သွင်းကုန်ကန့်သတ်မှုနှင့်အတူ ပြည်ပမှတင်သွင်းသည့် မွေးမြူရေးလုပ်ငန်းသုံးသွင်းကုန်များကို တင်သွင်းခွင့်လျှော့ချလိုက်၍ ကြက်ပေါက်၊ ကြက်စာနှင့် တိရစ္ဆာန်ဆေးဝါးများ ဈေးကွက်ထဲတွင် ပစ္စည်းရှားပါးကာဈေးတက်လာပြီး ကြက်ဥဈေးနှုန်းထိုးတက်လာသည်ဟု စုံစမ်းသိရှိရသည်။
လက်လီဈေး တစ်လုံးလျှင် ကျပ် ၄၀၀ ကျော်ရှိသည့် ကြက်ဥစျေးသည် ရက်ပိုင်းအတွင်း တစ်လုံးလျှင်ကျပ် ၇၀၀ အထိ ထိုးတက်သွားပြီး မြန်မာ့သမိုင်းတလျှောက် အမြင့်ဆုံးစျေးဖြစ်သွားသည်။ ထိုထက်ဆိုးသည်က အချို့နေရာများတွင် ငွေရှိရုံမျှဖြင့် ကြက်ဥကို လိုသလောက်ဝယ်မရသည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေကြရသည်။
ထိုသို့ ကြက်ဥဈေးတက်လာမှုကြောင့် ဈေးဝယ်ကုန်တိုက်ကြီးများတွင် အရောင်းအဝယ်ရပ်ထားကြပြီး ရန်ကုန်မြို့ရှိ ဈေးနှင့်ကုန်စုံဆိုင်များ၌ တက်ဈေးဖြင့် ရောင်းချနေကြောင်း ရောင်းချသူများကဆိုသည်။
ယခုနှစ် မေလအတွင်း နွေမှ မိုးရာသီသို့ကူးပြောင်းချိန် ကြက်ခြံအချို့တွင် ကြက်နာကျခဲ့သဖြင့် ကြက်ဥ ဥနှုန်းကျဆင်းခဲ့သည့်နည်းတူ ပြည်ပဈေးကွက်ကို မှီခိုနေသည့် မွေးမြူရေးလုပ်ငန်းသုံး သွင်းကုန်များ ကန့်သတ်မှုကြောင့် ကြက်ဥဈေးမြင်တက်လာခြင်းဖြစ်ကြောင်း ဆယ်စုနှစ်တစ်ခုကြာ ကြက်ဥဖြန့်ဖြူး ရောင်းချနေသည့် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ အမည်မဖော်လိုသည့် လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် အရွယ်အစားပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင် လက်ကားဈေး ၅၅၀ ကျပ်၊ လက်လီဈေး ၆၅၀ အထိဈေးပေါက်ပြီး သယ်ယူပို့ဆောင်စရိတ်ပိုကုန်ကျသောနေရာများတွင် အရွယ်အစား အကြီးဆုံးကြက်ဥတစ်လုံးလျှင် ၇၀၀ ကျပ်ထိ ရောင်းချမှုရှိကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်လများတွင် အရွယ်အစားအလိုက် ကြက်ဥတစ်လုံးလျှင် ၄၀၀ မှ ၅၀၀ ကျော်အထိသာ ဈေးပေါက်ခဲ့သည်။

“လောလောဆယ် ကြက်စာတွေက ဈေးအမြင့်လိုင်းမှာရှိပါတယ်ခင်ဗျာ။ အစာဈေးနှုန်းအမြင့်လိုင်းမှာ ရှိတဲ့အတွက်ကို ကြက်ဥဈေးတွေက မြင့်တက်နေပါတယ်။ အစာဈေးနှုန်းလျော့ကျတဲ့အချိန်မှာ ကြက်ဥဈေးတွေ လျော့ကျမယ့်အလားအလာရှိပါတယ်။ နောက် … ထုတ်လုပ်မှုပိုင်းမှာလည်း ကြက်ပေါက်တွေ များများရလေ ထုတ်လုပ်မှုပိုင်းက ပိုတက်လာလေဖြစ်ပါမယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းများအတွက် ကြက်သားပေါက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိသလို တိရစ္ဆာန်ဆေးဝါးမှာလည်း လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်သေးသည်။ ထို့အပြင် ကြက်စာလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နေပြီး ၅၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရကြောင်း ၎င်းက ဆိုသည်။
