အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကမ္ဘာကျော် ငပလီကမ်းခြေရှိ ဟိုတယ်နှင့် လူနေရပ်ကွက်ကို ၂ ရက်ဆက် ဗုံးကြဲ၊ ၁၀ ဦး ဒဏ်ရာရ

ယမန်နေ့နှင့် ယနေ့အတွင်း သုံးကြိမ်ဗုံးကြဲခဲ့စဉ် အရပ်သား ထိခိုက်ဒဏ်ရာရမှုများ ပေါ်ပေါက်ခဲ့ပြီး အဆောက်အအုံနှင့် နေအိမ်များ ပျက်စီးမှု ရှိခဲ့သည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကမ္ဘာကျော်အပန်းဖြေစခန်းဖြစ်သော ငပလီကမ်းခြေရှိ Resort တစ်ခုနှင့် ကမ်းခြေ၊ လူနေရပ်ကွက်များကို နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ ဘန်ဂလိုများနှင့်နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ (ဇူလိုင်လ ၂၃ ရက်) ၊ မွန်းတည့် ၁၂ နာရီခန့်နှင့် မွန်းလွဲ တစ်နာရီခွဲခန့်တွင် စစ်ဗိုလ်ချုပ်ကြီးများ၏ ဟိုတယ်များရှိရာ ငပလီကမ်းခြေဧရိယာအတွင်းရှိ ငပလီမြို့ဂျိတ္တောရပ်ကွက်၊  ၎င်းနှင့် တဆက်တည်းဖြစ်သော လင်းသာကမ်းခြေတို့ကို တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး ဒဏ်ရာရရှိသွား၍ အရေးပေါ်ဆေးကုသနေရကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“ငပလီကမ်းခြေဧရိယာကို ဗုံးကြဲသွားတယ်။ ဗုံးကြဲသံတွေကြားရတယ်။ ခေါင်းပေါ်က ပျံပြီး ဆော်သွားတာ။ တည့်ပြီး ချသွားတာ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ဗုံးကြဲမှုကြောင့် ဂျိတ္တော အမှတ်(၅)ရပ်ကွက်၊ ပုလဲရတနာဘုန်းကြီးကျောင်းအနီးမှ နေအိမ်များ ပျက်စီးသွားကာ သံဃာတော်တစ်ပါးနှင့်တစ်နှစ်ကျော်ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦးဒဏ်ရာ ရသည်။ 

လင်းသာကမ်းခြေရှိ AZ Family Resort Hotel ကိုလည်း ဗုံးနှစ်လုံးကြဲချခဲ့၍ ဘန်ဂလိုများနှင့် အနီးဝန်းကျင်မှ နေအိမ်များပျက်စီးသွားကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

ထို့နောက် ဇူလိုင်လ ၂၃ ရက် ည ၁၂ နာရီခန့် လူများအိပ်မောကျနေချိန်  သံတွဲမြို့ပေါ်ကို ဗုံးကြဲချခဲ့ပြီး အမှတ် (၇) ရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ်အမျိုးသား လူငယ် တစ်ဦးနှင့်အမျိုးသမီး သုံးဦး ဒဏ်ရာရရှိသွားပြီး နေအိမ်အချို့လည်း ပျက်စီးသွားကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လူတွေအိပ်နေတဲ့အချိန်လေ။ စားသောက်ဆိုင်တစ်ခုကို ကျတာ။ ဒဏ်ရာရသွားတဲ့သူတွေ ရှိတယ်။ အမျိုးသမီးတစ်ယောက်တော့ ခြေထောက်ပြတ်ထွက်သွားလို့ တော်တော်စိုးရိမ်ရတယ်”ဟု ၎င်းက ဆိုသည်။ 

အလားတူ ယနေ့ (ဇူလိုင်လ ၂၄ ရက်) နံနက် ၁၁ နာရီကျော်ခန့်ကလည်း ဗုံးကြဲတိုက်ခိုက်မှုရှိ ခဲ့ပြီး ထိခိုက်မှု ရှိမရှိ မသိရသေးပေ။

စစ်တပ်သည် AA ထိန်းချုပ်ထားသော ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို ယခုလအတွင်း ပစ်မှတ်ထား၍ ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်တွင် သံတွဲမြို့နယ် ငပလီကမ်းခြေဧရိယာနှင့် မြို့အတွင်း လေကြောင်းတိုက်ခိုက်မှုနေရာပြမြေပုံ။

