နိုဝင်ဘာ-၅၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊ ဖရူဆို – ထားလဲ -နန်းဖဲ – ဘောလခဲလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဖရူဆိုမြို့နယ်ထဲက စစ်ကောင်စီတပ်တွေက ဖရူဆို- ထားလဲ – နန်းဖဲ လမ်းမကြီးဘက် ဦးတည်ပြီး စစ်ရေးလှုပ်ရှားလာတာကြောင့် မြေပြင်စစ်ရေးအခြေအနေအရ လမ်းမကြီးကို မနက်ဖြန်(နိုဝင်ဘာ ၆ရက်)ကစပြီး ဖြတ်သန်းတာမလုပ်ဖို့ သတိပေးထားပါတယ်။
“ အောက်တိုဘာ ပထမပတ်လောက်ကတည်းက စကစဘက်က အထိနာလို့ အဲဒီလမ်းပိုင်းမှာ ဆက်မတိုးတော့တာ။အခု လစကစပြီး ပြန်ထိုးလာတာပေါ့။အဓိကတော့ ဘောလခဲကို စစ်ကြောင်းမပေါက် သေးတော့ ရွေးကောက်ပွဲလုပ်ဖို့ ခက်တဲ့ အခြေအနေဖြစ်နေတာ။ဒါကို စကစ ဘက်က မဖြစ်မနေ တိုးချင်တာ” လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၃ရက်ကစပြီး ဖရူဆိုမြို့နယ် ၊ မာခရော်ရှေ့ကျေးရွာဘက်ကနေ ထားလဲကျေးရွာဘက် စစ်ကြောင်းထိုးလှုပ်ရှားတာတွေကြောင့် ထိတွေ့ တိုက်ပွဲငယ်တွေ ဖြစ်ပွားနေတယ်လို့ KNDF က ဆိုပါတယ်။
မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို- ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရမယ့် လမ်းသွယ်တွေအားလုံးကို အသုံးပြုသွားလာတာ လုံးဝမလုပ်ကြဖို့နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကရင်နီပြည်နယ်အတွင်းနဲ့ ပြည်နယ်တလျှောက်စစ်ရေးအခြေအနေ အရ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ နဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီက စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတယ် သိရပါတယ်။
ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ အမှတ်(၅၃၁) ခြေမြန်တပ်ရင်း(ခမရ-၅၃၁) နဲ့ (ခမရ-၄၂၈) တပ်ရင်းတွေရှိပါတယ်။
ဘောလခဲမှာလည်း စစ်ကောင်စီ အခြေချစစ်ဗျူ ဟာအပြင် အမှတ် (၄၂၉) ခြေမြန်တပ်ရင်း (ခမရ ၄၂၉)၊ခမရ (၄၃၀) နဲ့ ခလရ (၃၃၇) တပ်ရင်းတွေ အပြင် ရပခ(အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) လက်အောက်ခံ တပ်ရင်း တွေရောက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတော မြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

















































