မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ယာခင်းတစ်ခုထဲတွင် အသက် ၄၀ ဝန်းကျင်စီ ရှိကြသော ဦးမုန်ပီး*တို့ လင်မယား ငရုတ်ပွသီး ခူးဆွတ်နေသည်။
ယခုနှစ်တွင် ငရုတ်ပွ အထွက်တိုးသော်လည်း သူတို့ မိသားစု မပျော်ရွင်နိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ခူးပြီးသော်လည်း စျေးကွက်သို့ မရောက်နိုင်ခြင်းကြောင့်ပင်။
ယခင်နှစ်များတွင် အနီးရှိ စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ တင်ပို့ရောင်းချမှုက မိသားစုအတွက် အဓိက ၀င်ငွေလမ်းကြောင်းဖြစ်ခဲ့သည်။
ချင်းတောင်တန်းပေါ်မှ ဒေသခံတို့မှာ တောင်ယာစိုက်သူများ ဖြစ်သော်လည်း ယနေ့ကာလ စစ်ပွဲ၊ လမ်းပိတ်ဆို့မှု၊ စစ်ဘေးရှောင်ရမှုကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ကမောက်ကမ ဖြစ်လာသည်။ ဦးမုန်ပီးတို့မိသားစုကဲ့သို့ပင် တောင်သူတို့မှာ စိုက်ပျိုးရေးထွက်ကုန်များ ပျက်စီးမှုသာမက နေအိမ်ဆုံးရှုံးရနိုင်ခြေ၊ လုံခြုံရေး၊ အနာဂတ်တို့နှင့် ပတ်သက်ပြီး နေ့စဉ်နှင့်အမျှ စိတ်ပူနေကြရလေသည်။
အရှုံးပေါ်သည့်နှစ်
၂၀၂၄ ခုနှစ် ဇန်နဝါရီလက ဒေသတွင်း ထင်ရှားသည့် သိုင်းငင်းရွာတွင် တည်ရှိသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းနိုင်ခဲ့၍ ဦးမုန်ပီးတို့ ဒေသလည်း လွတ်မြောက်နယ်မြေ ဖြစ်လာသည်။
သို့သော် ၂၀၂၅ ခုနှစ် မေလတွင် ကလေးမြို့နယ်ဘက်မှ အာဏာသိမ်းတပ်က အင်အား ၈၀၀ ၀န်းကျင်ဖြင့် ချင်းပြည် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည်။
ထိုအချိန်မှစ၍ ကလေး- သိုင်းငင်း- တီးတိန်လမ်းကို တော်လှန်ရေးတပ်က ပိတ်ထားခဲ့သည်။
ကလေးမြို့မှ ၁၇ မိုင်အကွာ မွှာပီးရွာသို့ ထိုစစ်ကြောင်း အရောက်တွင် တော်လှန်ရေးတပ်က ဟန့်တားရာ တိုက်ပွဲ တစ်လကျော်ကြာ ပြင်းထန်ခဲ့သည်။
လက်ရှိတွင် စစ်တပ်က ခိုင်ကမ်းမြို့နှင့် ငါး မိုင်အကွာ ဒေသအခေါ် ရှုခင်းသာတွင် တပ်စွဲထားသည်၊ စစ်ကြောင်းပြန်ထိုးနိုင်ရေး ပြင်ဆင်နေဖွယ်ရှိသည်ဟု အများက ယူဆနေကြသည်။
ကလေး- သိုင်းငင်းလမ်းသည် ချင်းပြည်နယ် မြောက်ပိုင်း၏ အဓိက ၀င်ပေါက်ဖြစ်သည့်အပြင် အမှတ် ၂ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းလည်း ဖြစ်သည်။
ယခုအချိန်အထိ လမ်းပြန်လည် ဖွင့်နိုင်ခြင်းမရှိသေးသလို ဖြတ်သန်းသွားလာလျှင် စစ်တပ်က ဖမ်းဆီးငွေတောင်းသည်၊ နှိပ်စက်သည်ဟု ကြုံတွေ့ခဲ့ရသူများက ဆိုသည်။
