အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ယာခင်းထဲမှ ပျောက်ဆုံးသွားသော ရယ်မောသံများ(သို့မဟုတ်) ငါန်းဇွန်နယ် ဒေသခံ ၁ ဦး၏ စစ်ရှောင်ခရီးကြမ်း

ဇာတိရပ်ရွာ စွန့်ခွာထွက်ပြေးလာရသော မန္တလေးတိုင်းဒေသခံများ၏ ဘဝသည် စစ်တပ်၏ လေကြောင်းနှင့် မြေပြင်ထိုးစစ်များကြောင့် ထင်သလောက် မလွယ်ကူသော်လည်း တော်လှန်ရေး အောင်မြင်ရေးကိုမူ စိတ်မလျှော့ဟု ဆိုကြသည်။

နွေဦးသည် ယခင်ကလို ယာခင်းထဲတွင် ကြက်သွန်တူး၊ ပဲရိတ်ရင်းရရှိခဲ့သည့် ငွေရွှင်သော ပျော်ရွှင်မှုတို့ကို သယ်ဆောင်လာနိုင်ခြင်းမရှိတော့ပါ။ အာဏာမသိမ်းမီက ယခုအချိန်ဆိုလျှင် တောင်သူများအတွက် ငွေဖော်ချိန်၊ အလှူအတန်းပေးချိန်နှင့် ဘဝကိုစိုစိုပြည်ပြည်တည်ဆောက်ချိန် ဖြစ်ခဲ့သော်လည်း ယခုမူ ထိုပုံရိပ်တို့သည် ဝေးကွာသွားသောအတိတ်အဖြစ် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

ကိုအောင်သူတစ်ယောက် အတွေးစတို့ဖြတ်တောက်ပြီးနောက် တောထဲမှ ခူးလာသည့် မန်ကျည်းရွက်နုများကို ချက်ပြုတ်ရန် ပြင်ဆင်နေသည်။ အသားဟင်းဝေးစွ၊ တောထဲတောင်ထဲမှ ထွက်သည့် ရာသီပေါ် အသီးအရွက်များကို နေ့စဉ် ခူးသင်ပြီး သုပ်၍တဖုံ၊ကြော်၍တလှည့်၊ ချက်၍တပြန် ဟင်းလုပ်စားနေရသော ၎င်းတို့စစ်ရှောင်များ၏အနာဂတ်ကိုတွေးရင်း ရတက်မအေးဖြစ်မိသည်။

“ဒီရက်တွေကတော့ မန်ကျည်းရွက်ပဲ အားကိုးနေရတယ်။ ရာသီပေါ်အရွက်တွေ တလှည့်စီပေါ့”ဟု ကိုအောင်သူက ရယ်ကြဲကြဲဖြင့် ပြောသည်။

စစ်မရှောင်ရခင်က ကြက်သွန်၊ နှမ်း၊ ပြောင်းနှင့် စပါးတို့စုံလင်စွာစိုက်ပျိုးသည့် ၎င်း၏ရွာကလေးသည် ရာသီအလိုက်အလုပ်များဖြင့် စည်ကားခဲ့သည်။ အထူးသဖြင့် နှစ်စဉ် အားစိုက်ကာ စိုက်ပျိုးလေ့ရှိသည့် ကြက်သွန်ခင်းများသည် မိသားစုအတွက် အဓိကဝင်ငွေရလမ်းဖြစ်ပြီး ယခု မေလဆိုလျှင်  “ငွေရွှင်သောအချိန်”ကို ဖန်တီးပေးခဲ့သည်။ 

သို့သော်၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုစိမ်းလန်းသောယာခင်းများသည် စစ်ကြောင်း ထိုးခြင်း၊ ဖျက်ဆီးခံရခြင်း၊ လုယက်ခိုးယူခံရခြင်းတို့နှင့်အတူ ပျက်စီးခဲ့ရသည်။

