နယ်သာလန် ဘုရင့် မိဖုရားကြီးဟာ နိုင်ငံရဲ့ စစ်တပ်အတွက် အရန်တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်အမှုထမ်းဖို့ စာရင်း ပေးသွင်းလိုက်ပါတယ်။
ဟိဂ်မြို့မှာရှိတဲ့ တော်ဝင် ရုံးတော်က မိဖုရားကြီး မက်ဆီမာရဲ့ ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ ဘုရင် ဝီလီယံ အလက်ဇန္ဒားရဲ့ ဇနီးဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် မက်ဆီမာဟာ အရန်တပ်ဖွဲ့ဝင် တစ်ဦးအနေနဲ့ စစ်သင်တန်း တက်မှုကို ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက စတင်နှင့်ပြီး ဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။
ရေတို စစ်သင်တန်းတစ်ခု တက်ပြီးရင် မိဖုရားကြီးဟာ နယ်သာလန် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အချိန်ကာလ တစ်ခုထိ လက်တွဲပြီး အလုပ်လုပ်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။ မက်ဆီမာဟာ သမီးတော် အိမ်ရှေ့မင်းသမီး အမ်မလီယာရဲ့ လမ်းစဉ်ကို လိုက်ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ အမ်မလီယာဟာလည်း အရန်တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အခြေခံ စစ်သင်တန်းကို လောလောလတ်လတ် ပြီးဆုံးထားပါတယ်။ အဲဒီနောက် သူဟာ စစ်တပ်နဲ့ အချိန်ပိုင်း ပူးပေါင်း အလုပ်လုပ်ဖို့လည်း ရှိနေပါတယ်။
နယ်သာလန်မှာ အရန်တပ်ဖွဲ့တွေဟာ စစ်သင်တန်း ပြီးဆုံးထားပြီးတဲ့နောက် စည်းမျဉ်းတွေ အရမ်းတင်းကျပ်မထားတဲ့ စစ်တပ် အရန်အင်အားစုတွေ ဖြစ်ပါတယ်။ ပြီးတော့ စစ်ဖြစ်သလိုမျိုး အရေးပေါ် အခြေအနေတွေမှာတော့ စစ်တပ်ဆီ သတင်းပို့ပြီး ပူးပေါင်းရမှာပါ။

Public Service Announcement
မက်ဆီမာဟာ လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ အရင်ကလည်း အတွေ့အကြုံတချို့ ရှိခဲ့ဖူးပါတယ်။ အောက်တိုဘာလတုန်းက သူဟာ နယ်ခြားစောင့် ရဲသင်တန်း တက်ရောက်ခဲ့ပြီး အဲဒီတုန်းက ပြောက်ကျားယူနီဖောင်း ဝတ်ပြီး မျက်နှာကို ပုံဖျက်တဲ့ မိတ်ကပ်တွေ လိမ်းနေတဲ့ မိဖုရားကြီးရဲ့ ဓာတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ဖူးပါတယ်။
နယ်သာလန်မှာ အရပ်တပ်ဖွဲ့ဝင်တွေ လက်ခံမှုကို အသက် ၅၅ နှစ်အောက်လို့ သတ်မှတ်ထားပြီး မက်ဆီမာက အချိန်မီလေး စစ်သင်တန်း တက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ အာဂျင်တီးနားနွယ်ဖွား အမျိုးသမီးကြီးဟာ မေလကျရင် အသက် ၅၅ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။
တော်ဝင်ရုံးတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ နယ်သာလန် နိုင်ငံရဲ့ လုံခြုံရေးဟာ အရင်ကလို စိတ်အေးနေစရာ မဟုတ်တော့ဘူးလို့ ယူဆတာကြောင့် တခြား တာဝန်သိ နိုင်ငံသား အများအပြားလိုပဲ နိုင်ငံလုံခြုံရေးမှာ တစ်တပ်တစ်အား ပါဝင်ချင်လို့ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
ကိုးကား: DPA

















































