ကြိုတင် ကြေညာထားတဲ့အတိုင်း သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ ကမ္ဘာ့ ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ (ကမ္ဘာ့ AIDSနေ့)ဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDSနေ့မှာ အမေရိကန် အစိုးရဟာ အဲဒီရောဂါဆိုးကြီး တိုက်ဖျက်ရေးအတွက် အစီအမံတွေ၊ နှိုးဆော် အားပေးမှုတွေမှာ ပါဝင်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ AIDSနေ့ကို အမေရိကန်က ဆက်လက် အသိအမှတ်ပြုတာ၊ ရန်ပုံငွေ သုံးစွဲထောက်ပံ့တာတွေ လုပ်တော့မှာ မဟုတ်ဘူးလို့ ထရမ့်ရဲ့ အစိုးရက လွန်ခဲ့တဲ့ ၃ ရက်လောက် ကတည်းက ကြေညာထားပါတယ်။
New York Times သတင်းဌာနရဲ့ အဆိုအရ ထရမ့်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ဆိုင်ရာ နိုင်ငံတကာ အခမ်းအနားတွေမှာ အစိုးရ အသုံးစရိတ်တွေ ထုတ်သုံးတာမျိုး မလုပ်တော့ဖို့ သက်ဆိုင်ရာ ဌာနခွဲ အသီးသီးဆီ ညွှန်ကြားထားကြောင်း သိရပါတယ်။
ဒါဟာ ၁၉၉၃ ခုနှစ် ကတည်းက အစပြုခဲ့တဲ့ ကောင်းမွန်တဲ့ အစဉ်အလာ တစ်ခုကို ရုတ်တရက် ရပ်ဆိုင်းပစ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ သမ္မတ ဘီလ်ကလင်တန် လက်ထက်ကစလို့ ကမ္ဘာ့ AIDSနေ့ လှုပ်ရှားမှုတွေမှာ အမေရိကန်လည်း တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

Public Service Announcement
ဒီဇင်ဘာ ၁ ရက်မှာ ထရမ့်အနေနဲ့ ကမ္ဘာ့ AIDSနေ့ဆိုင်ရာ သမ္မတ ကြေညာချက်တစ်ခုခု ထုတ်ပြန်ဖို့ရော စီစဉ်ထားသလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ဖေဖော်ဝါရီလတုန်းကလည်း ထရမ့်ဟာ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အပံ့ ရန်ပုံငွေတွေ ပမာဏ အမြောက်အမြားကို ဖြတ်တောက်ခဲ့တာကြောင့် AIDS ရောဂါ ဖြစ်ပွားစေတဲ့ HIV ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးဝါးတွေ ဆက်လက် ထောက်ပံ့ဖို့ ကမ္ဘာ့နိုင်ငံ အများအပြားမှာ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။
ကမ္ဘာ့ AIDSနေ့ကို ၁၉၈၈ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပြီး ကပ်ရောဂါကြီး တစ်ခုအဖြစ် နိုင်ငံတကာကို ပျံ့နှံ့ခဲ့တဲ့ AIDSနဲ့ ပတ်သက်ပြီး အသိပညာ ပေးမှုတွေကို မြှင့်တင်ဖို့၊ ရောဂါဆိုးကြီးကြောင့် တိမ်းပါးခဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲမှုကို ပြသဖို့ ကျန်းမာရေး အသိပေးမှုဆိုင်ရာ အစီအစဉ်တွေ၊ အခမ်းအနားတွေကို နှစ်စဉ် ကျင်းပခဲ့ပါတယ်။
ကိုးကား: New York Times
















































