ဂျပန် ပြည်သူတွေရဲ့ လေးစားချစ်ခင်မှုကို ခံရတဲ့ မင်းသမီးလေး အိုင်ကိုကြောင့် နှစ်ပေါင်းရာနဲ့ချီ တည်တံ့ခဲ့တဲ့ ထီးနန်းဆက်ခံရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာပါတယ်။
ဂျပန်မှာ အမျိုးသားတွေသာ ထီးမွေနန်းလျာ ဆက်ခံခွင့် ရှိတာကြောင့် ဂျပန် ဧကရာဇ် နာရူဟီတိုနဲ့ မိဖုရားကြီး မာဆာကိုတို့ရဲ့ တစ်ဦးတည်းသော သမီးလေးဟာ ထီးနန်းစိုးစံခွင့် မရှိပါဘူး။
ဒါပေမဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ အသက် ၂၄ နှစ်ပြည့်တဲ့ မင်းသမီးလေးကို ပြည်သူတွေက ချစ်ခင်ကြပြီး လူထုကြားမှာလည်း ရေပန်းစားတာကြောင့် ဂျပန်ရဲ့ ထီးနန်းဆက်ခံမှု စည်းမျဉ်းတွေကို ပြောင်းလဲဖို့ တိုက်တွန်းသံတွေ ကျယ်လောင်လာတာ ဖြစ်ပါတယ်။

Public Service Announcement
မကြာသေးခင်က ဧကရာဇ်နဲ့ မိဖုရားကြီးတို့ဟာ နာဂါဆာကီဆီ အလည်အပတ် သွားရောက်ခဲ့ချိန်မှာ ပြည်သူတွေက သူတို့နှစ်ဦးရဲ့ နာမည်တွေအပြင် အိုင်တိုရဲ့ နာမည်ကိုပါ ဟစ်ကြွေးရင်း ကောင်းချီးပေးခဲ့ကြပါတယ်။
အိုင်တိုကို ချစ်ခင်ကြတဲ့ ပြည်သူ အများအပြားက အနာဂတ်မှာ ဂျပန်ရဲ့ ဧကရီ ဘုရင်မအဖြစ် ထီးနန်း စိုးစံခွင့် ရစေလိုကြောင်း ထောက်ခံပြီး လက်ရှိ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ လိုလား အကြံပြုနေကြတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဂျပန်မှာ တော်ဝင်မိသားစုဝင် အရေအတွက် လျော့ပါးလာခြင်းနဲ့ ပတ်သက်ပြီး ထီးနန်းဆက်ခံမှုနဲ့ ပတ်သက်လို့ စိုးရိမ်တာတွေ ရှိနေပါတယ်။ လက်ရှိမှာတော့ ဂျပန်ရဲ့ တော်ဝင်မိသားစုဝင် အရေအတွက်ဟာ ၁၆ ဦးသာ ကျန်ပါတော့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက အယောက် ၃၀ ရှိခဲ့တာနဲ့ယှဉ်ရင် ဒါဟာ ခေါက်ချိုးလောက် လျော့ကျသွားတဲ့ သဘောပါ။
လက်ရှိ ဂျပန်ရဲ့ အိမ်ရှေ့မင်းသားက ဧကရာဇ် နာရူဟီတိုရဲ့ ညီတော် အကီရှီနို ဖြစ်ပါတယ်။ အကီရှီနိုပြီးရင် လောလောဆယ် ထီးနန်း ဆက်ခံနိုင်ဖို့ ဖြစ်နိုင်တာက သူ့ရဲ့သား၊ ဧကရာဇ်ရဲ့ တူတော် အသက် ၁၉ နှစ်အရွယ် မင်းသား ဟီဆာဟီတို တစ်ဦးပဲ ရှိပါတယ်။
အကဲခတ် တချို့ကတော့ ထီးမွေနန်းလျာ ဆက်ခံမှု စည်းမျဉ်းကို မပြောင်းဘူးဆိုရင် ဂျပန် တော်ဝင်မိသားစုက လုံးဝ မျိုးဆက်ပြတ်တောက် ပျောက်ကွယ်သွားနိုင်ကြောင်း သတိပေးထားပါတယ်။
တခြားတစ်ဖက်မှာတော့နိုင်ငံသမိုင်းမှာပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာသူ လက်ရှိ နိုင်ငံခေါင်းဆောင် စာနအဲ တကအိချိ အပါအဝင် ဂျပန်ရဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေး အင်အားစုတွေက အမျိုးသမီးတစ်ဦး ထီးနန်းဆက်ခံမယ့် ကိစ္စကို တူးတူးခါးခါး ကန့်ကွက်နေကြဆဲပါ။
မင်းသမီး အိုင်ကိုဟာ လူလားမြောက် အရွယ်ရောက်တဲ့ တော်ဝင်မိသားစုဝင် တစ်ဦးအဖြစ် ၂၀၂၁ ခုနှစ်မှာ သတ်မှတ် ကြေညာ ခံခဲ့ရပါတယ်။ သူ့ကို ဉာဏ်ကောင်းတဲ့၊ ကြင်နာတတ်တဲ့၊ ဖော်ရွေတတ်တဲ့၊ ဟာသဉာဏ်ရွှင်တဲ့ မိန်းကလေး တစ်ဦးအဖြစ် ဂျပန်ပြည်သူတွေက ချစ်ခင်ကြပါတယ်။