ဦးမုန်ပီးတို့ ဒေသခံများလည်း ခူးဆွတ်ပြီးသော တောင်ယာထွက် ရာသီကုန်သီးနှံများ ပျက်စီးသွား၊ ပုပ်သွားသည်ကို ထိုင်ကြည့်နေကြရလေသည်။
ပြည်နယ် မြောက်ပိုင်းတွင် ခရမ်းခါး၊ ငရုတ်ပွ၊ အာလူးနှင့် ပြောင်းဖူး စိုက်ပျိုးလေ့ရှိသည်။ ပြောင်းဖူးမှာ မိရိုးဖလာ စိုက်ပျိုးခဲ့ကြသည့် သီးနှံ ဖြစ်သည်။ ထွက်ကုန်များကို စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဘက် တင်ပို့သလို အိန္ဒိယနယ်စပ်ရှိ နာမည်ကျော် အသည်းပုံရေကန်ရှိရာ ရိခေါ်ဒါရ်မြို့သို့လည်း ပို့ကြသည်။
စစ်အာဏာသိမ်းပြီးနောက် ခုခံတော်လှန်ရေး ပြင်းထန်သည့် ချင်းပြည်နယ်အတွင်းသို့ စစ်တပ်က ဆေးဝါး အပါအဝင် ကုန်စည်များကို အသွင်းအထုတ် ပိတ်ပင်ခဲ့သည်။ အကျိုးဆက်အားဖြင့် ကုန်စည် သယ်ယူစရိတ် ကြီးမြင့်လာရာ ထိုဒဏ်ကို ဒေသခံတို့ ခါးစည်းခံနေရသည်။
ကားသမားများကလည်း လမ်းခရီးတလျှောက် ဖြတ်သန်းရသည့် စစ်ဆေးရေးဂိတ်တိုင်းတွင် နှစ်ဖက်လက်နက်ကိုင်တို့ကို ဂိတ်ကြေး ပေးဆောင်ရသောကြောင့် ကုန်ပိုင်ရှင်များကို တန်ဆာခ ပိုတိုး ကောက်ခံလာကြသည်။
လမ်းတွင် သီးနှံပျက်စီးလျှင် ကားခနှင့် လုပ်အား ဆုံးရှုံးရသည်ဟု တောင်သူ ဦးမုန်ပီးက ပြောသည်။
“ဒီနှစ်က ရှုံးတယ်။ တခြားလမ်းနဲ့ ကလေးရောက်အောင်ပို့နေပေမယ့်လည်း လမ်းခရီးက ပိုရှည်တဲ့အပြင် လမ်းမကောင်းတော့ ချက်ချင်းမရောက်နိုင်၊ လမ်းမှာတင်ပုပ်သွားတာ” ဟု သူက တောင်ယာထဲတွင် ပေါင်းနုတ်ရင်း ရှင်းပြသည်။
“ဒီနှစ်မှာတော့ ရောင်းလို့ရမယ့်အချိန်မှာ လမ်းတွေပိတ်တယ်။ ကလေးမြို့ကို ပို့မရဘူး၊ အစောပိုင်းက ရတဲ့ဟာတချို့ပဲ လမ်းမပိတ်ခင် နည်းနည်း ရောင်းချရတယ်။ ပို့လို့မရတော့ ဒီတိုင်း အပင်ပေါ်မှာ ပုပ်သွားတာပေါ့”

အိမ်အတွက် မွေးမြူရေး
ဒေသခံတို့သည် ဆောင်းရာသီ ဒီဇင်ဘာလမှစတင်၍ တောင်ယာခုတ်၊ ဖေဖော်ဝါရီလတွင် မီးရှို့ရှင်းလင်း မြေပြင်ရသည်။ နွေရာသီတွင် စတင်စိုက်ပျိုးကာ မိုးရာသီ ဇွန်၊ ဇူလိုင်လများတွင် ခူးဆွတ် ရောင်းချကြရသည်။
မိသားစု အများအပြားက ငရုတ်ပွပင်ကို အပင် ငါးထောင်မှ တစ်သောင်းကြား စိုက်ကြသည်။ မြေဩဇာကျွေး၊ ပေါင်းနုတ်၊ ရေလောင်း လုပ်ကိုင်ရန် အလုပ်သမားငှားရမ်းရသည်။ အစစ အရာရာ စျေးတက်လာသည့်အထဲတွင် မြေဩဇာလည်း ပါဝင်ကြောင်း တောင်သူများက ပြောသည်။
ထို့ကြောင့် တောင်ယာစိုက်၍ ရရှိသော ၀င်ငွေသည် မိသားစု စား၀တ်နေရေး ဖူလုံရုံသာရှိပြီး ကုန်စိမ်း မရောင်းချရ၍ အရှုံးပေါ်သောကြောင့် စား၀တ်နေရေး ခက်ခဲလာသည်ဟု တောင်သူများက ပြောသည်။
