close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပွဲမတိုင်ခင် ပြသာနာ​တွေရှင်း​နေရတဲ့ ထိုင်းမှာကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အရှုပ်အထွေးရဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေ အရမ်း ပြင်းထန်မလာအောင်မယ်စကြာဝဠာ (Miss Universe) ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတွေက အပူတပြင်း ကြိုးစားနေရပါတယ်။

Photo - Khaosod

နိုဝင်ဘာ-၅ ၊၂၀၂၅။People’s Spring

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အရှုပ်အထွေးရဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေ အရမ်း ပြင်းထန်မလာအောင်မယ်စကြာဝဠာ (Miss Universe) ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတွေက အပူတပြင်း ကြိုးစားနေရပါတယ်။

ထိုင်းနိုင်ငံမှာ မယ်စကြာဝဠာ ပြိုင်ပွဲ ကျင်းပရေးကို ကြီးမှူးနေတဲ့ နဝပ် အစ်ဆာရက်ရီဆီလ်က နိုဝင်ဘာ ၄ ရက်နေ့မှာ မက္ကဆီကို အလှမယ်ကို ပုတ်ခတ် ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ကျန်တဲ့ အလှမယ်တွေက မကျေနပ်ဘဲ နဝပ်ကို တုံ့ပြန်ခဲ့ရာက အငြင်းပွားစရာ အခြေအနေတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်နေခဲ့တဲ့ ဗီဒီယို တစ်ခုထဲမှာတော့ နဝပ်က မက္ကဆီကို အလှမယ် အသက် ၂၅ နှစ်အရွယ် ဖာတီမာ ဘော့စ်ချ်ကို အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေ လိုက်နာမှု အားနည်းတယ်လို့ စွပ်စွဲ ဝေဖန်ခဲ့သလို အမှိုက်သရိုက်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Photo – Khaosod

အဲဒီနောက်ပိုင်း ဘော့စ်ချ်က ခန်းမထဲကနေ ငိုယိုပြီး ထွက်ခွာသွားတဲ့အခါ နဝပ်က သူ့ကို ပြန်ထိုင်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ် မယ်စကြာဝဠာဆုရှင် ဒိန်းမတ် အလှမယ် ဗစ်တိုရီးယား ကာဂျာ ခိုင်လီဗစ်ကပါ ခန်းမဆောင်ထဲကနေ ထွက်ခွာသွားပြီး တခြားအလှမယ်တွေပါ သူတို့နောက် လိုက်သွားတာကြောင့် အရှုပ်အထွေးတွေ ဖြစ်ကုန်ပါတယ်။

နဝပ်က လုံခြုံရေးတွေကို လှမ်းခေါ်ပြီး မက္ကဆီ အလှမယ်ကို ခန်းမထဲကနေ ခေါ်ထုတ်သွားဖို့ပါ ပြောခဲ့တဲ့အခါ တင်းမာမှုတွေက ပိုဆိုးရွားကုန်ပါတယ်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ နဝပ်ဟာ Miss Grand International ပြိုင်ပွဲရဲ့ ဥက္ကဋ္ဌ ဖြစ်သလို မယ်စကြာဝဠာအဖွဲ့ (MOU)ရဲ့ အာရှနဲ့ သမုဒ္ဒရာပိုင်းဆိုင်ရာ ဌာနခွဲ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားပါတယ်။

နဝပ်နဲ့ ပြဿနာ တက်ခဲ့တဲ့နောက် ဘော့စ်ချ်က လူမှုကွန်ရက်မှာ စပိန်ဘာသာနဲ့ ဗီဒီယိုတစ်ခု တင်ထားခဲ့ပြီး သူ့သဘောထားကို ထုတ်ပြောဖို့ ဘာမှ ကြောက်နေမှာ မဟုတ်ကြောင်း၊ သူဘာတွေ ကြုံနေသလဲ ဆိုတာ သူ့နိုင်ငံသားတွေကို သိစေလိုကြောင်း၊ ဒါဟာ ၂၁ ရာစုဖြစ်ပြီး သူဟာ လိုသလို ပုံသွင်းခံနေမှာ မဟုတ်ကြောင်း၊ ပြိုင်ပွဲဝင်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတယ် ဆိုတာက ကိုယ်ပိုင် ရည်မှန်းချက်တွေအတွက် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေကို ကိုယ်စားပြုဖို့ဖြစ်ပြီး အဲဒီ ခံယူချက်ကို အမြဲတမ်း ဆက်ပြီး ဆုပ်ကိုင်ထားမယ်ဆိုတာ သူ့နိုင်ငံကို အသိပေးလိုကြောင်း ပြောကြားထားပါတယ်။