“မနှစ်ကဆိုရင် နှမ်းတွေရိတ်ပြီးမှ ၃၅ သိန်းဖိုးလောက် နစ်နာသွားတယ်။ စစ်ကြောင်းထိုးတော့လေ။ ပြေးကြရတော့ ဘယ်သူတွေလာယူသွားသလဲမသိဘူး”ဟု ကိုအောင်သူက ဆိုသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးမြို့တော် မန္တလေးမြို့နှင့် မိုင် ၄၀ အကွာက ငါန်းဇွန်မြို့နယ်သည် စစ်တပ်က ပြုလုပ်ခဲ့သည့် ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်ခဲ့ပြီး ထိုမြို့နယ်တွင် စစ်ရေးတည်ငြိမ်မှု မရှိသည့်အတွက် မြို့ပေါ်တွင်သာ မဲပုံးထောင်နိုင်ခဲ့ပြီး၊ မြို့အနီးကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ယခုအချိန်ထိ ပြုလုပ်လျက်ရှိသည်။

ထိုမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပမီ  ဇန်နဝါရီလ၂၄ ရက်နေ့၊ နံနက်၂ နာရီကျော်တွင် ရွေးကောက်ပွဲကို ဟန့်တားသည့်အနေဖြင့် တော်လှန်ရေးအဖွဲ့များက ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့သည်။ ထို့အပြင် မြို့အတွင်း စစ်တပ်နှင့် အနီးတဝိုက်တွင် နှစ်ဖက်တပ်များမကြာခဏထိတွေ့မှုများရှိခဲ့ပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့ရာ ရွေးကောက်ပွဲအပြီးလများ၌ ဒေသခံများ အသေအဆုံး ရှိခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ထိုမြို့နယ်ကို မန္တလေးတိုင်းအတွင်း အရေးပေါ်အခြေအနေ ဆက်လက် ကြေညာပြီး လက်ရှိတွင် စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ၍ ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။

-၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တောတောင်များအတွင်း တိမ်းရှောင်နေထိုင်ကြသော သပိတ်ကျင်း စစ်ရှောင်အချို့။ (ဓာတ်ပုံ-မိုးဦး) 

ငါန်းဇွန်မြို့နယ်မှ သံကုန်း၊ ဆပ်ပြာကျင်း၊ သပြေကန်၊ ခလမ်းရိုး၊ ကုန်းလယ်၊ ငါန်းမြာကြီး၊ မိုးတောင် စသည့် ရွာများမှ စစ်ဘေးရှောင်များမှာလည်း နယ်မြေအခြေအနေများကြောင့် ပြီးခဲ့သည့်နှစ်နှစ်ခန့်မှစ၍ တိမ်းရှောင်နေရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပေ။

“သံကုန်းရွာဆိုရင် မီးရှို့ခံရလို့ တစ်ရွာလုံးပြာကျသွားပြီ။ အခြေအနေပေးရင်တောင် ပြန်နေလို့ မရတော့ဘူး”ဟု ကိုအောင်သူကရှင်းပြသည်။

မြို့နယ်အတွင်း မြို့ပေါ်နှင့်အနီးတဝိုက် ကျေးရွာပေါင်း ခုနစ်ရွာခန့်မှလွဲ၍ ရွာပေါင်းများစွာက ဒေသခံလူဦးရေ သောင်းနှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ အချိန်ကာလကြာမြင့်လာပြီ ဖြစ်သည်။

ယခင်က ကျေးရွာများအတွင်း စစ်ဘေးရှောင်စခန်းများတွင် လူဦးရေရာနှင့်ချီ၍ အုပ်စုဖွဲ့နေထိုင်ကြသော်လည်း စစ်ရှောင်များကို စစ်တပ်၏ပစ်မှတ်ထားဗုံးကြဲမှုများကြောင့် ယခုအခါ တောထဲနှင့် ကျေးရွာများတွင် ဆွေမျိုးမိသားစုအလိုက် အုပ်စုခွဲပုန်းအောင်းနေကြရသည်။