မိသားစုတပိုင်တနိုင် ၀က်မွေးမြူရေးသည် အဓိကကျပြီး အိမ်တိုင်းလိုလိုတွင် အနည်းဆုံး ၀က် တစ်ကောင် မွေးထားတတ်ကြသည်။
၀က်တစ်ကောင်ကို ၁၀ သိန်းခန့် ပေါက်ဈေးရှိသော်လည်း ကျွေးရသည့် ဖွဲနုနှင့် ဆန်ကွဲ ဈေးတက်လာခြင်းကြောင့် ထင်သလောက် တွက်ခြေ မကိုက်တော့ချေ။
ဒေါ်မန်ကျင်*က သူ၏ခြံထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ထားသလို မွေးမြူရေးကိုလည်း အခြားသူများထက် ပိုမို လုပ်ကိုင်သူ ဖြစ်ရာ နွား၊ နွားနောက်၊ ကြက်နှင့် ဆိတ်များလည်း မွေးမြူထားသည်။
“ကြက်ကတော့ အသားစားချင်တဲ့ခါ စားဖို့ပေါ့၊ ရောင်းဖို့မဟုတ်ဘူး။ ဒီမှာက အသားငါးတွေ ရောင်းတာကိုမရှိဘူး၊ အသားစားချင်ရင် မွေးမြူရေး လုပ်ရတယ်” ဟု ဒေါ်မန်ကျင်က ၀က်စာအတွက် ကန်စွန်းရွက်များကို ဖြတ်ရင်း ပြောပြသည်။
“နိုင်ငံရေးမကောင်းတော့ မွေးမြူရေးမှာလည်း ထိခိုက်ရတယ်။ နွားနောက်ဆိုတော့မှာ ဒီတိုင်းလွှတ်ထားတော့ မိုင်း နင်းမိပြီးသေတာလည်း များပြီ။ နွားနောက်သွားရှာရင်း မိုင်းတွေ နင်းမိမှာကိုလည်း စိုးရိမ်နေရသေးတယ်”

အရေးပါသည့်နေအိမ်
ဒေသခံတို့သည် စစ်ကြောင်းထိုးလာမှုများကြောင့် မကြာခဏဆိုသလို နေရပ်စွန့်ခွာရတတ်သည်။
တောင်ယာတဲများတွင် တိမ်းရှောင်ရတတ်သလို ပိုမိုလုံခြုံနိုင်မည့် ကျေးရွာများ၊ မြို့များအထိလည်း သွားရောက် ရွှေ့ပြောင်းခိုလှုံကြသည်။
အခြားကျေးရွာများသို့ တိမ်းရှောင်လျှင် ဆွေမျိုးနီးစပ်များ၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းများတွင် ခိုလှုံကြရသည်။
တိုက်ပွဲများ ဖြစ်ပွားခဲ့လျင် စစ်ရှောင်ရသည့် အချိန် ပိုရှည်ကြာတတ်သောကြောင့် စစ်ကြောင်းထိုးသည့်သတင်း ကြားလျှင် လိုအပ်မည့် ပစ္စည်းများ ထုပ်ပိုးပြင်ဆင်ထားလေ့ရှ်ိသည်။
ရွာသို့ စစ်ကြောင်းဝင်လာလျှင် များစွာ ထိခိုက် နစ်နာကြရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကြောင်းထိုးလာရင် သူတို့ကကားနဲ့ ဆိုတော့ ချက်ချင်းရောက်တယ်၊ ရွာနားတွေ ရောက်လာရင် သေနတ်တွေ ပစ်ဖောက်တာနဲ့ ဆိုတော့ ကြောက်တော့ တချို့က ပြေးကြတယ်။ မပြေးတဲ့ သူတွေဆိုရင် လမ်းပြခိုင်းတယ်” ဟု သူက အမဲလိုက်တူမီးသေနတ်ပြောင်းကို သန့်ရှင်းရေး လုပ်နေရင်း ဆိုသည်။
“စစ်ကြောင်းမရှိတော့လို့ အိမ်ပြန်တဲ့အခါကြရင် တချို့အိမ်က မီးလောင်၊ တချို့အိမ်က ကျည်ရာတွေအပြင် အိမ်က အားလုံးဖောက်ပြီးဖွင့်ပြီးသားရှိနေတယ်။ အဲဒါတွေ ပြန်နေလို့ရအောင်ပြန်ပြင်နေရတာပေါ့။ ထိုးစစ်ဆင်တာ ကြားတာနဲ့ ပြေးဖို့လွှားဖို့နဲ့ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေ သယ်ရမယ့်ဟာတွေစု၊ တချို့ဆို တောင်ယာထဲမှာ ထားကြတယ်”