ထိုအခြေအနေကြောင့် ကြက်မွေးမြူရေးကုန်ကျစရိတ်များမြင့်တက်လာသဖြင့် တွက်ခြေမကိုက်၍ မွေးမြူမှုကို လျှော့ချလာရပြီး တပြိုင်တည်းတွင် ကြက်ဥအထွက်နှုန်းကျလာကာ လိုအပ်ချက်ကို ပေါပေါများများ ဖြည့်ဆည်းနိုင်ခြင်းမရှိတော့ကြောင်း ၎င်းက ဆိုသည်။
ကြက်ဥဈေးနှုန်းတရိပ်ရိပ်တက်လာချိန် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ Makro၊ City Mart ကဲ့သို့ ဈေးဝယ်စင်တာကြီးများပေါ်တွင် တက်ဈေးအတိုင်း ရောင်းချရန်မဖြစ်နိုင်၍ ကြက်ဥရောင်းချမှုများကို ရပ်ဆိုင်းထားကြောင်း မန္တလေးမြို့ရှိ ကုန်တိုက်ကြီးတစ်ခုမှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
“ကြက်ဥက ဈေးတက်သွားလို့ မရဘူး။ (၁၀ လုံးတစ်ကတ်ကို) ၃၆၅၀ ကျပ်နဲ့ ရောင်းနိုင်ဖို့ ဆိုင်က လုပ်နေတာ။ Supplier(ကုန်ပေးပို့သူ) ဘက်က မပေးနိုင်တော့ မရသေးဘူးဖြစ်နေတာ။ လောလောဆယ် ညှိနေတုန်း။ အခုက တစ်လုံးကို ၇၀၀ ကျော်ဖြစ်နေတာ အပြင်က လက်လီဆိုင်တွေမှာလေ” ဟု ၎င်းက ဆိုသည်။
အရပ်သားအရေခြုံ စစ်အစိုးရ၏ စီပွားကူးသန်းဝန်ကြီးဌာနက ကြက်ဥ ၁၀ လုံးတစ်ကတ်လျှင် ၃,၆၅၀ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားပြီး သတ်မှတ်ဈေးထက်ပိုမိုရောင်းချမှုရှိမရှိ မကြာခဏ လာရောက်စစ်ဆေးလေ့ ရှိကြောင်း၊ ဈေးကွက်ထဲတွင် ဆယ်လုံးတစ်ကတ်လျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာချိန်တွင် သတ်မှတ်ဈေးဖြင့်ရောင်းရန်မဖြစ်နိုင်တော့၍ အရောင်းရပ်ထားရကြောင်း ၎င်းက ဆိုသည်။

စစ်အုပ်စုသည် ဆန်၊ ဆီနှင့် ကုန်ဈေးနှုန်းကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချရန် ထိန်းချုပ်ထားပြီး ထိုကဲ့သို့ မရောင်းချသဖြင့် ကုန်တိုက်လုပ်ငန်းရှင်များကို အရေးယူသည့် သာဓကများရှိခဲ့ဖူးသည်။
ကြက်ဥဈေးနှုန်းများမြင့်တက်လာမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က အစည်းအဝေးများ ဆက်တိုက်ပြုလုပ်နေပြီး ရန်ကုန်မြို့ရှိ မြို့နယ် ကိုးခုတွင် သတ်မှတ်နေရာများ၌ ယနေ့(ဇူလိုင် ၂၀) ရက်မှစ၍ ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်ဖြင့် ရောင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှ ကြက်ဥလက်ကားဖြန့်ဖြူးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
သက်သာချောင်ချိရေးအစီအစဉ်အဖြစ် လက်ကားဈေးအတိုင်း စားသုံးသူများကို ရောင်းချပေးရန် ကြိုစားနေသော်လည်း ဈေးကွက်ထဲတွင် ကြက်ဥများပြတ်လပ်နေကြောင်း ၎င်းက ဆိုသည်။
