close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေပိုင်နက်ကို ပိတ်ထားကြောင်း ထရမ့်ရဲ့ မှတ်ချက်ဟာ နယ်ချဲ့ဝါဒဆန်တဲ့ ခြိမ်းခြောက်မှုလို့ ဗင်နီဇွဲလား တုံ့ပြန်

ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ပစ်လိုက်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မှတ်ချက်စကားဟာ နယ်ချဲ့ဝါဒကို ထင်ဟပ်စေတဲ့ ခြိမ်းခြောက်မှုမျိုးလို့ ဗင်နီဇွဲလားက စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ထားပြီလို့ ယူဆသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မှတ်ချက်စကားဟာ နယ်ချဲ့ဝါဒကို ထင်ဟပ်စေတဲ့ ခြိမ်းခြောက်မှုမျိုးလို့ ဗင်နီဇွဲလားက စွပ်စွဲခဲ့ပါတယ်။

ထရမ့်ရဲ့ အဲဒီစကားဟာ ဗင်နီဇွဲလား ပြည်သူတွေအပေါ် အမေရိကန်ဆီက လွန်ကဲတဲ့၊ တရားမဝင်တဲ့၊ မမျှတတဲ့၊ နယ်ချဲ့ဝါဒကို ထင်ဟပ်စေတဲ့ နောက်ထပ် ရန်လိုမှု တစ်ခုသာ ဖြစ်တယ်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ တခြားနိုင်ငံတစ်ခုရဲ့ လေပိုင်နက်ကို တရားဝင် လုပ်ပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ အွန်လိုင်းမှာ ထရမ့်ရေးသားခဲ့တဲ့ မှတ်ချက်စကားကြောင့် ဗင်နီဇွဲလားမှာ လေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ မရေရာမှုတွေ၊ လေကြောင်းလိုင်းတွေက ဗင်နီဇွဲလား လေပိုင်နက်ကို ရှောင်ကွင်း ပျံသန်းတာမျိုးတွေ အကျိုးဆက်အဖြစ် ရှိလာနိုင်ပါတယ်။

ထရမ့်လက်ထက်မှာ အမေရိကန် အစိုးရဟာ ဗင်နီဇွဲလားအပေါ် ခါးသီးရန်လိုမှုတွေ ပိုပြီး သိသိသာသာ ပြသလာခဲ့ပါတယ်။ ဗင်နီဇွဲလားကနေ အမေရိကန်ဆီ တရားမဝင် မူးယစ်ဆေး မှောင်ခို တင်သွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာရေဘီယန် ပင်လယ်ပြင်မှာ ဒါဇင်နဲ့ချီ များပြားတဲ့ ဗင်နီဇွဲလား စက်လှေတွေကိုလည်း အမေရိကန် စစ်တပ်က တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။ အမေရိကန်က ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရို ကိုယ်တိုင်ဟာ မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးလို့ စွပ်စွဲပြီး ဒေါ်လာ သန်း ၅၀ ဆုငွေထုတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က လေကြောင်းလိုင်းတွေ၊ လေယာဉ်မှူးတွေ၊ မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားသူတွေ၊ လူမှောင်ခိုသမားတွေ အားလုံး အနေနဲ့ ဗင်နီဇွဲလားနိုင်ငံ အထက်နဲ့ ဘေးပတ်ဝန်းကျင် လေပိုင်နက်ဟာ လုံးဝဥဿုံ ပိတ်ထားလိုက်ပြီလို့ ယူဆသင့်ကြောင်း ရေးသားထားခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ သမ္မတရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ဘာမှ ရှင်းပြတာမျိုး မရှိသေးပါဘူး။ လွှတ်တော်ထဲမှာတော့ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကန်ပါတီ အမတ်တချို့က ထရမ့်အနေနဲ့ တရားဝင် လုပ်ပိုင်ခွင့်ထက် ကျော်လွန်တဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့အပေါ် ဝေဖန်ခဲ့ကြပါတယ်။

ဗင်နီဇွဲလားနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ အဆင်ခြင်မဲ့တဲ့ လုပ်ရပ်တွေက အမေရိကန်ကို စရိတ်ကြီးမားတဲ့ နောက်ထပ် စစ်ပွဲတစ်ခု ဆင်နွှဲရမယ့် အခြေအနေနဲ့ ပိုပိုပြီး နီးကပ်လာနေစေတယ်လို့ ဒီမိုကရက်တစ် ပါတီရဲ့ အထက်လွှတ်တော်အမတ် ချက်ခ်ရှူးမားက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ သူက အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်ကြေညာမှုကို သမ္မတက လုပ်ပိုင်ခွင့် မရှိဘဲ လွှတ်တော်ကသာ ဆုံးဖြတ်နိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ်ဖြစ်ပြီး ထရမ့်ရဲ့ အမာခံ အားပေး ထောက်ခံသူ အဖြစ်ကနေ လတ်တလောမှာ ထရမ့်ကို ဆန့်ကျင်သူအဖြစ် ကူးပြောင်းသွားတဲ့ မာဂျော်ရီ တေလာ ဂရင်းကလည်း စစ်ကြေညာတယ်ဆိုတာ လွှတ်တော် တစ်ခုတည်းမှာသာရှိတဲ့ လုပ်ပိုင်ခွင့်ဆိုတာ မမေ့ဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။

ဗင်နီဇွဲလားနဲ့ အနီးတဝိုက်မှာ စစ်ရေးတင်းမာမှုတွေ ရှိနိုင်တာကို လေကြောင်းလိုင်းတွေ အနေနဲ့ သတိထားသင့်တယ်လို့ အမေရိကန် ဖက်ဒရယ် လေကြောင်း ကွပ်ကဲမှုဌာန (FAA)က ထုတ်ပြန်ပြီး နောက်တစ်နေ့မှာပဲ ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ထားပြီလို့ ယူဆသင့်ကြောင်း ထရမ့်ဆီက မှတ်ချက်စကား ထွက်ပေါ်လာတာပါ။

အမေရိကန်ဟာ ဗင်နီဇွဲလား ကမ်းလွန် ကာရေဘီယန် ပင်လယ်ထဲမှာ တပ်အင်အား အလုံးအရင်း ဖြန့်ကျက်ထားသလို မူးယစ်မှောင်ခို လှေတွေလို့ စွပ်စွဲပြီး ဗင်နီဇွဲလား စက်လှေ ၂၁ စီးထက် မနည်းကို နှစ်မြှုပ်ခဲ့သလို လှေအဖွဲ့သားတွေ အယောက် ၈၀ ကျော်ကို သုတ်သင်ခဲ့ပြီး ဖြစ်ပါတယ်။

ပြီးတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်သင်္ဘောအဖြစ် သတ်မှတ်ခံထားရတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Ford ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုဟာလည်း ထရမ့်ရဲ့ အမိန့်အရ ကာရေဘီယန် ပင်လယ်ပြင်ကို ရောက်ရှိနှင့်ပြီး ဖြစ်ပါတယ်။

ကိုးကား: BBC
https://www.bbc.com/news/articles/c741mpdyw9no

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တတိယ နိုင်ငံတွေ၊ တစ်နည်းအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကနေ အမေရိကန်ဆီ ရွှေ့ပြောင်း အခြေချမှု အားလုံးကို အပြီးတိုင် ရပ်ဆိုင်းထားတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (green card) ရထားသူတွေထဲက နိုင်ငံပေါင်း ၁၉ ခုရဲ့ နိုင်ငံသားတွေကို ပြန်လည် စိစစ်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး တရုတ်ကို ရန်သွားမစဖို့ ဂျပန် ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဂျပန် အစိုးရက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။