လေယာဉ်နှင့်စစ်ကြောင်းများ၏အန္တရာယ်ကို ကြောက်လန့်ရသဖြင့် လူစုလူဝေးကိုရှောင်ရှားပြီး မိုးကာစလေးများ လုံရုံမျှသာ ဖန်တီးထားသည့် ယာယီတဲကလေးများတွင် နေထိုင်ကြရသည်။

မိုးတွင်းကာလသည် ၎င်းတို့အတွက် အဆိုးဝါးဆုံးဖြစ်သည်။ မြေကြီးပေါ်တွင် ဖြစ်သလို ခင်းကျင်း အိပ်စက်ရသဖြင့် ရေအစိုဓာတ်နှင့် ဖျားနာကိုက်ခဲခြင်းဒဏ်တို့အပြင် ခြင်၊ ပိုးမွှားနှင့် မြွေဆိုး အန္တရာယ်များကိုပင် ရင်ဆိုင်ကြရသည်။

“မနှစ်က ရေကြီးချိန်မှာ မြွေကိုက်လို့ ဆုံးတဲ့သူတွေတောင်ရှိတယ်”ဟု ကိုအောင်သူကဆိုသည်။ ထိုစကားက ၎င်းတို့၏ရှင်သန်ရမှု မည်မျှခက်ခဲကြမ်းတမ်းသည်ကို ဖော်ပြနေသည်။

စစ်ရှောင်များဖြစ်သော်လည်း စားဝတ်နေရေးအတွက် အလှူရှင်များကို မျှော်ကိုးစားသောက်နေရခြင်း မဟုတ်ကြပေ။ စားဝတ်နေရေးအတွက် ဒေသခံအချင်းချင်း အလုပ်ပေးသူများ၏အကူအညီဖြင့် ကြုံရကျပန်းလုပ်ကိုင် ဖြတ်သန်းနေကြသည်။ ကြာမြင့်လာသောစစ်ရှောင်သက်တမ်းတွင် ကူညီသူများလည်း        နည်းပါးလာသည်။

မြို့နယ်တွင်းတိုက်ပွဲများအလှမ်းဝေးပြီး စစ်ကြောင်းများအေးသည့် ကျေးရွာများက စစ်ဘေးတိမ်းရှောင် သူများကို ၎င်းတို့ယာခင်းများတွင် ပေါင်းနုတ်၊ ကောက်စိုက်၊ ထင်းခွေစသည့် နေ့စားဖြင့် ခေါ်ယူလုပ်ကိုင်စေခြင်းဖြင့် အလုပ်ပေးသည်။ 

သို့သော် ထိုအလုပ်မှာလည်း တစ်နှစ်တွင် နှစ်လခန့်သာလုပ်ရသဖြင့် ရေရှည်စားဝတ်နေရေး မဖန်တီးနိုင်ဟု ကိုအောင်သူကဆိုသည်။

“မနက် ၆နာရီကနေ ၁၂နာရီအထိကို တစ်ရက် ၆၀၀၀ ရတယ်။ အဲဒီလို လိုက်ကြတာပေါ့။ ဒါပေမဲ့ အလုပ် ကလည်း ပုံမှန်မရှိတော့ ရေရှည်တော့အဆင်မပြေဘူးပေါ့”

“ပြီးတော့ စစ်ဘေးရှောင်ရင်းလုပ်ရတာကြတော့ များသောအားဖြင့် ခိုးလုပ်ရတာများတာပေါ့။ အပေါ် ကြည့်လိုက်၊ အောက်လုပ်လိုက်၊ လေယာဉ်နဲ့ဒရုန်းသံလည်းနားစွင့်ရင်း အေးဆေး မလုပ်ရဘူးပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်စားကြရတာပဲ”ဟု ၎င်းက ဆက်ပြောသည်။

