ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက်အမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် (AA) က လေးရက် ကြာ ခေါ်ယူစစ်ဆေးနေသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးစေလိုသည် ဟု သိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရခိုင်အခြေစိုက် Border News Agency (BNA) ၏ သတင်းထောက် တစ်ဦးဖြစ်သော အသက် ၃၁ နှစ်အရွယ် မမုဒြာကို AA ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ က မောင်တောမြို့နေအိမ်တွင် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။
မေးမြန်းစရာကိစ္စရပ်များရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေး ခြင်းမရှိသောကြောင့် စိုးရိမ်ပူပန်ရသည်ဟု BNA အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောသည်။
ယမန်နေ့တွင် ဖခင်ဖြစ်သူက မမုဒြာနှင့်တွေ့ခွင့်ရခဲ့ပြီး စကားပြောခွင့်မရခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဖမ်းတယ်လို့လည်း မပြောသွားဘူး။ မေးမြန်းစရာရှိတယ်လို့ခေါ်သွားတာ။ မနေ့ကတော့ သူ့အဖေနဲ့ (မမုဒြာ) တွေ့ခွင့် ရခဲ့တယ်။ စကားပြောခွင့်တော့ မရခဲ့ဘူးတဲ့”ဟု ကိုကောင်းမြတ်နိုင်က ပြောသည်။
၎င်းတို့ဌာန၏ သတင်းထောက်ကို မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဟု လည်း ၎င်းက ဆက်ပြောသည်။
အဆိုပါသတင်းဌာနတွင် စက်တင်ဘာလ ၉ ရက်နေ့က မြိုလူမျိုး ကလေးငယ်များ ပညာသင်ကြားရေး အခက်အခဲ ရှိနေကြောင်း ရုပ်သံသတင်းတစ်ခု မမုဒြာက နောက်ဆုံးပေးပို့ထားသည်ကို တွေ့ရသည်။
သတင်းထောက်နှင့်ပတ်သက်ပြီး နားလည်မှုလွဲမှားနေသည်များရှိပါက သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ ၊သဘောထားကြီးစွာဖြင့် အပြုသဘောဆောင်နားလည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်းလည်း BNA သတင်းဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
မိသားစုဝင်များ၏ စိုးရိမ်ပူပန်မှုအပေါ်တွင် လူသားချင်းစာနာမှုအရလည်းကောင်း ၊ နိုင်ငံတကာဥပဒေများ ကို အလေးထား၍လည်းကောင်း ပြန်လည် ပို့ဆောင်ပေးရန် အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်ခဲ့ရာ အချက်အလက်များ သိရလျှင် ပြန်လည်ဖြေကြားပေးမည်ဟု ပြောသည်။
AA အနေဖြင့် သတင်းထောက်အမျိုးသမီးကို လွှတ်ပေးသင့်ပြီး ရခိုင်ပြည်နယ်အတွင်း သတင်းထောက် များအားလုံး လွတ်လပ်စွာ သတင်းယူခွင့်ပေးရမည်ဟု နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee to Protect Journalists – CPJ) ကလည်း ယနေ့ ထုတ်ပြန်သည်။
သတင်းထောက် မုဒြာသည် ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးနှင့် ပဋိပက္ခများအကြောင်း သတင်းရေးသူ ဖြစ်ပြီး အဓမ္မ လူသစ်စုဆောင်းမှု၊ အကြမ်းဖက်မှုများအပါအဝင် နေ့စဉ်သတင်းများကို ရေးသားနေသည် ဟု CPJ က ဖော်ပြထားသည်။
CPJ ၏ အကြီးတန်းအရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က မြန်မာပြည်စစ်ပွဲတွင် ပါဝင်သူ များအနေဖြင့် သတင်းထောက်များကို ပစ်မှတ်မထားဘဲ ကာကွယ်ရန် တာဝန်ရှိသည်ဟု ပြောထားသည်။
၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော AA သည် လက်ရှိတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ၁၄ မြို့နယ် ကို ထိန်းချုပ်ထားပြီး ချင်းပြည်နယ် ပလက်ဝတွင်လည်း အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းထောက်များ ဖမ်းဆီးလာခဲ့ပြီး ရခိုင်ဒေသတွင်မူ ရခိုင် သတင်းဌာန နှစ်ခုကို အမှုဖွင့်ခဲ့သည်၊ ရခိုင်သတင်းထောက်တစ်ဦးအား ဖမ်းဆီးထောင်ချမှု ရှိခဲ့သည်။
နိရဉ္စရာသတင်းဌာနကို ၂၀၂၂ မေလနှင့် အောက်တိုဘာအတွင်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ယခုနှစ် မတ်လအတွင်း ပုဒ်မ ၆၆(ဃ) ဖြင့် အမှုထပ်ဖွင့်သည်။
အလားတူ တရားလို ဗိုလ်မှူးဘုန်းမြင့်ကျော်က Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ၁၂၄-က ဖြင့် စစ်တွေမြို့နယ်တ ရားရုံး၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တရားစွဲထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စစ်တွေမြို့၊ ဝင်္ကဘာကွင်း ဆွမ်းတော်ကြီးလောင်းပွဲတွင် သတင်းယူနေသည့် Development Media Group (DMG) ၏ သတင်းထောက် ကိုထက်အောင် ဖမ်းဆီး ခံရသည်။
ထို့နောက် ပြည်နယ် မြို့တော်စစ်တွေရှိ DMG သတင်းဌာနရုံးခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သဖြင့် ရခိုင်ဒေသအခြေစိုက် သတင်းသမားများ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။
အသက် ၂၅ နှစ်အရွယ် ကိုထက်အောင်သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) ၊ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) တို့ဖြင့် ထောင်ဒဏ်ချခံထားရကာ လက်ရှိတွင် စစ်တွေထောင်မှ ပုသိမ် ထောင်သို့ ပြောင်းရွှေ့ခံထားရသည်။
CPJ ၏ ၂၀၂၃ ခုနှစ်အထိ စာရင်းအရ မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် သတင်းသမားများကို ဖမ်းဆီးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်၊ စစ်တပ် အာဏာသိမ်းပြီးနောက် သတင်းထောက် ၄၃ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး အများစုမှာ အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည်ဟု CPJ က ဆိုသည်။



