မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တို့တွင် အရပ်သားများနေထိုင်လှုပ်ရှားသည့်နေရာတို့ကို ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) တစ်ရက်တည်းအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့တစ်ရက်တည်းမှာပင် ဗုံးကြဲမှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့နယ် အုန်းတောရွာတွင် ငါးဦး၊ ချင်းပြည်နယ် ပလက်ဝနယ်ရှိ ဆိပ်ကမ်းတွင် အနည်းဆုံး ရှစ်ဦး၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် စဉ့်အိုးကျွန်းရွာတွင် သုံးဦး စုစုပေါင်း ၁၆ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကမ္မမြို့အနီး ကမ္မ- မြစ်ခြေ လမ်းဘေးမှ အုန်းတောကျေးရွာကို ဂျိုင်ရိုကော်ပတာ သုံးစီး၊ အသေခံဒရုန်း နှစ်စီးဖြင့် တိုက်ခိုက်သဖြင့် အသက် ၇၀ ကျော် အရွယ်ဖြစ်သည့် ဦးလှထွန်းနှင့် ဒေါ်အုံးကြည်၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ဝင်း၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ကေဇင်အောင်နှင့် အသက် ရှစ်နှစ်အရွယ် မမာတူး တို့ သေဆုံးခဲ့ရကြောင်း ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ကမ္မလူငယ်အသင်းထံက သိရသည်။
ထို့အပြင် အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး၊ သက်ကြီးပိုင်းတစ်ဦး အပါအဝင် လူလတ်ပိုင်းအရွယ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။
အောက်တိုဘာလ ၁၇ ရက်က ပခုက္ကူမြို့နယ်အခြေစိုက် ခြေမြန်တပ်မ (၁၀၁) မှ ထွက်လာသည့် အင်အား ၄၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းတစ်ခု ကမ္မမြို့တွင် ရောက်ရှိနေချိန် အထက်ပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။
ထိုစစ်ကြောင်းကို လုံခြုံရေးပေးရန် ရည်ရွယ်ချက်ဖြင့် ဂျိုင်ရိုကော်ပတာနှင့် အသေခံဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်မည်ဟု ယူဆကြောင်း ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး တာဝန်ခံ ဦးစိုးထွဋ်ဝင်းက ပြောသည်။
“သူတို့စစ်ကြောင်းကို ကာချင်လို့ ကြဲချတယ်လို့ပဲမြင်တယ်။ (တိုက်ပွဲနဲ့ စစ်ရေးလှုပ်ရှားမှုတွေလည်း) မရှိဘူး” ဟု ၎င်းက ဆိုသည်။

ထိုစစ်ကြောင်းသည် စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများကြား လနှင့်ချီ စစ်ရေးပြင်းထန်နေသည့် မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာနိုင်ခြေရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများကလည်း သုံးသပ်ထားသည်။
“(စစ်ကြောင်းက) မြိုင်နယ်တောင်ပိုင်း တွင်းမ ပျူရွာဘက်ကို ဦးတည်ချက်ထားနေတာ။ အဲ့ဒီကနေတော့ ဘယ်ကိုဆက်မယ်တော့ မသိရသေးဘူး။ အထိနာနေတဲ့ တဲကြီးဘက်က စစ်ကြောင်းကို သွားကူမယ်လို့ ယူဆတာပဲ။ ဒီဘက်မှာ လေကြောင်းတွေလည်းအများကြီးသုံးထားတယ်။ ဒီကနေ့ ဆိုရင်လည်း အသေခံ ဒရုန်းလာချတာရှိတယ်။ ဂျိုင်ရိုတွေ လာချတာ ရှိတယ်။ အခုကိုလာနေတာပဲ။ တွင်းမ အရှေ့ဘက်နား နှစ်မိုင်အကွာလောက်ကို ချတာ”ဟု မြိုင်မြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေသည့် အရပ်ဘက်အဖွဲ့ တစ်ခုဖြစ်သည့် အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူအမျိုးသားက ပြောသည်။
မြိုင်မြို့နယ်တွင် ရေနံမြေများကို ပြန်လည်ထိန်းချုပ်ရန် မေလကတည်းက စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းရှိနေပြီး ထိုစစ်ကြောင်းမှာ Well 2 ရေနံမြေအနီး တဲကြီးရွာတွင် အခြေချကာ ရေနံတွင်းများကို ဖျက်ဆီးမှုများဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
