ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်နဲ့ နီးကပ်တဲ့ စစ်ဘေးရှောင်မူလတန်းကျောင်းတစ်ကျောင်းဟာ တိုက်ပွဲအခြေအနေကြောင့် စာသင်နှစ်တစ်နှစ်အတွင်း အကြိမ်ကြိမ် နေရာပြောင်းရွှေ့ဖွင့်လှစ်နေရပါတယ်။ မိုးကာတွေနဲ့ ယာယီတည်ဆောက်ထားတဲ့ စာသင်ခန်းတွေထဲမှာ ကျောင်းသား၊ ကျောင်းသူ ၁၂၀ ကျော်ဟာ ပညာဆက်လက်သင်ယူနေကြပေမဲ့ စာရေးကိရိယာ၊ ဖိနပ်နဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေ၊ မိုးရာသီလမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနဲ့ ဝင်ငွေမရှိတော့တဲ့ စစ်ဘေးရှောင်မိသားစုတွေရဲ့ အခက်အခဲတွေကြားမှာ ဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေက ကလေးတွေရဲ့ ပညာရေး မပြတ်တောက်စေဖို့ ကြိုးစားနေကြပါတယ်။ အတည်တကျကျောင်းဆောင် မရှိသလို လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေကြားကနေ ပညာရေးအတွက် ရုန်းကန်နေကြတာပါ။
ရှေ့တန်းနဲ့ နီးကပ်တဲ့အတွက် အလှူရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီတွေ အလွယ်တကူမရောက်နိုင်ပေမယ့် ဖယ်ခုံစစ်ဘေးရှောင်ကျောင်းက ကလေးတွေဟာ အခက်အခဲတွေကြားကပဲ စာသင်နေကြပါတယ်။ ကျောင်းတာဝန်ရှိသူတွေကတော့ ဒီကလေးတွေရဲ့ ပညာရေး နောက်မကျစေဖို့ ပညာရေးကဏ္ဍအတွက် ပံ့ပိုးကူညီမှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



