စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ နန်းဟန်နွဲရွာတွင် စစ်တပ်ဦးစီးသည့် ကသည်းလက်နက်ကိုင် တပ်ဖွဲ့အား စက်တင်ဘာလ ၁၅ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ကသည်းလက်နက်ကိုင်များအထိနာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုတွင် ကသည်းလက်နက်ကိုင် တပ်စိတ်တစ်စိတ် (တပ်ဖွဲ့ဝင် ၁၀ဦး) သေဆုံးခဲ့ပြီး စစ်တပ် ဗိုလ်မှူးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်ဖွဲ့မှ အရာရှိတစ်ဦး ဦးစီးပြီး ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၆၀ ခန့်ပါ စစ်ကြောင်းမှာ စက်တင်ဘာလ ၅ ရက်နေ့က နန်းစောင်းပုရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
အဆိုပါကသည်းလက်နက်ကိုင်တပ်ဖွဲ့များသည် ဩဂုတ်လအတွင်း ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသည့် သင်္ဘောများဖြင့် ကလေးမြို့ဘက် စတင်ဝင်ရောက်လာပြီး စစ်တပ်နှင့်အတူတွဲကာ လှုပ်ရှားနေကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။
ထို့နောက် စက်တင်ဘာလဆန်းတွင် ကလေးမြို့နယ်မြောက်ပိုင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင် အပါအဝင် ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
ကသည်းလက်နက်ကိုင်များသည် ယခင်နှစ်များကတည်းက စစ်တပ်နှင့် ပူးပေါင်း၍ အိန္ဒိယနှင့် နယ်နိမိတ် ချင်းထိစပ်နေသည့် တမူးမြို့နယ်တွင် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေပြီး လက်ရှိတွင် ကလေးခရိုင်တိုက်ပွဲများအထိ ရောက်လာခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ယင်းနှစ်မှ စကာ ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် တမူးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်တို့တွင် စစ်တပ်နှင့်ပူးပေါင်းကာ တော်လှန်ရေးတပ်များအား တိုက်ခိုက် နေရာမှ ပြီးခဲ့သည့်လပိုင်းကစပြီး ကလေးမြို့နယ်ထဲတွင်ပါ ပြောင်းရွှေ့လှုပ်ရှားလာခြင်းဖြစ်ကြောင်း သိရသည်။
“ကသည်းတွေကတော့ စကစဘက်နဲ့ချိတ်ဆက်တွဲတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်လောက် ကတည်းကပါ။(ကသည်းတွေ)တိုက်ရည်ခိုက်ရည်ကတော့ အရင်ထဲက အိန္ဒိယဘက်ကထွက်ပြေးခဲ့တဲ့ သူပုန်တွေဆိုတော့ SNA (ရှမ်းနီ)တွေထက်တော့ ရဲတင်းတယ်။ (သူတို့က စစ်တပ်နဲ့)ပူးတွဲစစ်ရေး ဖော်ဆောင်တာမျိုးပါ။ စစ်တပ်ရဲ့နောက်လိုက်ပုံစံပါပဲ”ဟု ကလေးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း ခြေချလာသော အိန္ဒိယဘက်မှ လက်နက်ကိုင်များ
အိန္ဒိယနိုင်ငံထဲမှ ကသည်းလက်နက်ကိုင်တပ်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုကျော်ကတည်းက ပင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ဟဲဇင်းရွာအတွင်းသို့ စတင်ဝင်ရောက်နေထိုင်ခဲ့ခြင်းဖြစ်သည်။
တမူးခရိုင်အတွင်း ကသည်းလက်နက်ကိုင်တပ်ဖွဲ့များမှာ People Liberation Army Manipur (PLA-MP/ PLAM), United National Liberation Front (UNLF), People’s Revolutionary Party of Kangleipak (PREPAK), People’s Revolutionary Party of Kangleipak-Progressive (PrekPak-Pro), Kangleipak Communist Party (KCP), Kanglei Yawol Kanna Lup (KYKL) တို့ဖြစ်ပြီး အင်အား ၅၀၀ ကျော် ရှိကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။