ချင်းလူမျိုးတို့သည် နေအိမ်ကို မိမိ၏ ဂုဏ်သိက္ခာဟု ယူဆကာ ကာလရှည် ငွေကြေးစုဆောင်းပြီး အိမ်ကြီးအိမ်ကောင်းတစ်အိမ် ဆောက်လုပ်နေထိုင်လေ့ရှိကြသည်။
နေအိမ်မီးရှို့ခံရသဖြင့် တောင်ယာတဲတွင်သာ နေထိုင်ရသူများလည်း ရှိနေသည်။
တောတောင်ထဲ စစ်ဘေးရှောင်စဉ် ဆန်လုံလောက်မှုမရှိပါက ဆန်ပြုတ်၊ ပြောင်းဖူးပြုတ်ကို စားသောက်ကြရသည်။
ယခင်က ချင်းလူမျိုးများသည် ပြောင်းဖူး၊ ဆပ်နီများကို အဓိကထား စားသုံးခဲ့ကြပြီး နောက်ပိုင်းတွင် ဆန်ကို စိုက်ပျိုးကာ စားသောက်မှု ပုံစံ ပြောင်းလာခဲ့သည်။

သို့သော် စစ်တပ် အာဏာသိမ်းပြီးနောက်တွင် ဆန်၀ယ်ယူမရသည့် ဒေသများ၊ စစ်ဘေးရှောင်နေရသည့် ဒေသများတွင် ပြောင်းဖူးပြုတ်များကို စားသောက်လာရသောကြောင့် ခေတ်နောက်ပြန်ရောက်သလို ဖြစ်နေကြောင်း ချင်းလူကြီးများက ဆိုကြသည်။
မိုးရာသီတွင် ရာသီတုပ်ကွေး၊ ငှက်ဖျားအဖြစ်များ၍ ကျန်းမာရေးစရိတ်၊ စားသောက်စရိတ်အတွက် စစ်ရှောင်များက ရရာအလုပ်ကို လုပ်ကိုင်ကြသည်။
ဇူလိုင်လတွင် တွေ့ဆုံခဲ့ရသည့် အမျိုးသမီးတစ်ဦးက အသက်ရှင်သန်နေရသော်လည်း ဆုံးရှုံးမှုက ကြီးမားသည်ဟု ပြောသည်။
“အခု ဒီနှစ် စစ်ရှောင်တာက အခု တစ်လကျော်ပြီ၊ ဘယ်တော့အိမ်ပြန်လို့ရမလဲ၊ အိမ်တွေကရော ရှိဦးမလား၊ စိတ်တွေပူနေရတယ်” ဟု ထမင်းချက်နေသည့် မီးဖိုတွင် ထင်းထပ်ထည့်ရင်း နွမ်းလျစွာ သူက ပြောပြသည်။
“တောင်ယာလည်းလုပ်လို့မရ၊ တောင်ယာလုပ်ရမယ့်အချိန်တွေမှာ စစ်ရှောင်နေရတယ်။ တောင်ယာစပါး စိုက်ပျိုးပြီးခါစပဲ ရှိသေးတော့ စစ်ရှောင်နေရတော့ ဒီနှစ်အတွက်တော့ သွားပြီပေါ့”
ယခင်က မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးဒေသ ဖြစ်ခဲ့သော်လည်း အေးချမ်းသာယာခဲ့သည် ချင်းပြည်နယ်သည် လက်ရှိတွင် တိုက်ပွဲများကြောင့် လူဦးရေ တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
မကြာသေးခင်က တွေ့ဆုံမေးမြန်းခဲ့စဉ် ချင်းဒေသခံများက အသက်ရှင်သန်ချိန်အတွင်း အေးအေးချမ်းချမ်းသာ နေလိုကြောင်း ဆန္ဒရှိကြပြီး ကိုယ့်အိမ်ကိုယ့်ယာတွင် ငြိမ်းချမ်းစွာ လုပ်ကိုင်စားနိုင်မည့်အချိန် အမြန်ရောက်လာရန် မျှော်လင့်ကြောင်း ဆိုကြသည်။
(*သတင်းရင်းမြစ်၏ လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)



