ရုရှား-ယူကရိန်း စစ်ပွဲကာလနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ ရုရှားနိုင်ငံကို အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ပါတယ်။
သူ့ရဲ့ ၂ ရက်ကြာ နိုင်ငံတော် ခရီးစဉ်အဖြစ် မိုဒီဟာ ဇူလိုင် ၈ ရက်နေ့တုန်းက မော်စကိုမြို့တော်ဆီ ရောက်ရှိခဲ့ပြီး အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဇူလိုင် ၉ ရက်နေ့ ညပိုင်းကျရင် ကရင်မလင် နန်းတော်မှာ သီးခြား ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲဟာ အိန္ဒိယနဲ့ ဆက်ဆံရေးမှာ ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အိန္ဒိယဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို အတိအလင်း မရှုတ်ချခဲ့ပေမယ့်လည်း နှစ်ဖက် ဆက်ဆံရေးမှာ အတိုင်းအတာ တချို့လောက် ကန့်သတ်တာ၊ လျှော့ချတာတွေ ရှိခဲ့ပါတယ်။ အဲဒီ အခြေအနေက ရုရှားကို အိန္ဒိယရဲ့ ခါးသီးပြိုင်ဘက် တရုတ်နဲ့ ပိုမိုနီးစပ်အောင် တွန်းပို့သလို ဖြစ်မှာကိုလည်း မိုဒီက စိုးရိမ်နေပါတယ်။
မိုဒီဟာ ၂၀၁၉ တုန်းက ရုရှားကို နောက်ဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက နိုင်ငံ အရှေ့ဖျားမှာရှိတဲ့ ဗလာဒီဗော့စတော့ခ်မြို့မှာ ဖိုရမ်တစ်ခု တက်ရောက်ရင်း ပူတင်နဲ့လည်း လူချင်းတွေ့ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ယူကရိန်းစစ်ပွဲနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက တရုတ်မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ညီလာခံမှာလည်း တွေ့ဆုံခဲ့ပါသေးတယ်။

Public Service Announcement
မိုဒီက ရုရှားကို သူဆိုက်ရောက်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို လူမှုကွန်ရက် မီဒီယာ Xမှာ ရုရှား၊ အင်္ဂလိပ် နှစ်ဘာသာ စာညွှန်းရေးပြီး တင်ထားခဲ့ပါတယ်။ သူက နှစ်နိုင်ငံကြား ထူးခြားပြီး မဟာဗျူဟာမြောက်တဲ့ ဂုဏ်ယူစရာ ဆက်ဆံရေးကို ပိုမို လေးနက်အောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့ ရေးသားထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အိန္ဒိယဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုနွေးထွေးမှုတွေ ရှိလာတဲ့တိုင် ရုရှားအပေါ်မှာ၊ အထူးသဖြင့် ကာကွယ်ရေး နည်းပညာနဲ့ စစ်လက်နက်တွေ ဝယ်ယူမှု အပိုင်းမှာ ကြီးကြီးမားမား မှီခိုနေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း အစဉ်အလာပြိုင်ဘက် တရုတ်နဲ့ ဆက်ဆံရေးကို ရုရှားဖက်က တိုးမြှင့်လာမယ့် အခြေအနေကို တားဆီးဖို့ကလည်း မိုဒီအတွက် အရေးကြီးတဲ့ နိုင်ငံခြားရေး မူဝါဒ အခင်းအကျင်းတစ်ခု ဖြစ်နေပါတယ်။
၂၀၂၃ ခုနှစ်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဝရမ်း ထုတ်မှုကို ခံခဲ့ရတဲ့နောက် ပူတင်ရဲ့ နိုင်ငံရပ်ခြား ခရီးစဉ်တွေက သိသိသာသာ လျော့ပါးသွားခဲ့ပါတယ်။ ဒီအခြေအနေမှာ မိုဒီက မော်စကိုထိ အလည်အပတ် လာရောက်တာက ရုရှား သမ္မတအတွက် အားတက်စရာ အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာစေမယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ကိုးကား: AFP
