close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပ်စတိန်းရဲ့ မွေးနေ့စာအုပ်ထဲမှာ တွေ့ရတဲ့ လက်မှတ်က သူထိုးထားတာ မဟုတ်ဘူးလို့ ထရမ့်ငြင်း

ကလေးတွေအပေါ် လိင်အမြတ်ထုတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းရဲ့ မွေးနေ့ပွဲ အထိမ်းအမှတ် စာအုပ်ထဲမှာ တွေ့ရတဲ့ စာသားနဲ့ လက်မှတ်တွေက သူရေးထားတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

ကလေးတွေအပေါ် လိင်အမြတ်ထုတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းရဲ့ မွေးနေ့ပွဲ အထိမ်းအမှတ် စာအုပ်ထဲမှာ တွေ့ရတဲ့ စာသားနဲ့ လက်မှတ်တွေက သူရေးထားတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ အပ်စတိန်းနဲ့ ပတ်သက်တဲ့ အထောက်အထား ပစ္စည်းတွေထဲက အဲဒီစာအုပ်ကို အမှုအကြောင်း စုံစမ်းစစ်ဆေးနေတဲ့ လွှတ်တော် တာဝန်ရှိသူတွေက ထုတ်ပြခဲ့တာပါ။ အဲဒီစာအုပ်ဟာ ၂၀၀၃ ခုနှစ်တုန်းက အပ်စတိန်းရဲ့ အသက် ၅၀ ပြည့် မွေးနေ့ ကျင်းပတုန်းက အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

စာအုပ်ထဲမှာ ထရမ့်က ပေးပို့တယ်ဆိုတဲ့ စာတစ်စောင်ကိုလည်း ထည့်သွင်းသိမ်းဆည်းထားပါတယ်။ အဲဒီစာမျက်နှာမှာ အမျိုးသမီး တစ်ဦးရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းပုံကို နောက်ခံအဖြစ် ရေးဆွဲထားပြီး ဆုတောင်းစာတွေ ပါဝင်သလို ထရမ့်ရဲ့ လက်မှတ်ကိုလည်း တွေ့ရပါတယ်။ ထရမ့်ဟာ သူသမ္မတ ဖြစ်မလာခင်က အပ်စတိန်းနဲ့ ပုဂ္ဂိုလ်ရေး အရမ်းရင်းနှီးခဲ့ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုနေခဲ့သူပါ။

ဓာတ်ပုံ – @michaelscherer/X

စက်တင်ဘာ ၉ ရက်နေ့မှာတော့ ထရမ့်က စာအုပ်ထဲက စာနဲ့ လက်မှတ်ကိစ္စကို အတိအလင်း ငြင်းဆိုသွားခဲ့ပါတယ်။ အဲဒါဟာ သူ့လက်မှတ် မဟုတ်သလို သူနဲ့ အနီးကပ် ထိတွေ့ဆက်ဆံနေသူ အားလုံးကလည်း ဒီလို အသုံးအနှုန်းတွေက သူ့ရဲ့ ဟန်ပန်မဟုတ်မှန်း ချက်ချင်းသိလိမ့်မယ်လို့ ထရမ့်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အပ်စတိန်းရဲ့ မွေးနေ့ စာအုပ်ကို အောက်လွှတ်တော်ရဲ့ စုံစမ်းရေးကော်မတီဝင် ဒီမိုကရက်တစ်ပါတီ အမတ်တွေက စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပြသခဲ့တာပါ။ စာအုပ်ထဲမှာတော့ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်း လော့ဒ်ပီတာ မန်ဒယ်လ်ဆန်ကလည်း အပ်စတိန်းကို သူ့ရဲ့ အကောင်းဆုံး မိတ်ဆွေလို့ ရည်ညွှန်းထားခဲ့ပါတယ်။

စုံစမ်းရေး ကော်မတီဟာ အပ်စတိန်းရဲ့ နေအိမ်ထဲက သူ့ကိုယ်ပိုင် ပစ္စည်းတွေကိုလည်း သက်သေအဖြစ် လက်လွှဲယူခွင့် ရထားခဲ့ပါတယ်။ ထရမ့်က မွေးနေ့စာအုပ်ထဲမှာ သူ့လက်မှတ်ပါတဲ့ စာဟာ လုံးဝဥဿုံ အတုတစ်ခုလို့ ပြောကြားခဲ့ပါတယ်။ အဲဒီ စာအုပ်အကြောင်းကို Wall Street ဂျာနယ်က ဇူလိုင်လလယ်မှာ ဖော်ပြခဲ့ဖူးပြီး အခုမှ လူမြင်ကွင်းရှေ့ကို ထွက်ပေါ်လာတာပါ။ ထရမ့်က သူ့ကို နာမည်ဖျက် သိက္ခာချတယ်ဆိုပြီး နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ရရှိလိုကြောင်း Wall Streetကို တရားစွဲထားပါတယ်။

NBC သတင်းဌာနက Wall Streetရဲ့ သတင်းနဲ့ ပတ်သက်ပြီး ထရမ့်ဆီ ဖုန်းဆက် မေးမြန်းတဲ့အခါ သမ္မတက အရည်မရ အဖတ်မရ ကိစ္စမျိုးအတွက် သူကိုယ်တိုင် မှတ်ချက် မပေးလိုကြောင်း၊ ပြောသင့်တာတွေ အားလုံးကို လက်အောက်ခံ ဝန်ထမ်းတွေဆီ အသိပေးထားပြီးဖြစ်ကြောင်း ဖြေကြားခဲ့ဖူးပါတယ်။

ထရမ့်ကိုယ်တိုင် ငြင်းချက်မထုတ်ခင်မှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က စာထဲမှာပါတဲ့ ပုံကို ထရမ့်က ဆွဲထားခဲ့တာ မဟုတ်သလို စာသားတွေကိုလည်း ရေးထားခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ပြီးတော့ လက်မှတ်ကလည်း ထရမ့် ထိုးထားခဲ့တာ မဟုတ်ကြောင်း ပြောပါတယ်။

သတင်းထောက်တွေက အမေရိကန် အစိုးရ အနေနဲ့ ဒီငြင်းဆိုချက်ကို အတည်ပြုဖို့ လက်မှတ်ဆိုင်ရာ ကျွမ်းကျင် ပါရဂူတွေရဲ့ ဆန်းစစ် အကဲဖြတ်ချက်ကို လက်ခံနိုင်မလားလို့ မေးတဲ့အခါ လီယာဗစ်က သေချာပေါက် သဘောတူမှာဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနအဖြစ် နာမည်ပြောင်းလိုက်ခြင်းဟာ အောင်ပွဲရဲ့ သတင်းစကား တစ်ခုလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးဌာနကို နာမည်ပြောင်းလဲ သတ်မှတ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်စဲရေးနဲ့ ပတ်သက်လို့ သူစိတ်ပျက်လာအောင် မလုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို မကောင်းကြံကြရင်းနဲ့ပဲ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေကိုလည်း သူ့ကိုယ်စား နှုတ်ဆက်ပေးပါဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရည်ရွယ်ပြီး အငေါ်တူးခဲ့ပါတယ်။

Facebook