သြဂုတ်-၁၈၊ ၂၀၂၅/People’s Spring
ထိုင်းနိုင်ငံက ဖူးခက်ကျွန်းမှာ စက်တပ် ဂလိုက်ဒါ အပေါ့စား လေယာဉ်ငယ် ပျက်ကျခဲ့တာကြောင့် လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၁၇ ရက် ညနေပိုင်းတုန်းက ထိုင်းနိုင်ငံ တောင်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ အထူးထင်ရှားတဲ့ အပန်းဖြေကျွန်းမှာ လေကြောင်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းမီဒီယာတွေကတော့ ပျက်ကျခဲ့တဲ့ စက်တပ် ဂလိုက်ဒါကို အပေါ့စား လေယာဉ်ငယ်လို့ သုံးနှုန်း ဖော်ပြထားပါတယ်။ အဲဒီ MX II Sprint မော်ဒယ် လေယာဉ်လေးတွေကို အမေရိကန်ရဲ့ Quicksilver aircraft ကုမ္ပဏီက တည်ဆောက်ထားတာပါ။ လေယာဉ်ရဲ့ ကိုယ်ထည်ဟာ ဂလိုက်ဒါ တစ်စီးလို အရမ်းပေါ့ပါးပြီး လူ ၂ ဦးထိ စီးနင်းလိုက်ပါနိုင်ပါတယ်။ MX II Sprintတွေကို အပန်းဖြေ ခရီးစဉ်တွေမှာ အပျော်စီးနင်းဖို့နဲ့ အမောင်းသင်ဖို့အတွက် အဓိက သုံးလေ့ရှိပါတယ်။

Public Service Announcement
ဖူးခက်က လေယာဉ်ကတော့ တန်ဘွန်ပက်ခ်လော့ခ်မှာရှိတဲ့ မူးအမှတ် ၂ ကျေးရွာနားက လမ်းဘေး တစ်နေရာကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကို သာလန်ခရိုင် ဆေးရုံဆီ ပို့ဆောင်ထားပြီး တစ်ယောက်ရဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်တယ်လို့ ခရိုင် အုပ်ချုပ်ရေးမှူး ဆီဝတ် ရာဝမ်ကူလ်က ပြောပါတယ်။
လေယာဉ်ဟာ ဖူးခက် နိုင်ငံတကာ ၄ ဆိပ်ကနေ ပျံတက်ခဲ့ပြီး ၂ နာရီကျော်လောက် အကြာမှာ ပျက်ကျခဲ့တာပါ။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။ လေယာဉ်ပေါ်မှာ အသက် ၄၀ အရွယ် ထိုင်းနိုင်ငံသား သင်တန်းဆရာနဲ့ အသက် ၃၆ နှစ်အရွယ် ရုရှားနိုင်ငံသား အမောင်းသင် တစ်ဦး စီးနင်းလိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံသားရဲ့ ဒဏ်ရာက ပြင်းထန်တယ်လို့ ဆိုပါတယ်။
တခြားတစ်ဦးဖြစ်တဲ့ ရုရှားနိုင်ငံသား ဆာဂျီ ရာဇူကော့ဗ်ကတော့ ဖူးခက်မှာ အခြေချပြီး အလုပ်လုပ်နေတာ ၅ နှစ်လောက် ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ကိုးကား: Bangkok Post











































