▪︎တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ထရမ့်ဆီဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြော
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတဟောင်းဟာ ၄၇ ယောက်မြောက် သမ္မတအဖြစ် အိမ်ဖြူတော်ဆီ တကျော့ပြန်လာဖို့ သေချာသွားခဲ့ပါတယ်။ ရွေးကောက်ပွဲကြို မဲဆွယ် ကာလတွေမှာ ထရမ့်က ရုရှားနဲ့ ယူကရိန်းကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို သူ့ကိုယ်ပိုင် အစီအစဉ်တွေနဲ့ အဆုံးသတ်စေမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။
ရုရှားဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲ အနိုင်ရမှု သေချာသွားပြီး တခြားနိုင်ငံ ခေါင်းဆောင်တွေက သဘောထား ကြေညာချက်တွေ အသီးသီး ထုတ်ပြန်နေတဲ့ အချိန်တွေမှာ နှုတ်ဆိတ်နေခဲ့ပြီး နာရီပေါင်း အတော်ကြာမှသာ ပထမဆုံး သဘောထား မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။
ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှားအပေါ် ခင်မင်နှစ်လိုမှု မရှိတဲ့ နိုင်ငံတစ်ခုရဲ့ ရွေးကောက်ပွဲ အကြောင်း ပြောနေကြတယ် ဆိုတာကို မမေ့ဖို့လိုကြောင်း၊ အမေရိကန်ဟာ စစ်ပွဲမှာ ရုရှားရဲ့ ရန်သူဖက်က တိုက်ရောက်ရော၊ သွယ်ဝိုက်ပြီးပါ ပါဝင်နေကြောင်း နိုဝင်ဘာ ၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပက်စ်ကော့ဗ်က မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement
ထရမ့်ကမဲဆွယ်မှု ကာလအတွင်းမှာစစ်ပွဲ ရပ်ဆိုင်းရေးအတွက် အရေးကြီးတဲ့ ကြေညာချက် တချို့ကို ထုတ်ပြန်ခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ဘယ်လို ကိုင်တွယ် တုံ့ပြန်မှုတွေ ရှိလာမလဲ ဆိုတာကိုတော့ အချိန်ကပဲ အဖြေပေးသွားမှာဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောဆိုသွားပါတယ်။
ထရမ့်ရဲ့ ပထမ အစိုးရသက်တမ်းတုန်းကအဓိက ခါးသီးပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့တဲ့ တရုတ်ကတော့ သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ထရမ့်ဆီ ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ကီရာ စတာမာကလည်း သူဟာ ထရမ့်ဆီ ဖုန်းဆက်ပြီးတော့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုစကား ဆိုခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားထားပါတယ်။
ပြင်သစ် သမ္မတ အီမန်နျူရယ်လ်မာခရွန်ကလည်း ထရမ့်ရဲ့ အနိုင်ရမှုကို လူမှုကွန်ရက်မီဒီယာ Xကနေ ဂုဏ်ပြုထားပြီးအရင် ၄ နှစ်တုန်းကလိုပဲအတူလက်တွဲ အလုပ်လုပ်ဖို့ အသင့်ရှိနေကြောင်း ရေးသားထားပါတယ်။
ဂျာမန် အဓိပတိ အိုလက်ဖ်ရှော့ဇ်ကလည်း ထရမ့်ကို ဂုဏ်ပြုခဲ့ပြီး အတ္တလန္တိတ် သမုဒ္ဒရာရဲ့ ကမ်းတစ်ဖက်စီခြားတဲ့ နှစ်နိုင်ငံရဲ့ ပြည်သူတွေ ကောင်းကျိုး၊ သာယာဝပြောမှုနဲ့ လွတ်လပ်ခွင့်တွေအတွက် အမေရိကန်နဲ့ ဂျာမနီတို့ အရင်လိုပဲ အောင်အောင်မြင်မြင် လက်တွဲ လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း Xမှာ ရေးသားခဲ့ပါတယ်။
NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးကလည်း ထရမ့်ကို ဂုဏ်ပြုစကား ဆိုခဲ့ပြီး ထရမ့်ရဲ့ ဦးဆောင်မှုဟာ မဟာမိတ်ရဲ့ အင်အားကို တည်ဆောက်ရာမှာ အဓိက ကျလာမယ်လို့ မျှော်လင့်ကြောင်း၊ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးကို အာမခံနိုင်မယ့် အင်အားမျိုး ရရှိရေးအတွက် ထရမ့်နဲ့ ပူးပေါင်း အလုပ်လုပ်သွားဖို့ မျှော်လင့်ထားကြောင်း ပြောကြားသွားပါတယ်။
လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ထရမ့်ကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့သလို ချောမွေ့စွာ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့အတွက် အိမ်ဖြူတော်ဆီ ဖိတ်ခေါ်ထားကြောင်း အိမ်ဖြူတော် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ကိုးကား- Reuters/ဓါတ်ပုံ-USA Today
