အခုသီတင်းပတ်ထဲမှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့ မိုးတွေကြောင့် သီရိလင်္ကာ နိုင်ငံမှာ လူ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒီအခြေအနေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သီရိလင်္ကာမှာ ကြုံဖူးသမျှ ရာသီဥတု ဖောက်ပြန်မှုကြောင့် လူအသေအပျောက် အများဆုံး ဖြစ်စဉ်တစ်ခု အနေနဲ့လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ မိုးရွာသွန်းမှု နောက်ဆက်တွဲ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၅၆ ဦးထက်မနည်း သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ နိုင်ငံအနှံ့က မြို့တွေ၊ ရွာတွေထဲ ရေဖုံးလွှမ်းနေတာကို တွေ့ရပြီး ရထား ပြေးဆွဲမှု အများစုကိုလည်း လတ်တလော ဆိုင်းငံ့ထားရပါတယ်။

Public Service Announcement
သီရိလင်္ကာရဲ့ အရှေ့ဖက် ကမ်းရိုးတန်းနဲ့အပြိုင် ရွေ့လျားနေတဲ့ ဒစ်ထ်ဝါ ဆိုင်ကလုန်း မုန်တိုင်းကြောင့်လည်း အာရှတောင်ပိုင်း ဒေသတွင်း နိုင်ငံမှာ အခုသီတင်းပတ် ကြုံတွေ့နေတဲ့ ရာသီဥတု အခြေအနေတွေက ပိုပြီး ပြင်းထန်နေတာ ဖြစ်ပါတယ်။
ဒစ်ထ်ဝါဟာ သီရိလင်္ကာ အရှေ့ဖက် ကမ်းလွန်မှာ လေဖိအားနည်း ရပ်ဝန်းငယ်အဖြစ် စတင်ဖွဲ့စည်း ဖြစ်ပေါ်လာပြီး အဲဒီနောက် ဆိုင်ကလုန်း အဆင့်ကို လျင်လျင်မြန်မြန် အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ အိန္ဒိယ နိုင်ငံပိုင်နက်ထဲကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ဖို့ ရှိနေပါတယ်။
သီရိလင်္ကာမှာတော့ သည်းသည်းမည်းမည်း မိုးရွာသွန်းမှုတွေနဲ့အတူ မြစ်ရေတွေလည်း စိုးရိမ်ရေအမှတ် ကျော်တဲ့ထိ ဆက်တိုက် မြင့်တက်နေပါတယ်။ ကီလာနီမြစ် အောက်ပိုင်း ဒေသတွေမှာတော့ လာမယ့် ၄၈ နာရီအတွင်း အကြီးအကျယ် ရေကြီးနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ကျွန်းနိုင်ငံ တစ်ခုဖြစ်တဲ့ သီရိလင်္ကာရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသ တချို့မှာတော့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ မိုးရေချိန် ၂၀၀ မီလီမီတာထိ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။
ပြည်နယ်တွေချင်း ဆက်သွယ်တဲ့ လမ်းတွေလည်း ရေမြုပ်လို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်ပြီး ရထားပြေးဆွဲမှုတွေကိုလည်း ရပ်နားထားရပါတယ်။
အစိုးရဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ စစ်တပ်အင်အား ၂၀၀၀၀ ကျော်လောက်ကိုလည်း အသင့်ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်။
သီရိလင်္ကာ နိုင်ငံရဲ့ လက်ရှိ မုတ်သုံရာသီမှာ နှစ်စဉ် မိုးသည်းထန်လေ့ ရှိပေမယ့် အခုလောက် ပြင်းထန် ကြမ်းတမ်းတဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ နိုင်ငံရဲ့ သမိုင်းတလျှောက် အဆိုးဆုံး ရေကြီးရေလျှံမှုတွေကိုတော့ ၂၀၀၃ ခုနှစ်၊ ဇွန်လမှာ ကြုံတွေ့ခဲ့ပြီး လူပေါင်း ၂၅၄ ဦး သေဆုံးခဲ့သလို သောင်းနဲ့ချီ ရွှေ့ပြောင်းခဲ့ရပါတယ်။
ကိုးကား: BBC



















