ကသည်းလက်နက်ကိုင်တပ်ဖွဲ့များအပြင် နာဂလက်နက်ကိုင်တပ်ဖွဲ့ (Nationalist Socialist Council of Nagaland-Khaplang) (NSCN-K)မှာလည်း တမူးခရိုင်နှင့် ခန္တီးခရိုင်အတွင်း စစ်တပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေသည်ဟု ဆိုသည်။
စစ်ရေးပူးပေါင်းလှုပ်ရှားမှုများသာမက ကသည်းလက်နက်ကိုင်တပ်ဖွဲ့မှ ဗိုလ်ကြီးတစ်ဦး ဦးစီးသည့် အင်အား ၃၀ ခန့်သည် ကလေးမြို့ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၀) တွင် အရာရှိသင်တန်းတက်နေကြောင်း ဖမ်းဆီးရမိထားသည့် ကသည်းသုံ့ပန်းများ၏ ထွက်ဆိုချက်ကို ကိုးကားပြီးအမှတ် (၁ ) စစ်ဒေသက ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလက တမူးမြို့နယ်၊ နန်မွန်းတားရွာတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် ကသည်း လက်နက်ကိုင် ၁ ဦးနှင့် ရုပ်အလောင်း ၃ လောင်းကို အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယအစိုးရကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
စက်တင်ဘာလဆန်းက ကလေးမြို့နယ် နန်းစောင်းပုရွာတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် ကသည်းသုံ့ပန်းများ အရေးနှင့်ပတ်သက်ပြီး မည်သို့ဆက်လက်ကိုင်တွယ်ဆောင်ရွက်သွားမည်ကို အမျိုးသားညီညွတ်ရေး အစိုးရ က တိတိပပ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
“စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ တိုက်နေတဲ့ တိုက်ပွဲအတွေ့အကြုံ၊ အဲ့ဒီမှာ စစ်ကောင်စီက ထောက်ပံ့နေတဲ့ လက်နက်နဲ့ပဲ အိန္ဒိယအစိုးရ ကို ပြန်တိုက်မယ်ဆိုတာ သူတို့ ကောင်းကောင်းသိနေတာပဲ။ သို့သော် တစ်ဘက်မှာက ခုလောလောဆယ်အခြေအနေအရ စစ်ကောင်စီကထိန်းချုပ်ထားလို့လားတော့ မပြောတတ်ဘူး။ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ အိန္ဒိယ လက်နက်ကိုင်အင်အားစုတွေက အိန္ဒိယကိုတော့ တိုက်ရိုက်ဖိအားပေးတာမျိုးမရှိသေးလို့ အိန္ဒိယကလည်း စစ်ကောင်စီကို အပြင်းအထန်မဝေဖန်သေး တာလည်း မပြောတတ်ဘူး။ ဒါပေမယ့် ဒါဟာ အိန္ဒိယအစိုးရအတွက်တော်တော်လေး အန္တရာယ်ရှိတယ် ” ဟု India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုရ်ခါက မှတ်ချက်ပြုသည်။
အင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယသည် အာဏာသိမ်းစစ်တပ်နှင့်နီးကပ်သည့် ဆက်ဆံရေး ရှိသော်လည်း တစ်ဘက်တွင် အိန္ဒိယအား ဆန့်ကျင်နေသည့် ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်တပ်က ပူးပေါင်းစစ်ရေးလှုပ်ရှားကာ တော်လှန်ရေးအင်အားစုများကို ထိုးစစ်ဆင်နေသည်။
အိန္ဒိယ စစ်တပ်စစ်ဦးစီးချုပ်သည် အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ ၁)မှူးနှင့်တွေ့ဆုံမှုရှိခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ၊ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံးပစ္စည်းများနှင့် ဒရုန်းပစ္စည်းများ ထောက်ပံ့ခဲ့သည်။
ပြီးခဲ့သည့်လကုန်ပိုင်းက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သည့် စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ်တွင်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် သီးသန့်တွေ့ဆုံတွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စစ်တပ်နှစ်ခု ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။



