ဥရောပအနောက်ပိုင်း နိုင်ငံတွေမှာ လက်ရှိ နွေဦးရာသီ မကုန်သေးခင်ကတည်းက စံချိန်တင် အပူချိန်တွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုအချို့ ရှိနေပါတယ်။
ပြင်သစ်နိုင်ငံမှာဆိုရင် အပူဒဏ်ကြောင့် မေလ ၂၆ ရက်အထိ သေဆုံးသူ ၇ ဦးအထိ ရှိသွားပါပြီ။
ဒီအပူလှိုင်းက တစ်ပတ်လုံး ကြာနိုင်ပြီး တချို့နေရာတွေမှာ အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်အထိတောင် ရှိလာနိုင်တယ်လို့ ပြင်သစ်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
ဗြိတိန်နိုင်ငံရဲ့ မြို့တော်လန်ဒန်အနီးနားမှာလည်း အပူချိန်ဟာ ၃၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့လို့ မေလရဲ့ အပူဆုံး စံချိန်သစ် ဖြစ်သွားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံက အိမ်တော်တော်များများဟာ အပူချိန်ပြင်းထန်တဲ့ ရာသီဥတုအတွက် အဆင်ပြေအောင် ဆောက်ထားတာမဟုတ်တဲ့အတွက် အခုအခါမှာ လေအေးပေးစက်တွေနဲ့ အိမ်
အပြင်ဘက်မှာ အရိပ်ရစေမယ့် ပစ္စည်းတွေ အဝယ်လိုက်နေတယ်လို့ အရောင်းဆိုင်တွေက ပြောပါတယ်။
ဗြိတိန်က Tesco စူပါမားကတ်ရဲ့ ပြောပြချက်အရ အပူလှိုင်းမဖြတ်ခင် ပြီးခဲ့တဲ့ တပတ်နဲ့စာရင် အခုရက်ပိုင်း ရေခဲတုံးရောင်းအားက ၃ ဆ တက်လာပြီး နေရောင်ခံလိမ်းတဲ့ Sunscreen ရောင်းအားဟာလည်း ၆ ဆနီးပါးအထိ တက်လာတယ်လို့ ဆိုပါတယ်။ လျှပ်စစ်ပန်ကာတွေဆိုရင် တစ်မိနစ်ကို ၃ လုံးနှုန်းနဲ့ ရောင်းနေရပြီး ပုံမှန်ထက် အဆ ၃၀ မက ပိုရောင်းလာရတယ်လို့ သိရပါတယ်။
အခုအခါ ဗြိတိန်က အိမ်ခြေ ၄ သန်းလောက်မှာ လေအေးပေးစက် (Air con) တပ်ဆင်ထားကြတာကြောင့် လေအေးပေးစက် တပ်ဆင်မှုဟာလည်း ပြီးခဲ့တဲ့ ၃ နှစ်ကထက် ၂ ဆ တိုးလာပါတယ်။
ပြင်သစ်၊ ဗြိတိန်၊ စပိန်၊ အီတလီနဲ့ အိုင်ယာလန်နိုင်ငံတွေမှာ ဒီလို စံချိန်တင် အပူချိန်တွေ မြင့်တက်ရတဲ့ အကြောင်းကတော့ အာဖရိကမြောက်ပိုင်းကနေ တိုက်ခတ်လာပြီး ဥရောပအနောက်ပိုင်းက လေဖိအားမြင့် ရပ်ဝန်းအောက်မှာ ပိတ်မိသွားတဲ့ Heat Dome လို့ခေါ်တဲ့ လေပူလှိုင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



