close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဓိကရုဏ်း အခြေအနေတွေ ကြုံနေတဲ့ နီပေါမှာ စစ်တပ်က စီမံအုပ်ချုပ်ရေးတာဝန် လွှဲယူ

ဆန္ဒပြမှုတွေကနေ အဓိကရုဏ်းအသွင် ကူးပြောင်းပြီး အခြေအနေတွေ ဆိုးရွားလာတဲ့နောက် နီပေါနိုင်ငံမှာ စစ်တပ်က ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးအတွက် စတင် ဖြန့်ကျက်လာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဆန္ဒပြမှုတွေကနေ အဓိကရုဏ်းအသွင် ကူးပြောင်းပြီး အခြေအနေတွေ ဆိုးရွားလာတဲ့နောက် နီပေါနိုင်ငံမှာ စစ်တပ်က ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးအတွက် စတင် ဖြန့်ကျက်လာခဲ့ပါတယ်။

လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ အရှိန်မြင့်လာတဲ့နောက် နီပေါ ဝန်ကြီးချုပ် ခက်ဒ်ဂါ ပရာဆက်ဒ် ရှာမာ အိုလီနဲ့ တခြားအရေးပါတဲ့ အစိုးရ ဝန်ကြီးတချို့ ရာထူးကနေ နုတ်ထွက်ခဲ့ကြပြီး လောလောဆယ် နိုင်ငံရဲ့ စီမံအုပ်ချုပ်မှု အာဏာကို စစ်တပ်က လတ်တလော ထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နီပေါမှာ အစိုးရက လူမှုကွန်ရက် မီဒီယာတွေ အသုံးပြုခွင့် ပိတ်ပင်လိုက်တာကို လူထုက မကျေနပ်လို့ လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့မှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် လူ ၂၂ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက် အခြေအနေတွေက အရမ်းဆိုးရွားသွားပြီး ဆန္ဒပြမှုတွေကလည်း မင်းမဲ့စရိုက်ဆန်ဆန် ကြမ်းတမ်းကုန်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့မှာတော့ ခတ္တမန္ဒူ မြို့တော်မှာရှိတဲ့ နီပေါ လွှတ်တော် အဆောက်အအုံနဲ့ ဝန်ကြီးချုပ် အိမ်တော်တို့ပါ ဆန္ဒပြသူတွေက မီးတင်ရှို့တာ ခံခဲ့ရပါတယ်။

အခုအခါ ပြည်ထဲရေး၊ စိုက်ပျိုးရေး၊ လူငယ်နဲ့ အားကစားရေးရာ၊ ရေအရင်းအမြစ် ဌာနတွေရဲ့ ဝန်ကြီးတွေ အားလုံး နုတ်ထွက်ကုန်တာကြောင့် နီပေါ အစိုးရ ယန္တရားကလည်း ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

နီပေါမှာ လူမှုကွန်ရက်တွေ အသုံးပြုခွင့်ကို ပြန်ဖွင့်ပေးထားပြီ ဖြစ်ပေမယ့် Gen Zလူငယ်မျိုးဆက်တွေအဖြစ် ခံယူကြွေးကြော်ထားတဲ့ ဆန္ဒပြသူတွေကတော့ ရဲတွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် တရားမျှတမှု ရှာဖွေပေးဖို့၊ အစိုးရရဲ့ အဂတိ လိုက်စားမှု ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဆက်လက် ဆန္ဒပြ တောင်းဆိုနေပါတယ်။ ဝန်ကြီးချုပ် အိုလီ နုတ်ထွက်ပြီးချိန်မှာတော့ သမ္မတ ရမ် ချန်ဒရာ ပေါ်ဒဲလ်က ဆန္ဒပြ ခေါင်းဆောင်တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မှာတော့ နီပေါစစ်တပ်က နိုင်ငံရဲ့ လုံခြုံရေး အခြေအနေတွေနဲ့ နိုင်ငံရေး ဦးဆောင်မှု ကင်းမဲ့နေတဲ့ အခြေအနေအရ အုပ်ချုပ်ရေး တာဝန်ကို လောလောဆယ် ရယူထားမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ ပထဝီဝင်ပိုင်နက်၊ အမျိုးသား စည်းလုံးမှု၊ ပြည်သူ့ လုံခြုံရေး ကဏ္ဍတွေကို စောင့်ရှောက်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နီပေါစစ်တပ်ကို တာဝန် အပ်နှင်းထားတယ်လို့ စစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြမှုမှာ ပါဝင်နေသူတွေ၊ အထူးသဖြင့် ဦးဆောင်နေတဲ့ လူငယ်တွေကိုလည်း လက်ရှိ ခက်ခဲနေတဲ့ ကာလမျိုးမှာ လူမှုသဟဇာတ၊ ငြိမ်းချမ်းရေး၊ အမျိုးသား စည်းလုံးမှုတွေကို ထိန်းသိမ်းရမယ့် တာဝန်အတွက် ပူးပေါင်းပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံလိုကြောင်း ပါရှိခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ထိ အခြေအနေမှာတော့ ဆန္ဒပြသူတွေက နီပေါ လွှတ်တော်ရှေ့မှာ စုဝေးပြီး အောင်ပွဲခံနေချိန် ခတ္တမန္ဒူ မြို့တော်အနှံ့မှာ မီးရှို့မှု၊ အကြမ်းဖက် တိုက်ခိုက်မှုလို မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေတွေ ပျံ့နှံ့ ဖြစ်ပေါ်နေခဲ့ပါတယ်။ လွှတ်တော်၊ ဝန်ကြီးချုပ်အိမ်တော်တွေအပြင် ဝန်ကြီးတွေ နေထိုင်ရာ အိမ်ရာဝင်းလည်း မီးရှို့ခံခဲ့ရပါတယ်။ အနီးတဝိုက်မှာ မီးတွေလောင်နေတာကြောင့် ခတ္တမန္ဒူ လေဆိပ်ကိုလည်း ပိတ်ထားခဲ့ရပါတယ်။

နီပေါစစ်တပ် အကြီးအကဲ အက်ရှ်ကော့ခ်ရက်ဂျ် ဆစ်ဂ်ဒဲလ်ကတော့ ဆန္ဒပြသူတွေကို စိတ်အေးအေးထားပြီး ဆွေးနွေးပွဲ စကားဝိုင်းဆီ လာရောက်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ နိုင်ငံကို လိပ်မူတဲ့ မိန့်ခွန်းထဲမှာတော့ သူက ဆန္ဒပြ လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ပေးဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ဖျက်ဆီးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ မီးရှို့မှုတွေ ကျူးလွန်နေတဲ့ အဖျက်သမားတွေကို နီပေါစစ်တပ်က ထိထိရောက်ရောက် အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။ နောက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ ခံလာရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်နဲ့အညီ တုံ့ပြန် လုပ်ဆောင်သွားမယ်လို့လည်း ဆစ်ဂ်ဒဲလ်က ပြောကြားသွားပါတယ်။

ကိုးကား: India Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဆန္ဒပြ လူငယ်တွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး နီပေါ ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

မိုးကြိုးမုန်တိုင်းတွေကြောင့်အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပြည်နယ်တစ်ခုနဲ့ အိမ်နီးချင်း နီပေါနိုင်ငံထဲမှာတစ်ပတ်အတွင်းလူ ၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ရေဘေးအပြီး နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့တော်မှာ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို စတင် စာရင်းကောက်ယူ ဆန်းစစ်နေပြီ ဖြစ်ပါတယ်။

Facebook