close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယ နိုင်ငံတွေကနေ အမေရိကန် ရွှေ့ပြောင်း အခြေချမှု အားလုံးကို အပြီးတိုင် ရပ်ဆိုင်းစေမယ်လို့ ထရမ့်ပြော

တတိယ နိုင်ငံတွေ၊ တစ်နည်းအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကနေ အမေရိကန်ဆီ ရွှေ့ပြောင်း အခြေချမှု အားလုံးကို အပြီးတိုင် ရပ်ဆိုင်းထားတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တတိယ နိုင်ငံတွေ၊ တစ်နည်းအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကနေ အမေရိကန်ဆီ ရွှေ့ပြောင်း အခြေချမှု အားလုံးကို အပြီးတိုင် ရပ်ဆိုင်းထားတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ စနစ်တွေ အပြည့်အဝ ပြန်လည် နာလန်ထူလာဖို့ဆိုရင် အခုလို ဆုံးဖြတ်ချက်မျိုးက မဖြစ်မနေ လိုအပ်တယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthပေါ်မှာ ရေးသားထားခဲ့ပါတယ်။

တတိယ နိုင်ငံတွေဆီကနေ အမေရိကန်ဆီ ပြောင်းရွှေ့ အခြေချမှု အားလုံးကို အပြီးတိုင် ရပ်နားထားမှာဖြစ်ကြောင်း၊ ဒါမှသာ အမေရိကန် နိုင်ငံသား အများအပြားရဲ့ ရပိုင်ခွင့်နဲ့ နေထိုင်မှု ပုံစံတွေ တတိတိ တိုက်စား ဖျက်ဆီး ခံနေရတဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေ နာလန်ပြန်ထူလာမှာဖြစ်ကြောင်း ဆိုပါတယ်။ ထရမ့်က သူရည်ညွှန်းတဲ့ တတိယ နိုင်ငံတွေ ဆိုတာနဲ့ ပတ်သက်ပြီး နာမည်တွေတော့ တိတိကျကျ ထုတ်ဖော် ရေးသားမထားခဲ့ပါဘူး။

အာဖဂန် နစ္စတန်ကနေ ရွှေ့ပြောင်း အခြေချလာသူ တစ်ဦးက နိုဝင်ဘာ ၂၆ ရက်နေ့မှာ အိမ်ဖြူတော်နား လုံခြုံရေး စောင့်ကြပ်နေတဲ့ အမေရိကန် စစ်မှုထမ်း နှစ်ဦးကို ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ထရမ့်ဟာ ပြည်ပ အခြေချမှုတွေအပေါ် ပိုမို ဖိနှိပ် ပိတ်ပင်လိုတဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒ ကြပ်မတ်မှုတွေကို ခပ်မြန်မြန် အကောင်အထည် ဖော်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ စစ်မှုထမ်း အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုကို အကြမ်းဖက် လုပ်ရပ်တစ်ခု၊ အမျိုးသား လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်တဲ့ ကိစ္စတစ်ခုလို့လည်း စွပ်စွဲထားပါတယ်။ ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာတင်ပဲ ထရမ့်ဟာ အာဖဂန်ကနေ အမေရိကန်ဆီ ပြည်ဝင်ခွင့် လျှောက်ထားမှု မှန်သမျှကိုလည်း ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။

နောက်တစ်ဆင့်အဖြစ် နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ အမေရိကန်ရဲ့ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးရာ ဌာန (USCIS)က မြန်မာနဲ့ အာဖဂန်တို့ အပါအဝင် နိုင်ငံပေါင်း ၁၉ ခုကနေ အမေရိကန်ကို ရောက်ရှိလာပြီး အမြဲတမ်း နေထိုင်ခွင့် green card ရရှိထားသူတွေကိုပါ ပြန်လည် စိစစ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ပြန်လည်စိစစ်မယ့် လုပ်ထုံးလုပ်နည်းတွေကိုလည်း အသေးစိတ် မသိရသေးပါဘူး။

ထရမ့်က အမေရိကန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေသူတွေဟာ နိုင်ငံရဲ့ လူမှုဝန်းကျင်ကို ထိခိုက်ပျက်စီးစေတယ်လို့လည်း စွပ်စွဲပြီး အမေရိကန်ရဲ့ ပျမ်းမျှ စံနှုန်းတွေနဲ့ မလျော်ညီတဲ့ ဘယ်သူ့ကိုမဆို ဖယ်ရှားသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ပြောပါတယ်။

အိမ်ဖြူတော်နားက ပစ်ခတ်မှုမှာ သံသယ တရားခံ ဖြစ်ခဲ့တဲ့ အမျိုးသားဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA)က လေ့ကျင့်ပေးဖူးတဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး အမေရိကန်တပ်တွေ အာဖဂန်က ဆုတ်ခွာချိန် ၂၀၂၁ မှာ လိုက်ပါလာခဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ သူဟာ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခွင့်ကိုလည်း ရရှိထားကြောင်း သတင်းတွေက ဖော်ပြခဲ့တဲ့နောက် ထရမ့်က ဒုက္ခသည်တွေ အားလုံးကို သိမ်းကြုံးပြီး ရန်လိုတဲ့ သဘောထား မှတ်ချက်တွေ ပေးလာခဲ့တာပါ။

ထရမ့်ဟာ အာဖဂန်နဲ့ နောက်ထပ် ၁၁ နိုင်ငံရဲ့ နိုင်ငံသားတွေကို အမေရိကန်ဆီ လာရောက်လည်ပတ်ခွင့် ပြုမှုကို နှစ်ဆန်းပိုင်း ကတည်းက ပိတ်ပင် တားမြစ်ထားပြီး ဖြစ်ပါတယ်။ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းကလည်း မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံတွေရဲ့ နိုင်ငံသားတွေကို အမေရိကန် လာရောက်ခွင့် ပိတ်ခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (green card) ရထားသူတွေထဲက နိုင်ငံပေါင်း ၁၉ ခုရဲ့ နိုင်ငံသားတွေကို ပြန်လည် စိစစ်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး အမေရိကန် အစိုးရဟာ အာဖဂန် နစ္စတန် နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး တရုတ်ကို ရန်သွားမစဖို့ ဂျပန် ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဂျပန် အစိုးရက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။