ဒီကိစ္စရဲ့ နောက်ဆက်တွဲအဖြစ် လကုန်ပိုင်းကျရင် ထိုင်းမှာ ကျင်းပမယ့် မယ်စကြာဝဠာ ပြိုင်ပွဲရဲ့ အလားအလာကပါ မရေမရာတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ MOUကတော့ မူလစီစဉ်ထားတဲ့အတိုင်း ပြိုင်ပွဲကို ဆက်လက် ကျင်းပဖြစ်မယ်လို့ ပြောကြားခဲ့ပြီး ပြိုင်ပွဲနဲ့ ပတ်သက်လို့ နဝပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ် လျှော့ချမယ်လို့ ကြေညာခဲ့ပါတယ်။ MOU ဥက္ကဋ္ဌ ရာအူးလ် ရိုချာ ကန်တူကလည်း ဒီဖြစ်စဉ်မှာ နာဝပ်ရဲ့ အမူအကျင့်ပိုင်း စိတ်ပျက်စရာ ကိစ္စတွေကို ဝေဖန်ခဲ့ပါတယ်။

ဘော့စ်ချ်နဲ့ ကိစ္စမှာ နဝပ် လုပ်ကိုင်ခဲ့တာတွေ မှားတယ်လို့ သူယူဆကြောင်း ကန်တူက ဆိုပါတယ်။ အမျိုးသမီး တစ်ဦးအပေါ် အရှက်ခွဲတဲ့၊ စော်ကားပြောဆိုခဲ့တဲ့ နဝပ်ရဲ့ လုပ်ရပ်ဟာ လေးစားမှု ကင်းမဲ့ရာ ရောက်ကြောင်း၊ ဒါ့အပြင် အကာအကွယ်မဲ့ အမျိုးသမီး တစ်ဦးကို ဆွဲထုတ်ခိုင်းဖို့ လုံခြုံရေးကို လှမ်းခေါ်တယ် ဆိုတာဟာ အင်မတန် ဆိုးရွားတဲ့ နိုင်ထက်စီးနင်းမှုလို့ သတ်မှတ်နိုင်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

နောက်တော့ နဝပ်က TikTokပေါ်မှာ ဗီဒီယို တစ်ခုတင်ပြီး အခြေအနေကို ပြန်ဖြေရှင်းခဲ့ပြီး သူ့ကြောင့် ဖြစ်ရတဲ့ ပြဿနာတွေအတွက် တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ကြောင့် အဆင်မပြေ ဖြစ်သွားသူတွေ၊ စိတ်အနှောင့်အယှက် ဖြစ်ရတာတွေ မှန်သမျှကိုအတွက် လူတိုင်းကို တောင်းပန်တယ်လို့ နဝပ်က ဆိုပါတယ်။

ဘော့စ်ချ်ကတော့ နဝပ်နဲ့ ပတ်သက်လို့ အတိအလင်း ရှုတ်ချတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ထိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စဟာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း၊ ဘယ်လို အခြေအနေမျိုးမှာမဆို အမျိုးသမီးတွေကို ဒီလိုမျိုး စော်ကားလို့၊ အရှက်ခွဲလို့ မရကြောင်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

မက္ကဆီကို မယ်စကြာဝဠာ အဖွဲ့ကလည်း ဘော့စ်ချ်နဲ့အတူ အားပေးရပ်တည်ခဲ့ပြီး ဘော့စ်ချ်နဲ့ ခွန်အား၊ အဆင့်အတန်းနဲ့ အသံတွေဟာ နိုင်ငံအတွက် အကောင်းဆုံး ကိုယ်စားပြုပေးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံ ၁၂၂ ခုရဲ့ အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်မယ့် မယ်စကြာဝဠာ ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်​တွေမတိုင်ခင် အွန်လိုင်း ကာစီနိုတွေကို ကြော်ငြာပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်အတွက် ထိုင်းရဲတပ်ဖွဲ့ဟာမယ်စကြာဝဠာကျင်းပရေးအဖွဲ့ကို စီးနင်း စစ်​ဆေးမှုတွေ လုပ်ခဲ့ပါ​သေးတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပြိုင်ပွဲ စီစဉ်သူတွေရဲ့ ခိုင်းစေမှုအရ အလှမယ်တချို့ဟာသူတို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးထားတဲ့ ဟိုတယ်တစ်ခုမှာ အွန်လိုင်း ကာစီနိုကြော်ငြာတွေ ရိုက်ကူးပေးခဲ့တယ်လို့ သတင်းရတဲ့အတွက် လတ်တလော စီး