မကွေးတိုင်း၌ ယမန်နေ့စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား အစုလိုက် အပြုံလိုက် သေဆုံးမှုသည် ဒုတိယမြောက်ဖြစ်ရပ်ဖြစ်သည်။ ယင်းဖြစ်စဉ်မတိုင်မီ အောက်တိုဘာလ ၁၆ ရက် နေ့လယ်ပိုင်းက မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာရှိ စတားလင့်ခ်အင်တာနက်သုံးစွဲသည့် နေရာသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဒါဇင်သေဆုံးခဲ့ရသည်။
လက်လွှတ်နယ်မြေများ ပြန်ရရန် စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ်သည် အောက်တိုဘာလ ၁၇ ရက်ကလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ပလက်ဝမြို့နယ်ရှိ စက်လှေဆိပ်တစ်ခုကို လေကြောင်း တိုက်ခိုက်မှုကြောင့် ရှစ်ဦးခန့်သေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပလက်ဝဒေသခံ တစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ် ချောင်းဆုံရွာအနီးရှိ စက်လှေဆိပ်ကို မွန်းလွဲ တစ်နာရီခွဲဝန်းကျင်တွင် တိုက်လေယာဉ် နှစ်စီး၊ Y 12 အမျိုးစားသယ်ယူပို့ဆောင်ရေးလေယာဉ်တို့ဖြင့် ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချခဲ့ရာ လသား ကလေးငယ် အပါအဝင် ပြည်သူ ၂၀ ဦးနီးပါး ထိခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သော One Nation News က ဖော်ပြထားသည်။
ပလက်ဝ၊ မင်းတပ်၊ မတူပီ သုံးမြို့နယ်နှင့်ထိစပ်နေသည့် လေးမြို့ချောင်းဖျားရှိ ပီချောင်းဆုံဆိပ်ကမ်းသည် ရခိုင်ပြည်နယ် ကုန်စည်စီးဆင်းရေးအတွက် အချက်အချာကျသည့် ဆိပ်ကမ်းလည်းဖြစ်သည်။
“ပီချောင်းဆုံက လူမျိုးပေါင်းစုံတယ်။ အဓိကတော့ ကုန်သည်တွေများတယ်။ ကုန်သည်တွေထဲမှာ ဒေသခံ ချင်းလူမျိုးတွေများတယ်။ စစ်ရေးလှုပ်ရှားမှုနေရာတော့မဟုတ်ဘူး။ မင်းတပ်၊ မတူပီ၊ ရေဇွာဘက်ကနေလာတဲ့ ကုန်သည်ကားတွေက ပီချောင်းဆုံဆိပ်ကမ်းကိုပို့ကြတယ်။ ပီချောင်းဆုံ ဆိပ်ကမ်း ကနေ ရခိုင်ပြည်ဘက်ကို စက်လှေနဲ့ကုန်တွေပို့ကြတယ်”ဟု ပလက်ဝမြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ယနေ့(အောက်တိုဘာလ ၁၉ ရက်) နံနက်တွင်လည်း ပလက်ဝနယ် ပီချောင်းဆုံဆိပ်ကမ်းအနီး လုံးတူနှင့် ထိန်ကောင်းရွာဝန်းကျင် လမ်းပိုင်းတစ်နေရာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး လေယာဉ်ကင်းထောက် ပျံသန်းမှုလည်းရှိကြောင်း အထက်ပါ ပလက်ဝ ဒေသခံ က ဆက်ပြောသည်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် စစ်ရှောင်များ ခိုလှုံနေထိုင်သည့် စဉ့်အိုးကျွန်းကျေးရွာကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် သုံးဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံက သိရသည်။
အောက်တိုဘာလ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးကြဲခဲ့စဉ် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၈ နှစ် အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး အသက် ငါးနှစ်အရွယ် မိန်းကလေးနှင့် အမျိုးသမီး သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“စဉ့်ကူးမြို့နယ် အနောက်တောင်ဘက်ခြမ်းကနေ ရှောင်လာတာ စစ်ရှောင်တွေပဲရှိတာပါ။ သူတို့က ရေလုပ်ငန်းနဲ့ ကြုံရာလုပ်ကိုင်စားသောက်နေကျတဲ့ သူတွေပါပဲ” လို့ စဉ့်ကူးမြို့နယ်ပကဖ အဖွဲ့မှ သတင်းထောက်လှမ်းရေးတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။