ပြီးခဲ့တဲ့လက လာအိုနိုင်ငံကို ဂျပန် တော်ဝင်မိသားစု ကိုယ်စားပြု ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိုင်ကိုက ၆ ရက်ကြာ သွားရောက်ခဲ့ပါတယ်။
အဲဒီ ခရီးစဉ်မှာ သူ့ရဲ့ တင့်တယ်ပြီး မဟာဆန်တဲ့၊ ပါးနပ်လိမ္မာတဲ့ ပြုမူပြောဆိုပုံတွေကို ပြည်သူတွေက အင်မတန် နှစ်ထောင်းအားရ ရှိခဲ့ကြပြီး အိုင်ကိုဟာ ဂျပန်ထီးနန်း ဆက်ခံခွင့် ရှိသင့်ကြောင်း တောင်းဆိုသံတွေ ပိုမို ကျယ်လောင်လာခဲ့ပါတယ်။
ယေဘုယျ အနေနဲ့တော့ အမျိုးသမီးတွေ၊ ပြီးတော့ သက်ကြီးရွယ်အို နိုင်ငံသားတွေက အိုင်ကိုကို သူတို့ရဲ့ ဧကရီ ဘုရင်မအဖြစ် မြင်ချင်ကြတယ်လို့ ပြောပါတယ်။
ကွန်ဆာဗေးတစ်တွေရဲ့ တင်းတင်းမာမာ ကန့်ကွက်မှုတွေ ရှိနေတဲ့တိုင် ထီးနန်းဆက်ခံမှု စည်းမျဉ်းတွေကို ပြောင်းလဲဖို့ တွန်းအားပေးတဲ့ အရွေ့တွေကိုလည်း ဂျပန်မှာ တွေ့နေရပါတယ်။ အထူးသဖြင့် ဂျပန်ရဲ့ တော်ဝင်မိသားစုကအရွယ်အစားပိုမိုသေးငယ်လာချိန်မှာအိုင်ကိုလို ပြည်သူအများ ချစ်ခင်သူ မိသားစုဝင် တစ်ဦးကို ထီးနန်းအတွက် ကျိန်းသေပေါက် ထည့်စဉ်းစားသင့်ကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။
အိုင်ကိုသာနှစ်ပေါင်း၂၅၀ ကျော်အတွင်းဂျပန်ရဲ့ ပထမဆုံး ဧကရီ ဖြစ်လာရင် ပြည်တွင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။
ဂျပန်သမိုင်းမှာ ဧကရီ ဘုရင်မ ၈ ဦးတိတိ စိုးစံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၁၇၆၂ ကနေ ၁၇၇၁ ထိ စိုးစံခဲ့တဲ့ ဧကရီ ဂိုဆာကူရာမာချီ နောက်ပိုင်း ဘယ်အမျိုးသမီးမှ ဂျပန်မှ နန်းမတက်တော့ပါဘူး။
၁၈၈၉ ခုနှစ်မှာတော့ ဂျပန်ထီးနန်းကို အမျိုးသားတွေသာ ဆက်ခံခွင့် ရစေမယ်ဆိုတဲ့ စည်းမျဉ်းကို စတင် သတ်မှတ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတဲ့ အချိန်မှာလည်း ဆက်လက် တည်တံ့နေခဲ့ပါတယ်။
သမိုင်း သုတေသီတွေကတော့ ဧကရာဇ် ဘုရင်တွေက ကိုယ်လုပ်တော်တွေ အများကြီးယူ၊ သားယောက်ျားလေးတွေ မွေးဖွားတဲ့ ခေတ်အခြေအနေမျိုးမှာ ဒီကန့်သတ်ချက်က အဆင်ပြေပေမယ့် မျက်မှောက်ခေတ်နဲ့တော့ လိုက်လျောညီထွေ မရှိတော့ဘူးလို့ သတိပေးထားပါတယ်။
ဂျပန် တော်ဝင်မိသားစုဟာ အရင်ကလည်း အမျိုးသမီးတစ်ဦး ထီးမွေနန်းလျာ ဆက်ခံစေရေးကို စဉ်းစားဖူးပေမယ့် ၂၀၀၅ ခုနှစ်မှာ မင်းသား ဟီဆာဟီတို မွေးဖွားလာတဲ့အခါ အဲဒီကိစ္စ အရှိန်ရပ်သွားခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ကုလသမဂ္ဂရဲ့အမျိုးသမီးအခွင့်အရေး ကော်မတီက ဂျပန် တော်ဝင်မိသားစု အနေနဲ့ အမျိုးသမီး တစ်ဦးကို နန်းမွေခံအဖြစ် ဆက်ခံစေရေး စဉ်းစားပေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဂျပန် အစိုးရက ပယ်ချခဲ့ပြီး ထီးနန်း ဆက်ခံရေး ကိစ္စဆိုတာ ဂျပန်ရဲ့ အမျိုးသားရေး ဝိသေသ လက္ခဏာတွေနဲ့သာ သက်ဆိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား – AP
















































