close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဟာဗျူဟာအရ အရေးပါတဲ့ ဒေသထဲ ရုရှားတပ်တွေ စတင်ဝင်ရောက်နေကြောင်း ယူကရိန်း ဝန်ခံ

မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတစ်ခုထဲကို ရုရှားတပ်တွေ စတင် ထိုးဖောက် ဝင်ရောက်လာနိုင်နေပြီဖြစ်ကြောင်း ယူကရိန်းက ဝန်ခံခဲ့ပါတယ်။

ဓာတ်ပုံ - Russian ministry of defence

မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတစ်ခုထဲကို ရုရှားတပ်တွေ စတင် ထိုးဖောက် ဝင်ရောက်လာနိုင်နေပြီဖြစ်ကြောင်း ယူကရိန်းက ဝန်ခံခဲ့ပါတယ်။

ယူကရိန်း အရှေ့ပိုင်းက စက်မှုရပ်ဝန်း ဒေသတစ်ခုဖြစ်တဲ့ ဒီနီပရို ပက်ထရော့ဗ်စ်ခ် ဒေသမှာ ရုရှားတပ်တွေ စတင် ခြေကုပ်ယူနေပြီ ဖြစ်တယ်လို့ ယူကရိန်း စစ်တပ်ရဲ့ ဒေသခံ ယူနစ်တစ်ခုဖြစ်တဲ့ ဒီနီပရို စစ်ဆင်ရေး မဟာဗျူဟာ အဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဒီနီပရို ပက်ထရော့ဗ်စ်ခ်မှာ ရုရှားတပ်တွေ အခုလိုမျိုး အလုံးအရင်း ထိုးဖောက်လာတာမျိုးက အခုတစ်ကြိမ် ပထမဆုံးလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗစ်တာ ထရီဟူဘော့ဗ်က ပြောပါတယ်။ ဒါပေမဲ့ ရုရှားတပ်တွေ တရကြမ်း ရှေ့တိုးလာနိုင်တာမျိုးတော့ မဟုတ်ဘဲ ယူကရိန်း ခုခံရေး တပ်ဖွဲ့တွေက တားဆီးထားနိုင်တယ်လို့ သူက ဆိုပါတယ်။

ရုရှားစစ်တပ်ကတော့ ဒွန်းညက်စ်ခ်ကနေတဆင့် အဲဒီဒေသထဲကို အခုနွေရာသီမှာ စတင်ဝင်ရောက်နိုင်ခဲ့ပြီး ယူကရိန်းနိုင်ငံ အတွင်းပိုင်းထိ ဆက်လက် ထိုးဖောက် ချီတက်ဖို့ ကြိုးစားနေကြောင်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ အဆိုအရ ဇွန်လကတည်းက ဒီနီပရို ပက်ထရော့ဗ်စ်ခ်မှာ ထိုးစစ် စတင် ဆင်နွှဲခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီဒေသထဲ ရုရှားတပ်တွေ ချဉ်းနင်းဝင်ရောက်လာကြောင်းကိုတော့ အခုမှ ယူကရိန်းဖက်က ဝန်ခံ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်ရေး သုတေသီတွေကတော့ အခုလိုမျိုး ရုရှားရဲ့ အသာရလာမှုဟာ ယူကရိန်း တပ်ဖွဲ့ဝင်တွေအတွက် စိတ်ဓာတ်ရေးရာ ထိုးနှက်မှုတစ်ခု ဖြစ်လာစေနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲရပ်စဲနိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေမှာ ထင်သာမြင်သာ တိုးတက်မှု ရှိမလာဘဲ ဖြစ်နေပါတယ်။

အခုဆိုရင် ရုရှားတပ်တွေဟာ ဒီနီပရို ပက်ထရော့ဗ်စ်ခ်ရဲ့ ဇာပိုရစ်ဇ်ခီနဲ့ နိုဗိုရိုင်ဟိုရစ်ဗ်ကာ ကျေးရွာနှစ်ခုကို သိမ်းပိုက်ထားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ယူကရိန်း စစ်ဦးစီးချုပ်ရုံးကတော့ ဇာပိုရစ်ဇ်ခီ ရွာဟာ ယူကရိန်း လက်ထဲမှာ ရှိနေဆဲလို့ တုံ့ပြန် ငြင်းဆိုထားပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း စစ်မြေပြင်မှာ အသေအပျောက်တွေ များနေပေမယ့် တဖြည်းဖြည်းချင်း ရှေ့တိုး ချီတက်လာနေဆဲ ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ဒွန်းညက်စ်ခ် အပါအဝင် ဒေသကြီး ၄ ခုကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းကြောင်း ကြေညာထားပေမယ့် ဒီနီပရို ပက်ထရော့ဗ်စ်ခ်တော့ အဲဒီစာရင်းထဲမှာ မပါပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားဟာ အဲဒီဒေသရဲ့ မြို့တော် ဒီနီပရို အပါအဝင် မြို့ကြီးတွေကို ဖိအားပေး တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနဲ့ တိုက်ရိုက်ကျတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဖို့ ရုရှားဖက်က အသင့်ရှိတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

စစ်ပြီးကာလ ယူကရိန်းရဲ့ လုံခြုံရေး အာမခံချက်အတွက် ကူညီ စောင့်ရှောက်ပေးမယ့် နိုင်ငံတွေထဲမှာ တရုတ်ကို ထည့်သွင်းစေဖို့ ဆန္ဒမရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပွဲကာလတလျှောက် အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်မှုတွေထဲက တစ်ခုကို ရုရှားက လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားအတွက် ကူညီ တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သားတွေကို နိုင်ငံ့ဂုဏ်ဆောင် သူရဲကောင်းတွေလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ညွှန်းဆိုသွားခဲ့ပါတယ်။