မက်ဒစ် ဆေးရုံဟာ ကင်ဆာလူနာတွေနဲ့ ကိုယ်တွင်းကလီစာ အစားထိုး ခွဲစိတ်မှုတွေကို လက်ခံ ကုသပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဆေးရုံရဲ့ ဒုံးကျည်ထိမှန်ခဲ့တဲ့ အဆောင်မှာ ကလေးလူနာ ၂၀ လောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း တင်းနစ်မယ် အီလီနာ ဆဗီတိုလီနာဟာ ဗြိတိန်မှာ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်တဲ့အခါ ယူကရိန်းမြို့တွေ တိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းမှု ပြယုဂ်အဖြစ် အနက်ရောင် ဖဲကြိုးကို ရင်ထိုးအဖြစ် တပ်ဆင် ပြသသွားခဲ့တာ တွေ့ရပါတယ်။

ကိယက်ဗ် မြို့တော်ဝန် ကလစ်ချ်ကိုကတော့ ရုရှားဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး တစ်ခုကို ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချသွားခဲ့ပါတယ်။ ငြိမ်းချမ်းတဲ့ ယူကရိန်းလို နိုင်ငံတစ်ခုမှာ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဖောက်ခွဲရေး ကာမီကာဇီ ဒရုန်းတွေက အရပ်သား ပြည်သူတွေကို ဘယ်လို သတ်ဖြတ်နေသလဲဆိုတာ တစ်ကမ္ဘာလုံး လက်တွေ့မြင်ရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ရုရှားဒုံးကျည်တွေကြောင့် ကိယက်ဗ်ရဲ့ ဒီနီပရော့စကီး ရပ်ကွက်ထဲမှာရှိတဲ့ သားဖွားဆေးရုံ တစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ ရုရှားဟာ အမျိုးအစား မတူတဲ့ ဒုံးကျည် ၄၀ ကျော်ကို အသုံးပြုပြီး ကိယက်ဗ်၊ ဒီနီပရို၊ ခရိုင်ဗီရာ၊ ဆလိုဗင့်စ်ခ်နဲ့ ခရာမာတော့စ်ခ် မြို့တွေက အခြေခံ အဆောက်အအုံတွေနဲ့ တခြား ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမာရော့ဗ်ကတော့ အခုလို တိုက်ခိုက်မှုတွေ ကြုံအပြီး အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ကို ပိုမိုကူညီ မြှင့်တင်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရုရှားရဲ့ ရန်လိုမှုတွေကို တွန်းလှန်ဖို့ ယူကရိန်းမှာ လုံလောက်တဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်မျိုး မရှိကြောင်း၊ ယူကရိန်းဟာ လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမိုလိုအပ်နေကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုဒီက ရုရှားကို သူဆိုက်ရောက်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို လူမှုကွန်ရက် မီဒီယာ Xမှာ ရုရှား၊ အင်္ဂလိပ် နှစ်ဘာသာ စာညွှန်းရေးပြီး တင်ထားခဲ့ပါတယ်။

သတင်း

ရမခ အခြေစိုက်ရာ လားရှိုးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၇ရက်ညပိုင်းက စစ်ကောင်စီ၏ ခမရ(၅၀၇) တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၂၇ ရက်ကလည်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်း ၅ ခုအား သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ပူးပေါင်းတပ်တွင် ပါဝင်သည့် တပ်ဖွဲ့ အမည်များကို စစ်ရေးသတင်းရင်းမြစ်အားမေးမြန်းရာ ကိုးကန့်တပ်မတော်(MNDAA)နှင့် SSPP/SSA တို့ ဖြစ်ကြောင်း ပြောပြသည်။