ဘာသာသာသနာ ညှိုးနွမ်းစေသည်ဟူသည့်စွပ်စွဲချက်ဖြင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ နိုက်ကလပ်တစ်ခုမှ ဆိုင်ပိုင်ရှင်နှင်ဆိုင်မန်နေဂျာ၊ ရန်ကုန်မြို့နေ DJ တီးခတ်သူအမျိုးသမီးတစ်ဦးနှင့် DJ မန်နေဂျာတို့ကို စစ်တပ်က ဖမ်းဆီးလိုက်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့ညက မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃ လမ်းနှင့် ၃၆ လမ်း ထောင့် ရှိ “COVER ”နိုက်ကလပ်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်၊ တပြိုင်နက်တည်းမှာပင် DJ Violet ဟု လူသိများသည့် မခင်ထွေးထွေးမွန်ကို ရန်ကုန်မြို့၊ သဃင်္န်းကျွန်းမြို့နယ်နေအိမ်တွင် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။
စတူဒီယိုခေတ်ဦးအဆိုတော် မဂျစ် သီဆိုထားပြီး အဆိုတော်စိုးပိုင်နှင့်ပိုးအိစံတို့က ပြန်လည်သီဆိုထား သည့် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဟူသည့်သီချင်းကို မြူးကြွစေသည့်တီးလုံးများဖြင့် တီးခတ်ကခုန်နေသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ယက်တွင် ပျံ့နှံ့လာပြီးနောက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ) အမည်ခံ ပုဂ္ဂိုလ်များက အရေးယူပေးရန်လှုံ့ဆော်ခဲ့ကြသည်။
“နိုက်ကလပ်ကတော့ ညကတည်းက ချိပ်ပိတ်သွားတယ်။ ဝန်ထမ်းတွေလည်း ဖမ်းသွားတယ်လို့ သိရတယ် ။ DJ Violet ကိုတော့ ရန်ကုန်မှာ ဖမ်းတာလို့ပြောတယ်”ဟု မန္တလေးမြို့ခံအမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၂ ရက်နေ့က ပြောသည်။
ဖမ်းဆီးခံရသည့် DJ Violet(ခေါ်)မခင်ထွေးထွေးမွန်သည် မင်းသား နေမျိုးအောင်၏ ချွေးမတော်စပ်ပြီး အသက်၂၄ နှစ်ဝန်းကျင်ရှိသည်ဟု သိရသည်။
၎င်းက ဗုဒ္ဓသီချင်းအား DJ ဖွင့်၍ ကခုန်မိသည့်အတွက် တောင်းပန်ကြောင်း လူမှုကွန်ယက်တွင် စက်တင်် ဘာလ ၁၁ ရက်နေ့နံနက်က ရေးသားခဲ့သည့်အပြင် သဃင်္န်းကျွန်းမြို့နယ် သံဃာ့နာယကအဖွဲ့ထံတွင် သွားရောက်ဝန်ချ တောင်းပန်ခဲ့ပြီး သံဃာတော်များကလည်းခွင့်လွှတ်ခဲ့သည်ဟု ၎င်းတို့မိသားစုဝင်များ ၏လူမှုကွန်ယက် စာမျက်နှာများတွင် အသီးသီးရေးသားဖော်ပြထားကြသည်။
သို့သော် မျိုးချစ်ရဟန်းတော်များသမဂ္ဂဟူသည့်အဖွဲ့မှ အရှင်သုစိတ္တနှင့် မဘသ ပေါက်ကိုယ်တော်တို့က ဗုဒ္ဓဘာသာဝင်တို့၏စိတ်နှလုံးကိုညှိုးနွမ်းအောင်လုပ်သည်စွပ်စွဲကာ လူမှုကွန်ယက်တွင် ဝေဖန်ခဲ့ကြပြီး နောက်တစ်နေ့တွင် ယင်းကဲ့သို့ဖမ်းဆီးခံကြရခြင်းဖြစ်သည်။
“ဒီကလေးမလေး ဖမ်းခံရတာက ပေါက်ကိုယ်တော်ကြောင့် မဟုတ်ဘူး။ ပေါက်ကိုယ်တော် အော်လို့ ဖမ်းခံ ရတာမဟုတ်ဘူး။ ဦးဇင်းတို့က ခွင့်လွှတ်တယ်။ လူပုဂ္ဂိုလ်တွေက ခွင့်မလွှတ်တဲ့အခါကျတော့ ညကပဲ သူ့အိမ်မှာ ဖမ်းသွားပါတယ်။ အခုလည်းတရားစွဲဖို့လုပ်နေပါတယ်”ဟု စစ်တပ်ကို ထောက်ခံသူ သင်္ကန်းဝတ် ပေါက်ကိုယ်တော်ဆိုသူက စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ်တွင် ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတဆင့် ပြောဆိုထားသည်။
