နိုဝင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပေမယ့် ဗုဒ္ဓဘာသာဝင်တွေ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကထိန်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
မင်းတပ်မြို့နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ ပြည်တွင်း၊ပြည်ပရှိ ဗုဒ္ဓဘာသာဝင်အားလုံးတို့ရဲ့ စုပေါင်း မဟာဘုံကထိန် ပြီးစီးအောင်မြင်ကြောင်း ကထိန်ပွဲကျင်းပရာ ဘုန်းကြီးကျောင်းရှိ ဆရာတော်က လူမှုကွန်ရက်မှာ အသိပေးပါတယ်။
ကထိန်ပွဲပြီးတာ ကြာပေမယ့် ဒီကနေ့ နိုဝင်ဘာ ၅ရက်မှသာ အမှတ်တရ တင်ရခြင်းဖြစ်တယ်လို့ ဆရာတော်က အသိပေးထားပြီး အလှူရှင်အသီးသီး၊ ဝေယျာ၀စ္စ ပြုလုပ်သူတွေ ပါဝင်ကုသိုလ်ယူသူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး ဘေးရန်ကင်းဖို့ ဆုတောင်းမေတ္တာပို့ စာရေးသားဖော်ပြခဲ့ပါတယ်။

Public Service Announcement
အခု ကထိန်ပွဲကျင်းပခဲ့တဲ့ ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ဖူးတယ်လို့ မင်းတပ်ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၃ အတွင်းက ကျောင်းမှာ စစ်ရှောင်တွေရောက်နေချိန် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောပြပါတယ်။
“အဲဒီ ကတည်းက ကျောင်းကို ပစ်ထားကြတာ။ ခုဝါကျွတ်မှသာ” လို့ ဒေသသတင်းရင်းမြစ်က ကျောင်းမှာ ကထိန်ပွဲကျင်းပခဲ့မှု အခြေအနေကို ပြောပြပါတယ်။
လေကြောင်းရန်ကြားက ကထိန်ပွဲကို ကျင်းပခဲ့ရတာဖြစ်ပြီး လေကြောင်းရန်ကြောင့် အခုမှသာ ကထိန်ပွဲ ကျင်းပခဲ့မှုကို အသိပေးရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာက လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်နဲ့ မဟာမိတ်တွေက သိမ်းပိုက်ခဲ့တာပါ။
မြို့ကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မင်းတပ်မြို့နယ်ကို လေကြောင်း ဗုံးကြဲမှု ၃ကြိမ်ထက်မနည်း ပြုလုပ်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။
မင်းတပ်အပြင် မတူပီ၊ ကန်ပက်လက် စတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ချင်းညီနောင်နဲ့မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မင်းတပ်မြို့နယ်မှာ စစ်တပ်လေကြောင်းရန်ကြောင့် ကထိန်ပွဲ တိုးတိုးတိတ်တိတ်ကျင်းပ နိုဝင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s…
Posted by People's Spring on Wednesday 5 November 2025
ရုပ်သံ – Ĥkl Mindat

















































