ကုလသမဂ္ဂကို ဗဟိုပြုထားတဲ့ လက်ရှိ နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု အခင်းအကျင်းကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။
ဖင်လန် သမ္မတ ပက်တာရီ အော်ပိုကို ဘေဂျင်းမြို့တော်မှာ ဇန်နဝါရီ ၂၇ ရက်နေ့က လက်ခံတွေ့ဆုံချိန်မှာ ရှီက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေအတွက် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (BoP)ဆိုတဲ့ နိုင်ငံတကာ အင်အားစုသစ် တစ်ခုကို ထူထောင်ဖို့ တက်တက်ကြွကြွ ကြိုးစားနေပြီး BoPဟာ ကုလသမဂ္ဂရဲ့ ရပ်တည်မှုကို စိန်ခေါ်မယ့်၊ မှေးမှိန်စေမယ့် ခြေလှမ်းတစ်ခု ဖြစ်နိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ထရမ့်က BoPမှာ ပါဝင်ဖို့ တရုတ်ကိုလည်း ဖိတ်ခေါ်ထားပေမယ့် ရှီကတော့ တရုတ်အနေနဲ့ ကမ္ဘာ့အရေးအခင်းတွေမှာ ကုလသမဂ္ဂရဲ့ ဦးဆောင်မှုကိုပဲ ဆက်လက် ယုံကြည် လက်ခံမယ်လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် ဥရောပ အင်အားကြီးနိုင်ငံ တချို့ဟာလည်း ထရမ့်ရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ထားကြပါတယ်။
အော်ပိုနဲ့ တွေ့ဆုံချိန်မှာ ရှီက တရုတ်ဟာ ဖင်လန်နိုင်ငံနဲ့ အလုပ်အတူတွဲလုပ်ဖို့ အလေးအနက် ဆန္ဒရှိကြောင်း၊ ပြီးတော့ ကုလသမဂ္ဂက ဗဟိုချက် နေရာမှာ ပါဝင်နေတဲ့ နိုင်ငံတကာ စနစ်မျိုးကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားလိုကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
BoPမှာ ပါဝင်ဖို့ ထရမ့်ရဲ့ ဖိတ်ကြားမှုကို တရုတ် အစိုးရက တိတိကျကျ အကြောင်းမပြန်သေးပေမယ့် အဲဒီနောက်ပိုင်းမှာ တရုတ် အစိုးရ အရာရှိတွေရော၊ ရှီကပါ ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံတကာ အခင်းအကျင်းမျိုးကိုသာ ဆက်လက် လိုလားနေမှာဖြစ်ကြောင်း မကြာခဏ ထုတ်ပြောခဲ့ကြပါတယ်။
အော်ပိုက သူ့အနေနဲ့ နိုင်ငံတကာ အရေးအခင်းတွေ အပါအဝင် ကဏ္ဍမျိုးစုံကို ရှီနဲ့ ထိတွေ့ ဆွေးနွေးပြီး ပူးပေါင်းကိုင်တွယ်ဖို့ ဆန္ဒရှိကြောင်း အသိပေးသွားပါတယ်။ အော်ပိုဟာ တရုတ်ကို ၄ ရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။
ထရမ့်က မဟာမိတ် ဥရောပ နိုင်ငံတွေအပေါ် စိမ်းကားပြတ်တောက်လိုတဲ့ သဘောထားတွေ ပိုမိုပြသလာခြင်းနဲ့အတူ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဘေဂျင်းကို အနောက်နိုင်ငံ ခေါင်းဆောင်တွေ အလည်အပတ် သွားရောက်ပြီး ရှီနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပိုမို များပြားလာပါတယ်။ မကြာသေးခင်က ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးနဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်တို့လည်း ဘေဂျင်းကို ရောက်ရှိခဲ့ပြီး အခုသီတင်းပတ်ထဲမှာ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာလည်း တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
တရုတ်နဲ့ ဖင်လန်တို့ကြား ဆက်ဆံရေး နွေးထွေးလာပေမယ့်လည်း ယူကရိန်းစစ်ပွဲ အပါအဝင် နိုင်ငံတကာ အရေးကိစ္စတွေမှာတော့ သဘောထား ကွဲလွဲမှုတွေ အထင်အရှား ဆက်ရှိနေဆဲပါ။ ဖင်လန်ဟာ NATO စစ်မဟာမိတ် အဖွဲ့နဲ့အတူ ယူကရိန်းဖက်က ရပ်တည်နေပါတယ်။ နိုဝင်ဘာလတုန်းက ဖင်လန် ကာကွယ်ရေးဝန်ကြီး အန့်တေး ဟက်ကာနန်က တရုတ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို အထောက်အကူ ဖြစ်စေဖို့ ငွေကြေးအလုံးအရင်း ထောက်ပံ့ပေးနေကြောင်း စွပ်စွဲခဲ့ပါတယ်။ ရုရှားရဲ့ အဓိက ကုန်သွယ်ရေး မဟာမိတ်ဖြစ်တဲ့ တရုတ်ကတော့ အဲဒီစစ်ပွဲမှာ တရုတ်ဟာ ဘက်မလိုက် ကြားနေဝါဒနဲ့သာ ရပ်တည်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Reuters















