သံတွဲမြို့ကို ဗုံးကြဲရာတွင် ဇူလိုင်လ ၁၉ ရက်က ဒေသခံ လေးဦး၊ ဇူလိုင်လ ၂၃ ရက်က ခုနစ်ဦးဒဏ်ရာရခဲ့ကာ ဇူလိုင်လ ၁၃ ရက်က သံတွဲမြို့နယ်၊ ရီကောက်ရွာကို ဗုံးကြဲခဲ့မှုကြောင့် စာသင်ကျောင်း ပျက်စီးသွားသည်။ 

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့စဉ်  ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်ရာ အဓိကနေရာ တစ်ခုဖြစ်သော ငပလီကမ်းခြေလည်းပါဝင်ပြီး စစ်ဗိုလ်ချုပ်များ ပိုင်ဆိုင်သော ဟိုတယ်အများအပြားကိုလည်း စစ်တပ်က လက်လွှတ်လိုက်ရသည်။

ဦးမင်းအောင်လှိုင် ဦးဆောင်သော စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားစဥ် တဖက်ကလည်း အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့တွင် ပါဝင်သည့် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့နယ်များကို အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေသည်။

ထိုအထဲတွင် သံတွဲမြို့နယ်ကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်မှု ယခုလအတွင်း ခြောက်ကြိမ်ထက် မနည်းရှိနေသည်။ 

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် AA ပါဝင်လာနိုင်ရန်အတွက် ပြည်သူလူထုကို လေကြောင်းဖြင့် တိုက်ခိုက်၍ ဖိအားပေးနေခြင်းဖြစ်သော်လည်း AA သည် စားပွဲဝိုင်းသို့ ရောက်လာနိုင်ခြေမရှိကြောင်း စာရေးဆရာ ဝေဟင်အောင် က ပြောသည်။

“ငြိမ်းချမ်းရေးရဲ့ သဘောသဘာဝအရ အပြန်အလှန်ဆွေးနွေးတာရှိမယ်။ တန်းတူရည်တူဆွေးနွေးတာ ရှိမယ်။ အောက်ကျို့ခံပြီး ဆွေးနွေးတာ ရှိမယ်။ ပြီးရင် ကြိုတင်ကန့်သတ်ချက်နဲ့ ဆွေးနွေးတာရှိမယ်။ ပုံစံအမျိုးမျိုးတော့ ရှိမယ်။ အဲဒီတော့ AA အနေနဲ့ ခုနက ပြောသလို လောလောဆယ် စားပွဲဝိုင်းကို ရောက်လာဖို့ အခင်းအကျင်းမျိုးတော့ မမြင်ရ။ ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်တို့ စစ်တပ်အနေနဲ့ ကလည်း AA ကို အလျှော့ပေးပြီးဆွေးနွေးဖို့၊ တန်းတူရည်တူ ဆွေးနွေးသွားဖို့အထိ သူတို့ဘက်က အရိပ်အရောင်လက္ခဏာတွေ မမြင်ရဘူး” ဟု ၎င်းက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ကျန်အဖွဲ့ဝင်များဖြစ်သော တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) တို့က နေပြည်တော် တွေ့ဆုံဆွေးနွေးရေး သဘောတူထားပြီးဖြစ်သဖြင့် AA အနေဖြင့် တက်ရောက်မှုမျိုး ရှိနိုင်သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးရန် မရှိနိုင်ကြောင်း ၎င်း၏ သဘောထားကို ဆက်ပြောသည်။ 

“ဘာလဲဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ဘာတွေလုပ်တဲ့အတွက်နဲ့ ဖိတ်ကြားတဲ့အခါ မဟာမိတ် တွေနဲ့ရောပြီး ဣန္ဒြေရရ တက်ပေးတာတော့ ရှိကောင်းရှိလာနိုင်တယ်လို့ယူဆမိတယ်။ သို့သော် ဒါက ငြိမ်းချမ်းရေးဆွေးနွေးတယ်လို့ ပြောလို့မရ။ အခမ်းအနားတက်ရောက်တာလို့မြင်မိတယ်”ဟု ရခိုင်ဒေသ အခြေစိုက် စာရေးဆရာက ဆိုသည်။

AA သည် ရခိုင်ပြည်နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားကာ လက်ကျန်မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်တို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ပြောဆိုထားသည်။ 

လက်ရှိတွင် ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို ဦးတည်လာသည့် စစ်တပ်ကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ AA က ပါဝင်တိုက်ခိုက်လျက်ရှိသည်။

ယနေ့နံနက်တွင် သံတွဲမြို့ကို လေကြောင်းက ဗုံးကြဲမှုကြောင့်ပျက်စီးသွားသည့် နေအိမ်များ။ (ဓာတ်ပုံ-APM)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button