စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) ညနေတွင် စစ်တပ်၏ အင်ဂျင်တပ် လေထီးဖြင့် ဗုံးကြဲချမှုကြောင့် အရပ်သား ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ပျက်စီးမှုများလည်း ရှိသည်ဟု ကနီမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောကြသည်။
ကနီမြို့တောင်ဘက် ရှစ်မိုင်ကျော်အကွာ ကနီမြို့နှင့် ချောင်းမရွာ ဆက်သွယ်ထားသော ကားလမ်းပေါ်ရှိ သမင်ခြံရွာသို့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ )မှ တက်လာသည့် အင်ဂျင်တပ် လေထီး (ပါရာမိုတာ) တစ်စီးသည် ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင် တွင် ဗုံးနှစ်ကြိမ်ကြဲချခဲ့ရာ လူသေဆုံးမှု အပြင် နွားများသေဆုံးခဲ့သည်ဟု ကနီမြို့နယ်မှ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“လူလေးယောက် နဲ့ နွား လေးငါးကောင် သေတယ်။ အရပ်သားနေအိမ် ခြံနဲ့ လမ်းနေရာဝန်းကျင်ကြဲတာ။ ဘာမှ တိုက်ပွဲမရှိသလို လက်နက်ကိုင်အဖွဲ့လည်း မရှိပါဘူး။ သမင်ခြံကို စစ်ကောင်စီက ခဏခဏ ငြိုးနေတယ်။ ဒီနှစ်ထဲမှာကို လေကြောင်းတိုက်ခိုက်မှုက ငါးကြိမ်ထက် မနည်းလောက် ရှိမယ်” ဟု ၎င်းက ပြောသည်။
ယခု တိုက်ခိုက်ခံရမှုတွင် ဒေါ်ဗြား(၆၂ နှစ်) ၊ ဦးကျော်သူ (၃၇ နှစ်) ၊ အသက် ၆၀ ကျော် ဖခင်ဖြစ်သူ ဦးကြည်အေး နှင့် သမီးဖြစ်သူမသန်းသန်းပိုတို့ သေဆုံးခဲ့သည်ဟု ကနီအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
အိမ်ခြေ ၅၀၀ နီးပါးရှိသည့် ကနီမြို့နယ်၊ သမင်ခြံရွာသည် မကြာခဏ လေကြောင်းမှ တိုက်ခိုက်ခံရပြီး ယခုလ ၃ ရက်နေ့ကပင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ၁၈ နှစ်အရွယ် ကျောင်းသား တစ်ဦး သေဆုံးခဲ့သလို ဩဂုတ်လ ၃၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
မြေပြင်စစ်ကြောင်းမထိုးနိုင်သည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သည့် ကနီမြို့နယ်တွင် ယခုလဆန်း ၃ ရက်နေ့မှ စတင်ကာ မြေပြင်စစ်ကြောင်းထိုးမှုများ ရှိနေပြီး စစ်တပ်သည် ကနီမြို့နယ်တွင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းရှိ ချောင်းမ(အရှေ့) နှင့် အနောက် ရွာတွင် တပတ်ကြာ တပ်စွဲခဲ့သည်။
အဆိုပါစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ခုနစ်ဦး ထက်မနည်းသေဆုံးပြီး သုံ့ပန်း လေးဦးလည်း ဖမ်းဆီးကာ လက်နက်မျိုးစုံ ၁၀ လက်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။
ယင်းမာပင်ခရိုင်တွင်း ပုလဲ၊ ယင်းမာပင် ၊ ကနီ နှင့် ဆားလင်းကြီးမြို့နယ်လေးခုတွင် ဆားလင်းကြီးမှလွဲပြီး ကျန်မြို့နယ် သုံးခုလုံးကို စစ်တပ်က တကျော့ပြန်စစ်ကြောင်းများထိုးနေရာ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်နေသည်။
အနောက်မြောက်စစ်တိုင်းစစ်ဌာနချုပ်ရှိရာ (နမခ)ရှိရာ မုံရွာနှင့် မိုင် ၃၀ ကျော်သာဝေးသည့် ကနီမြို့တွင် မြို့ပေါ်မှအပ ကျေးလက်ဒေသ အများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ် မတ်လအတွင်း မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ရာ ရပ်ကွက်အများစု သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းမှ အပြင်းအထန်ခုခံသောကြောင့် မြို့ကို အပြီးသတ် မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရသည်။
နှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟုကြေညာထားသည့်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း ဇူလိုင်လ မှ စတင်ကာ စစ်ရေးအရှိန်မြှင့်တင်နေပြီးနယ်မြေပြန်လည်စိုးမိုးရေးနှင့် အဓိကကျသည့် လမ်းပိုင်းများ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ၁၅ မြို့နယ်ထက်မနည်းတွင် ဆက်တိုက်ထိုးစစ်ဆင်နေသည်။