ကျန်းမာရေးပိုင်းတွင်မူ ကလေးများအတွက် အထူးစိုးရိမ်စရာဖြစ်နေသည်။ မသန့်ရှင်းသည့် ရေစနစ်ကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါများမကြာခဏဖြစ်ကြသည်။ သို့သော်လည်း ဝေးလံလှသည့် ဆေးရုံဆေးခန်းများသို့မသွားနိုင်ဘဲ CDM ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီကိုသာ အားကိုးနေရသည်။ 

အခြေခံဖျားနာပျောက်ဆေးမှလွဲ၍ အခြားဆေးဝါးခက်ခဲခြင်းက စစ်ရှောင်များအတွက် အကြီးမားဆုံး သောစိန်ခေါ်မှုဖြစ်ပြီး ကလေးသူငယ်များအသက်ဆုံးရသည်အထိ ဖြစ်စဉ်များရှိသည်ဟု ကိုအောင်သူက ပြောပြသည်။

ယခုနှစ် မတ်လတွင် မကွေးတိုင်း၊ ပေါက်မြို့နယ် တောတွင်းရှိ စစ်ရှောင်စခန်းတစ်ခု၌ ကလေးများ ပညာသင်ကြားနေကြစဉ်။ (ဓာတ်ပုံ-မိုးဦး) 

ထို့အပြင် ငါန်းဇွန်ဒေသစစ်ဘေးရှောင်ကလေးငယ်များမှာ အခြားဒေသများနှင့်မတူဘဲ ပညာသင်ကြား ခွင့်လည်းဆုံးရှုံးလျက်ရှိသည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ဆီမှာတော့ ကလေးတွေကို တနိုင်တပိုင် ကြားဖြတ်သင်ကြားပေးတာတို့၊ စာကျက်ဝိုင်း တွေတို့ အဲဒီလိုမျိုးမရှိကြဘူး။ မိဘတွေကလည်း အခက်အခဲပေါင်းစုံနဲ့ဆိုတော့ ကလေးတွေပညာရေးကို  အားမထည့်နိုင်ကြဘူး။ ပညာသင်ကြားခွင့်တွေလည်းဆုံးရှုံးနေတာပေါ့”ဟု ၎င်းက သက်ပြင်းချရင်း ပြောသည်။

လက်ရှိတွင် မိုးဦးပေါက်လာသည့်အတွက် မိုးကာစ၊ ဆေးဝါးနှင့်ကလေးသူငယ်များအတွက် အာဟာရများ အရေးပေါ်လိုအပ်နေသည်။ မိုးရာသီတွင် ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် ရွာများရေနစ်မြုပ်ခြင်းနှင့် ခိုလှုံရာ နေရာများတွင် အခက်အခဲများ တပူပေါ်တပူဆင့်နေသည်။

ကိုအောင်သူတစ်ယောက် ပိန်းပိတ်အောင်မှောင်နေသည့် ၎င်း၏လက်ရှိပစ္စပ္ပုန်ကိုတွေးရင်း သက်ပြင်းချမိ သော်လည်း အနာဂတ်အတွက်မူ ၎င်းအပါအဝင် စစ်ရှောင်သူတို့၏ စိတ်ဓာတ်များက ကျဆင်းသွားခြင်း မရှိဟု ကိုအောင်သူကဆိုသည်။ 

“တော်လှန်ရေးကြီး အောင်မြင်မည်”ဟု ယုံကြည်ချက် တစ်ခုတည်းဖြင့် ဘဝကို ခက်ခဲစွာ တည်ဆောက်နေရသည်။

“ကျွန်တော်တို့ တော်လှန်ရေးကျရှုံးမှာကို မစိုးရိမ်ဘူး။ ယုံကြည်ချက်ခိုင်ခိုင်မာမာထားတယ်။ တစ်နေ့တော့ အိမ်ပြန်ရမှာပဲ”ဟု ကိုအောင်သူက ဆိုလိုက်သည်။