“ဈေးကွက်မှာ ကြက်ဥမရှိပါဘူး။ ကြက်ဥတွေ လိုသလောက်မရပါဘူး။ ဒီနေ့ဆိုရင် ကျွန်မဆိုင်မှာ လာကြည့်ပါ။ ကြက်ဥရောင်းစရာတစ်လုံးမှ မရှိပါဘူး။ ကြက်ဥ ဝယ်လို့ကို မရတာပါ။ ထွက်ကို မထွက်တာပါ။ မနေ့ကဆိုရင် Makro မှာ ကြက်ဥသွားဝယ်တယ်။ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကာကွယ်ဆေးနှင့် အစာကုန်ကြမ်းသွင်းအားစုလိုအပ်ချက်ကြောင့် မွေးမြူရေးအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာနေပြီး ယခင်နှစ်များအတွင်း ဥစားကြက်ပေါက် ထုတ်လုပ်မှုနှင့် ဝယ်လိုအားတို့ အချိန်နှင့်တပြေးညီမရရှိခဲ့ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ဇူလိုင်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ထို့အပြင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ရောဂါကျရောက်မှုကြောင့် ကြက်ဥထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုကျဆင်းကာ ဈေးနှုန်းများပြောင်းလဲလာကြောင်း ထုတ်ကုန်များ တည်ငြိမ်စွာဖြင့် ထုတ်လုပ်ပေးနိုင်ရေးအတွက် ကုန်စည်ကွင်းဆက်တစ်လျှောက် ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြသွားမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မွေးမြူရေးလုပ်ငန်းသုံးဆေးနှင့် မျိုးရင်းတိရစ္ဆာန်များကို ပြည်ပမှတင်သွင်းရလျက်ရှိကြောင်း၊ တိရစ္ဆာန်အစာတွင် အသားဓာတ်အတွက် ပဲပုပ်ဖတ်ကို ပြည်ပမှတင်သွင်းမှုကို သုံးနှစ်အတွင်း အပြီးလျှော့ချသွားမည်ဖြစ်ပြီး ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲပုပ်ဆီကြိတ်ဖတ်ဖြင့် အစားထိုးသုံးစွဲသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စစ်အုပ်စု၏ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
စရိတ်ကြီးပြီး အထွက်နှုန်းကျဆင်းလာ၍ ကြက်ဥတစ်လုံးလျှင် ၆၀၀ မှ ၇၀၀ ကျပ်အထိ ဖြစ်လာဖွယ်ရှိသော်လည်း ကြက်ခြံများအတွက် အဓိကအခက်အခဲဖြစ်နေသည့် တိရစ္ဆာန်အစာနှင့် ဆေးဝါးများတင်သွင်းမှုကို ဆက်လက်ကန့်သတ်ထားပြီး ပြည်တွင်းကုန်ကြမ်းများဖြင့် လုံလောက်အောင်ထုတ်လုပ်ကာ ကြက်ဥဈေးကျဆင်းရန် ဆောင်ရွက်မည်ဟု စစ်တပ်ထိန်းချုပ် ကြေးမုံသတင်းစာ၏ အယ်ဒီတာအာဘော်တွင် ဖော်ပြထားသည်။
၂၀၂၁ စစ်အာဏာသိမ်းချိန်မှစ၍ နိုင်ငံခြားငွေအကျပ်အတည်းကြောင့် သွင်းကုန်များကန့်သတ်ခဲ့ပြီး ကိုယ်တိုင်ခန့်သမ္မတ ဦးမင်းအောင်လှိုင်၏ အရပ်သားအရေခြုံ စစ်အုပ်ချုပ်ရေးလက်အောက်တွင် နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချရန် သွင်းကုန်များကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။
ထို့ကြောင့် ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီ၊ စားသုံးဆီ ဈေးနှုန်းများကြီးမြင့်လာကာ ကုန်ပစ္စည်း ပြတ်လပ်မှုများမကြာခဏဖြစ်ပေါ်နေသည်။ ထိုသို့ ဈေးနှုန်းများမြင့်တက်လာချိန်တွင် သက်ဆိုင်ရာ လုပ်ငန်းအသင်းအဖွဲ့များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချသည့် အစီအစဉ်တို့ကို ပြုလုပ်လာသည်။ ဈေးကွက်ထဲတွင် ကုန်စည်များရှားပါးမှုကြောင့် ထိုသို့ရောင်းချသောဆိုင်များကို ပြည်သူများက တန်းစီတိုးကာ ဝယ်ယူလာကြရသည်။