စစ်ကော်မရှင်က DJ Violet ခေါ် မခင်ထွေးထွေးမွန် (၂၄ နှစ်) နှင့် DJ မန်နေဂျာ ကိုဖြိုးဟိန်းကိုကို (၂၈ နှစ်)၊ ဆိုင်ပိုင်ရှင် ဦးသက်လွင်အောင် (၄၉ နှစ်) ၊ ဆိုင်မန်နေဂျာ ဇင်စုရ (၃၁ နှစ်) တို့ကို ဖမ်းဆီးထား ကြောင်း၊ “COVER ”ကလပ်အား ချိပ်ပိတ်ထားကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

ထိုဖြစ်စဉ်သည် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁ နာရီမှ ၂ နာရီအတွင်းက ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့ကြောင်း ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားစေသည့် ထို ၄ ဦးအား အများပြည်သူအကျိုးပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း ထုတ်ပြန်ထားသည်။
ပုဒ်မ ၅၀၅-က သည် နိုင်ငံသားအစုအဖွဲ့ တစ်ခုကိုဖြစ်စေ၊ အများ ပြည်သူကိုဖြစ်စေ ကြောက်ရွံ့စေလျှင် သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်လျှင် ထိုသူကို ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
စစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူများ၏ လှုံ့ဆော်မှုဖြင့် ဘာသာသာသနာ ညှိုးနွမ်း စေသည်ဟူသည့်စွပ်စွဲချက်ဖြင့် ဘုန်းကြီးတစ်ပါး ဖမ်းဆီးခံရပြီး တစ်ပါး သတိပေးခံထားရသည်။
မကြာသေးမီရက်ပိုင်းကလည်း လူမှုကွန်ယက် Tik Tok ပေါ်တွင်၂၄ပစ္စည်း စက်ဝိုင်းပုံသဏ္ဍာန်မွေးနေ့ကိတ် ဖြင့် “ဘုန်းဘုန်းမွေးနေ့”သီချင်းဆို၍ မွေးနေ့ကိတ်လှီးခြင်းပြုလုပ်ခဲ့သည့် ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ်၊ တောင်ဘက်ရွာ ဒက္ခိဏာရာမကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ ပြင်းထန်စွာ သတိပေးခံ ရသည်။
သက်တော် ၅၂ နှစ်၊ ဝါတော် ၃၂ ဝါရှိသည့် ဆရာတော်ကို ပြင်းထန်စွာသတိပေးရန် နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့မှ တိုင်းနှင့်ပြည်နယ်အဖွဲ့ခွဲဥက္ကဋ္ဌဆရာတော်များထံ မိန့်ကြားထားသည်ဟု သိရသည်။
စက်တင်ဘာလ ၈ ရက်နေ့က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဘုန်းကြီးကျောင်းတစ်ခုမှ TikTok သုံးသည့် သက်တော် ၄၁ နှစ်အရွယ် ဦးသုန္ဒရကိုလည်း စစ်တပ်က ဖမ်းဆီးပြီး လူဝတ်လဲအရေးယူ ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၌ အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် စစ်တပ်ဆန့်ကျင်သည်ဆိုကာ ရဟန်း သံဃာအများအပြားကို စစ်တပ်က ကျောင်းတိုက်ကြီးများတွင် ဝင်ရောက်စီးနင်းကာ ရိုက်နှက်ဖမ်းဆီးခဲ့ ပြီး စစ်ကြောရေးသို့ပို့ဆောင်ခဲ့သည်။
ထိုဖြစ်ရပ်များကို ဘာသာသာသနာညှိုးနွမ်းစေသည်ဟူ၍ စစ်တပ်က ယူဆခြင်းမရှိကြဘဲ မဘသ ဆရာတော်များကလည်း မဝေဖန်ခဲ့ကြသလို ယခုဖြစ်ရပ်များကိုမူ အကဲဆတ်ဖမ်းဆီးခြင်းဟု နိုင်ငံအနှံ့ ဝေဖန်မှုများမြင့်တက်နေသည်။
စစ်တပ်ကလည်း ဘုန်းကြီးကျောင်း၊ စေတီပုထိုးများ အပါအဝင် စာသင်ကျောင်း၊ လူနေကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကာ ရဟန်းသံဃာ၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။



