close
/

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်သည့်အနက် အများစုမှာ လွတ်ရက်နီးသူများဖြစ်

လွတ်ရက်စေ့ခါနီး လူငယ်များကို ပြန်လွှတ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအမှုလိုက် ဝါရင့်ရှေ့နေတစ်ဦးက ဆိုပြီး ၎င်းကိုယ်တိုင် အမှုလိုက်ပေးခဲ့သည့် NLD လွှတ်တော်အမတ်အချို့နှင့် ပါတီတာဝန်ရှိသူများ လွတ်မြောက်လာခြင်းမရှိဟု ပြောသည်။

၂၀၂၃၊ မေ ၃ ရက် ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့ မြင်ကွင်း။ ဓာတ်ပုံ-Myanmar Now

အာဏာသိမ်းစစ်တပ်က ၎င်းတို့ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ယနေ့ (မေ ၃) ပြန်လွှတ်ရာ၌ အများစုမှာ ပြစ်ဒဏ်စေ့ လွတ်ရက်နီးသူများဖြစ်ကြောင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးက ဆိုသည်။

ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂၁၅၃ ဦးကို ပြန်လွှတ်ပေးမည်ဆိုသော စစ်ကောင်စီထုတ်ပြန်ချက်တွင် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ကျန်ရှိပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမည်ဆိုသော စည်းကမ်းချက်ဖြင့် လွှတ်ပေးသည်ဟု ပါရှိသည်။

အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခံထားရသူ ၃၈ ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ကြောင်း စစ်ကောင်စီက နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ယနေ့ ညနေပိုင်းတွင် ထပ်မံ ကြေညာသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မည်ဆိုသော သတင်းကြောင့် အကျဉ်းထောင်အသီးသီးတွင် ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ မိသားစုဝင်များ သွားရောက်စောင့်ဆိုင်းခဲ့ကြသည်။

နိုင်ငံရေးအမှုလိုက် ဝါရင့်ရှေ့နေ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် “လွတ်ရက်စေ့ခါနီး လူငယ်တွေပဲ ပြန်လွှတ်တာ များတယ်” ဟု ပြောသည်။

၎င်းကိုယ်တိုင် အမှုလိုက်ပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်အမတ်အချို့နှင့် ပါတီတာဝန်ရှိသူများ လွတ်မြောက်လာခြင်း မရှိဟုလည်း အဆိုပါရှေ့နေက ဆိုသည်။​

အာဏာသိမ်းစစ်ကောင်စီက NLD ပါတီဝင်များကို ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅-က အပြင် အခြားပုဒ်မများဖြင့်ပါ ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

လက်ရှိအချိန်ထိ လွတ်မြောက်လာသူအများစုမှာ ပြစ်ဒဏ်စေ့ လွတ်ရက်နီးသူများဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီးစ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးထောင်ချခံရသူများဖြစ်သည်ဟု ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ ယနေ့ ပြန်လွတ်လာသူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“ထောင်ထဲမှာ အကြမ်းဖက်မှုပုဒ်မနဲ့ တရားစွဲခံရသူတွေ အများစု ကျန်ခဲ့တယ်။ လွတ်ဖို့ရက် သိပ်မကျန်တော့တဲ့သူတွေကို နောက်ထပ်ပြစ်မှုကျူးလွန်ရင် ကျန်နေတဲ့ နှစ်တွေနဲ့ ပေါင်းပြီး ထောင်ကျခံရမယ်ဆိုပြီး ပြန်လွှတ်ပေးတာပါ” ဟု ၎င်းက ဆိုသည်။

ယနေ့ ပြန်လွတ်လာသူများတွင် ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်က သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည့် အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ်(ခ) ကိုဖိုးသားနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းရယူနေစဉ် အဖမ်းခံရကာ ပုဒ်မ ၅၀၅(က) ဖြင့်ပင် ထောင် ၃ နှစ် ချခံခဲ့ရသည့် သတင်းထောက် မငြိမ်းငြိမ်းအေး(ခ) မေဘယ်တို့ ပါဝင်သည်။

ထိုပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ​ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်သော အသံတိတ်သပိတ်အကြောင်း ဓာတ်ပုံရိုက်ကူးနေစဉ် အဖမ်းခံရသည့် အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်း(ခ) ကိုဘလိတ်လည်း ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ ယနေ့ ပြန်လွတ်လာသည်။

ကိုဇော်ထွန်းနှင့်အတူ ဖမ်းဆီးခံရသည့် အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်မှာမူ စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးခဲ့သည်။

လွတ်မြောက်လာသူများထဲတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ၂၀ ပါဝင်သည်ဟု တကသကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။

ရန်ကုန် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ယနေ့ ပြန်လည်လွတ်မြောက်သည်ဟု သိရသော်လည်း မည်သည့်နိုင်ငံရေးအကျဉ်းသားများ ပါဝင်သည်ကိုမူ မသိရသေးပေ။  

မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားအချို့လည်း ယနေ့လွတ်မြောက်လာသူများထဲတွင် ပါဝင်သည်ဟု စုံစမ်းသိရှိရသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။ လွတ်မြောက်လာသူများထဲတွင် မန္တလေးရှိ အိုးဘိုထောင်မှ အခြားဒေသသို့ ပြောင်းရွှေ့ခံထားရသူများ ပါဝင်သည်ဟု နိုင်ကျဉ်းမိသားစုဝင်အချို့ထံမှ သိရသည်။

မကွေးအကျဉ်းထောင်မှ ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်ကျခံနေရသူ ၄၀ ကျော်ခန့် ပြန်လွတ်လာပြီး အများစုမှာ မကွေး ၊ ရေနံချောင်း၊ ချောက်၊ နတ်မောက် စသည့် မြို့နယ်များမှ ဖြစ်သည်ဟု ထိုဒေသတွင် နိုင်ငံရေးအမှုများ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက ပြောသည်။

“နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား နာမည်ရှိတဲ့သူ မပါဘူးခင်ဗျ။ အယောက် ၄၀ ကျော် ပြန်လွတ်တယ်လို့ပဲ သိရပါတယ်။ စာရင်းအတိအကျတော့ မသိရပါဘူး” 

မွန်ပြည်နယ် သထုံအကျဉ်းထောင်မှ ၄ ဦး လွတ်မြောက်လာကြောင်း စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားက ဆိုပြီး တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှ ၃၄ ဦး လွတ်မြောက်သည်ဟု ဒေသအခြေစိုက် Dawei Watch သတင်းဌာနက ဖော်ပြသည်။

ယနေ့ မွန်းလွဲ ၂ နာရီအထိ ရှမ်းပြည်နယ်ရှိ တောင်လေးလုံးထောင်မှ ၄၆ ဦး၊ လားရှိုးထောင်မှ ၁၃ ဦး၊ ပဲခူးတိုင်း ပြည်ထောင်မှ ၄၉ ဦး၊ တနင်္သာရီတိုင်း ထားဝယ်ထောင်မှ ၃၄ ဦး၊ မြိတ်ထောင်မှ ၁၄ ဦး ပြန်လွတ်လာသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ထံမှ သိရသည်။

မြိတ်အကျဉ်းထောင်မှ ၂၄ ဦး ပြန်လွှတ်မည်ဟု ကနဦးစာရင်းထွက်လာသော်လည်း ၁၀ ဦးကို ပြန်မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထားသည်ဟု ၎င်းက ပြောသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်သူများ၊ ထိုဆန္ဒပြပွဲများကို အားပေးထောက်ခံသူများ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ရေးသားဖော်ထုတ်သူများနှင့် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင် ရေးတင်သူများကိုပါမကျန် စစ်တပ်က ဖမ်းဆီးကာ အများစုကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့် အရေးယူလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ထိုင်းရွေးကောက်ပွဲနှင့် မြန်မာပြည်ဆိုင်ရာမူဝါဒ အလားအလာ

ထိုင်းဝန်ကြီးချုပ်လောင်းများတွင် ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး မတူညီသော ရပ်တည်ချက် ရှိနေရာ ထိုင်းရွေးကောက်ပွဲသည် အိမ်နီးချင်းမြန်မာတို့ စောင့်ကြည့်စရာ အရွေ့တစ်ခု ဖြစ်လာသည်။

ရေဦးမြို့မှ အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း NUG အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်သော်လည်း စာသင်ချိန် ပြောင်းလဲထားသဖြင့် ကလေး ၃၀၀ သေဘေးမှ လွတ်ကင်းသွားသည်။

ဟားခါးရှိ CDF ရုံး လေကြောင်းမှ အတိုက်ခံရ၊ ၂ ဦး သေဆုံး

ချင်းပြည်နယ်မြို့တော်တွင် စစ်ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် CDF အဖွဲ့မှ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသည်။ ဒေသခံတို့ကို နေရာရွှေ့ထားနိုင်သဖြင့် ထိခိုက်မှု နည်းပါးခြင်းဖြစ်သည်ဟု

ရေးမြို့တွင် လေတပ်က နှစ်ရက်ဆက် တိုက်ခိုက်၊ PDF ၃ ဦး သေဆုံး

မွန်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တပ်သား တချို့ သေဆုံးသည်၊ ဒဏ်ရာရသူများထဲတွင် ဒေသခံ အမျိုးသမီး ၂ ဦး ပါဝင်ပြီး နေအိမ်တချို့ မီးလောင်သွားသည်။

ငါးကြိမ်မြောက် ဝင်စီးခံရသည့်ရွာမှ လက်ကျန်စာသင်ကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ရေဦးမြို့နယ်အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀၀ နီးပါးရှိကာ စစ်ကိုင်းတိုင်းအတွင်း ကက်သလစ်ဘာသာဝင်များ နေထိုင်ရာ ရွာကြီးတစ်ရွာ ဖြစ်သည်။