ယမန်နေ့ (ဧပြီလ ၂၂ ရက်) တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာတွင် ရှင်လောင်းလှည့်နေကြသည့် လူတန်းကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲချပြီး စက်သေနတ်ဖြင့်ပစ်ခတ်ရာ အသက် ၁၅ နှစ်အရွယ်ကလေး တစ်ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။
နတ်ကြီးရွာသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ငါန်းဇွန်မြို့မှ ၁၅ မိုင်ခန့်အကွာတွင်ရှိသည်။ ညနေ ၄ နာရီခန့်တွင် စတင်ခဲ့သည့် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ရှင်လောင်း လှည့်နေသည့် လူတန်းနှင့် အနီးရှိနေအိမ်များမှ ပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဆိုသည်။
“ရွာအနောက်ပိုင်းကိုချသွားတာ။ ပထမတစ်ခေါက်က လေးလုံးချသွားတယ်။ နောက်တစ်ခေါက်ကျတော့ နှစ်လုံးထပ်ချတယ်။ ပြီးတော့ မော်တာနဲ့ကုပ်သွားတယ်။ အလှည့်လှည့်(ရှင်လောင်းလှည့်) နေတဲ့အချိန်လည်း ဖြစ်တော့ ငယ်တဲ့ကလေးတွေရော ကြောက်အားလန့်အားနဲ့ပြေးကြတာပေါ့။ ပြေးကြ လွှားကြရင်းနဲ့ တချို့ကလေး တွေကျတော့ ဒဏ်ရာထိတာများတယ်”ဟု ပကဖ ဒုတာဝန်ခံက ပြောသည်။
ရှင်လောင်းလှည့်လူတန်းအနီး ကျရောက်ပေါက်ကွဲသဖြင့် ရုတ်ရုတ်သဲသဲထွက်ပြေးကြရပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်မှာ ထွက်ပြေးစဉ် ဦးခေါင်းနောက်ဘက် (ဦးဆက်) ကိုထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အလှူလှည့်နေတုန်းတန်းလန်းချသွားတာပဲ အလှည့်တန်းဆီ တည့်တည့်မကျဘူး။ အလှည့်တန်းရှေ့ကို ကျသွားတာ။ အလှူ့ဒါယိကာရော မောင်ရင်လောင်းရောဘေးကင်းတယ်။ ဒီကလေးမလေးကကျတော့ အလှူအလှည့်တန်းထဲကနေ ကြောက်အားလန့်အားနဲ့ထွက်ပြေးတာပေါ့။ အဲ့ဒီဘက်ကပစ်နေတဲ့ဘက် ရောက်သွားတာပေါ့” ဟုအထက်ပါ ပကဖ ဒုတာဝန်ခံကပြောသည်။
ကလေးများအပါအဝင် ၁၉ ဦးထိခိုက်ဒဏ်ရာရရှိပြီး အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ၎င်းကဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးရှိနေအိမ် ငါးလုံးပျက်စီးခဲ့သလို ပုခက်ထဲတွင်အိပ်နေသည့် အသက်တစ်နှစ်ခွဲအရွယ်ကလေးမှာ ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ရှင်လောင်းလှည့်နေစဉ်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပွဲမပြီးလိုက်သလို အလှူပွဲလည်း ပျက်သွားသည်ဟု ၎င်းကဆိုသည်။
“အလှည့်ကလည်း မပြီးလိုက်ဘူးပေါ့။ အကုန်ဝုန်းဝုန်းနဲ့ ပြေးကြဆိုတော့။ လှည်းတွေ၊ မြင်းတွေ၊ နွားတွေ ရှင်လောင်းတွေအောက်ချပြီးပြေးကြတော့တာပေါ့။ အလှည့်လေးကလည်း ပျက်သွားတာပေါ့. အလှူ့ဒါယိကာ၊ အလှူ့ဒါယိကာမ ကလည်းနောက်ရက်ဆက်လုပ်ရင် အန္တရာယ်များမှာစိုးလို့ မလုပ်တော့ဘဲနဲ့ ရှိတဲ့ပစ္စည်းတွေကို ဘုန်းကြီးကျောင်းတွေဘာတွေ လှူပစ်လိုက်တာပေါ့”ဟု ၎င်းကဆိုသည်။
ငါန်းဇွန် – ငါန်းမြာကြီးလမ်းဘေးရှိ နတ်ကြီးရွာမှာအိမ်ခြေ ၁၀၀၀ နီးပါးရှိသည့်ရွာကြီးဖြစ်ပြီး ဒေသခံ အများစုမှာလေကြောင်းရန်ကြောင့် ကျေးရွာထဲမနေရဲဘဲဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။
ပြီးခဲ့သည့်လပိုင်းအတွင်း စစ်တပ်၏ လေယာဉ်သစ်များ တပ်တော်ဝင်ကာ လေကြောင်းအင်အားဖြည့်တင်းထားပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာပါမချန် အရပ်သားပစ်မှတ်များကိုပါ ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ၎င်းစိတ်ကြိုက် ရာထူးလွှဲပြောင်းပေးခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်အသစ် ရဲဝင်းဦးလက်ထက်တွင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်လျှော့မသွားဘဲ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလတွင် ဘုန်းကြီးကျောင်းများပါမချန် လေကြောင်းတိုက်ခိုက်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၈၀ ကျော်သေဆုံးပြီး၊ ၄၂၀ နီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ယခုနှစ်ဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ထိုထိခိုက်သေဆုံးမှုပမာဏ နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။
ရှမ်းမန်းစစ်ဆင်ရေးအတွင်း လက်လွှတ်လိုက်ရသည့် မန္တလေးတိုင်းမှ မြို့နယ်များကို ပြီးခဲ့သည့်နှစ်က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ မန္တလေးအထက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ အားကောင်းရာ မြင်းခြံ၊ တောင်သာမြို့နယ်မှ ကျေးလက်ဒေသများကို စစ်တပ်က စစ်ရေးဖိအားပေးနေပြီး စစ်ကြောင်းထိုးမီးရှို့မှုများ ဆက်တိုက်လုပ်နေသည်။