နင်း ရှာဖွေမှုတစ်ခု လုပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းမှာတော့ ဒီလို​ကြော်ငြာ​ပေးတာဟာ ဥပဒေ ချိုးဖောက်မှု မြောက်ပါတယ်။

ဒီဖြစ်ရပ်ဟာ မယ်စကြာဝဠာ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံရဲ့ ဂုဏ်သတင်းကိုလည်း အကြီးအကျယ်ထိခိုက်ကျဆင်းစေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အွန်လိုင်း ကာစီနို ကြော်ငြာ ရိုက်ကူးမှုတွေ အကြောင်းကိုပြိုင်ပွဲနဲ့ဆက်စပ်သူတွေထဲကသဘောထား ဖြောင့်မှန်သူတွေကလုံခြုံရေးတွေဆီ ဆက်သွယ် အသိပေးခဲ့ကြောင်း၊ အဲဒီနောက် အာဏာပိုင်တွေဆီ အကြောင်းကြားပြီး ရဲတွေကအမြန်ဆုံး တုံ့ပြန်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

၇၄ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲ ကျင်းပရေး ထိုင်းကော်မတီ ဥက္ကဋ္ဌနဲ့ Miss Grand International (MGI) အမှုဆောင်ချုပ် နာဝပ် အစ်ဆာရက်ရီဆီလ်ကတော့ ဒီကိစ္စမှာ MGIက လုံးဝ ဆက်စပ် ပါဝင်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ သူဟာ ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းဖို့ ဆင့်ခေါ်မှုအတွက် ဝတ်ဖရာခရီ ရဲဌာနဆီ နိုဝင်ဘာ ၃ ရက်နေ့က သွားရောက်ခဲ့တဲ့နောက် သူ့အဖွဲ့အစည်းနဲ့ အွန်လိုင်းကာစီနို ကြော်ငြာကိစ္စတွေ ဘာဆက်စပ်မှုမှ မရှိကြောင်း ဖြေရှင်းခဲ့ပါတယ်။

ရဲတွေက မယ်စကြာဝဠာ အဖွဲ့ (MUO)ရဲ့ စပွန်ဆာ ကုမ္ပဏီတွေထဲက တစ်ခုဟာ အွန်လိုင်း ကာစီနိုတွေနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေတယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်လည်း MUOဟာ စပွန်ဆာ ကုမ္ပဏီအတွက် ကြော်ငြာ ရိုက်ပေးရာက နောက်ဆက်တွဲ ပြဿနာ တက်ခဲ့ဟန် ရှိပါတယ်။

MUOကနိုဝင်ဘာ၄ရက်မှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့ ၇၄ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကို ကြိုတင် စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်ဖို့ ရည်ရွယ်ထားဆဲလို့ ဖော်ပြထားပြီး အိမ်ရှင်နိုင်ငံရဲ့ MUI အပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့ ဆက်လက် ပူးပေါင်းအလုပ်လုပ်နေမယ်လို့ ဆိုပါတယ်။

ကိုးကား – USA Today

ဆက်စပ်သတင်းများ

သတင်း

သံလွင်မြစ်ရေထဲ အဆိပ်အတောက် ဓာတုပစ္စည်းတွေ ရောနှော ပါဝင်နေတာကြောင့် သောက်သုံးတာမျိုး မလုပ်ဖို့ထိုင်းအာဏာပိုင်တွေကညွှန်ကြားထားပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ဆိုးရွားတဲ့ ယာဉ်တိုက်မှု တစ်ခုကို အကူအညီပေးဖို့ ကြိုးစားရင်း သူနာပြု ကျောင်းသူတစ်ဦး ကိုယ်တိုင် ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှားသတ္တု တူးဖော်ထုတ်လုပ်ရေးကိစ္စ အမေရိကန်နဲ့ နားလည်မှု သဝဏ်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့တဲ့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေး ပါတီနှစ်ခုက အလေးအနက် သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ဖိနှပ်မှုတွေကြောင့် တိမ်းရှောင်လာသူအများအပြားရှိတဲ့ ထိုင်းနိုင်ငံကို ပြည်တွင်းက အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ နယ်ချဲ့လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြပါတယ်။

Facebook