ထိုးစစ်ဆင်ခံနေရသည့် မန္တလေးတိုင်း

ငါန်းဇွန်အပါအဝင် မန္တလေးတိုင်း မြင်းခြံခရိုင် လေးမြို့နယ်ကို ယခုနှစ်ဆန်းမှ စတင်၍ စစ်တပ်က ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။

အလားတူ စစ်တပ်၏ မြေပြင်ထိုးစစ်အပြင် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူများကြောင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များ မကွေးတိုင်းဘက်သို့ ဆုတ်ခွာခဲ့ရသည်။ 

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့၏မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးမှ စစ်ရေးအရ အရေးပါသော မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းစသည့် မြို့များကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ယခု နှစ်ဆန်းမှစတင်၍ မန္တလေးမြို့ အနောက်တောင်ဘက်မှ တော်လှန်ရေးအားကောင်းသည့် ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များမှ ကျေးရွာများကို အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။

ထိုနယ်များသည် “၁၀၂၇ စစ်ဆင်ရေး” အတွင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းတို့ကို NUG က ထိန်းချုပ်နိုင်ချိန် မန္တလေးတောင်ပိုင်း မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးတပ်များက နယ်မြေ စိုးမိုးနိုင် ခဲ့ကြခြင်းဖြစ်သည်။

စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် စစ်ကြောင်းထိုးမှုများကြောင့် မြင်းခြံခရိုင် လေးမြို့နယ်တွင်  ဧပြီလအတွင်း ၇၂ ဦး သေဆုံးခဲ့ကြောင်း  အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မန္တလေးတိုင်းဒေသ အရေးပေါ် အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုအဖွဲ့ ( Emergency Management Committee- Mandalay) က မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။ 

မြင်းခြံမြို့နယ်တွင် ၃၀ ဦး၊ ငါန်းဇွန်မြို့နယ်တွင်၂၃ ဦး၊ တောင်သာမြို့နယ်တွင် ၁၂ ဦး၊  နွားထိုးကြီး မြို့နယ်တွင်  ခုနစ်ဦးသေဆုံးခဲ့ရာ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများအပြား ပါဝင်ခဲ့သည်။

မန္တလေးတိုင်းကို စစ်တပ်က အလုံးစုံ ထိန်းချုပ်သွားနိုင်ပါက ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ လူသူ၊ လက်နက်ခဲယမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးပါ ပိုလုပ်နိုင်လာမည်ဖြစ်ရာ မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း အပါအဝင် ဒေသအများအပြား ထိုးစစ်ဆင်ခံရနိုင်ဖွယ်ရှိနေသည်။

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း စသော မန္တလေးတိုင်းစစ်ရှောင်များ၏ ဘဝသည်လည်း မလွယ်ကူလှပေ။ နယ်မြေများကို တော်လှန်ရေးတပ်များက ဆုံးရှုံးလိုက်ရချိန် အခြားဒေသများသို့ သွားရောက်ခိုလှုံရာတွင် စစ်ရှောင်ကြသော လမ်းတစ်လျှောက် စစ်တပ်၏ လေကြောင်းဖြင့် လိုက်လံ တိုက်ခိုက်ခြင်းလည်း ခံရသည်။

အထူးသဖြင့် ဧရာဝတီမြစ်ကိုဖြတ်ကူးကာ ဇာတိကို စွန့်ခွာပြေးလာရသော မန္တလေးတိုင်းဒေသခံများ တရပ်တကျေးဖြစ်သော စစ်ကိုင်းတိုင်းအတွင်း ရောက်ရှိခိုလှုံနေချိန် ၎င်းတို့ခိုလှုံရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများပါမချန် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့၍ သေဆုံးရသူ အများအပြား ရှိခဲ့သည်။

ဧပြီလအတွင်း မြင်းခြံခရိုင် လေးမြို့နယ်တွင် သေဆုံးထိခိုက်မှု အခြေအနေပြမြေပုံ။ (ဓာတ်ပုံ- EMC-MDY)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button