စဉ့်အိုးကျွန်းကျေးရွာတွင် စစ်ရှောင်များ လာရောက်တိမ်းရှောင်နေကြသည်မှာ ခြောက်လဝန်းကျင်ခန့်ရှိသည်။ ရေလုပ်ငန်းနှင့် နေ့စားအလုပ်များကို လုပ်ကိုင်စားသောက်ကြရကာ စစ်ရှောင်ကာလကြာမြင့်နေပြီ ဖြစ်သည့်အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။
စဉ့်အိုးကျွန်းရွာကို ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း၊ ထုံးကြီးရွာနှင့် ကျွန်းကြီးရွာ အခြေစိုက်စစ်တပ်က အနီးရှိ စဉ့်အိုးကျွန်းရွာနှင့် အနီးအနားကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မေလအတွင်း စဉ့်အိုးကျွန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။ လက်ရှိတွင် စစ်တပ်က မန္တလေးတိုင်း အတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့တို့ကို ပြန်လည်သိမ်းယူထားသည်မှာ ငါးလကျော်မြင့်နေပြီဖြစ်ကာ နေ့စဉ်နှင့် အမျှ အရပ်သားများကို ဖမ်းဆီးမှု၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ကလေးငယ်များအပါအဝင် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် ပခုက္ကူမြို့နယ်နှင့် ပလက်ဝမြို့နယ်မှ လေကြောင်းတိုက်ခိုက်မှုတို့နှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် ပြောရေးဆိုခွင့် ရှိသူများဖြစ်သည့် မကွေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဆန်းညွန့်အောင်နှင့် ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေလင်းအောင်တို့ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
အလားတူ အောက်တိုဘာလ ၁၈ ရက် တစ်ရက်တည်းမှာပင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ရှိသောကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာန များထံက သိရသည်။ ယင်းနေ့ နံနက် ၁ နာရီကျော်ချိန် ရသေ့တောင်မြို့ပေါ်နှင့် အနီးအနားကျေးရွာများ ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်းဖော်ပြထားကြသည်။
စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအလွန် အသစ်တက်လာသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထက်တွင် မကွေး၊ ရခိုင်၊ စစ်ကိုင်းအပါအဝင် တော်လှန်ရေးအင်အားစုများအားကောင်းရာ ဒေသများ၌ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်အရှိန်မြှင့်နေသည်။
ထိုတိုက်ခိုက်မှုများသည် အကြောက်တရားသွင်းရန် ရည်ရွယ်ချက်ဖြင့် အရပ်သားများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ က သုံးသပ်သည်။
“နွေဦးတော်လှန်ရေးကိုအဓိကပံ့ပိုးကူညီနေတာက လက်နက်မဲ့အရပ်သားပြည်သူတွေ၊ နိုင်ငံတဝန်းမှာ ရှိတဲ့ အရပ်သားပြည်သူတွေကသာ ဒီမိုကရေစီအရေး လူ့အခွင့်အရေး စစ်အာဏာရှင်ပြုတ်ကျရေးကို လိုလား ထောက်ပံ့နေတဲ့အချက်ကို သေချာ သိရှိသွားတာဖြစ်တဲ့အတွက် လေကြောင်းကနေ အရပ်သား အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်နေတယ်လို့သုံးသပ်ပါတယ်”ဟု စစ်ရေးလေ့လာသုံးသပ်မှုများ လုပ်နေသည့် CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ ယခင်လ (စက်တင်ဘာလ) အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၈၇ ဦးသေဆုံး၊ ၃၀၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်း၊ မကွေးနှင့် ရခိုင်ပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုအပြင်းထန်ဆုံး ခံရသည့် ဒေသများဖြစ်သည်။
တရုတ်ကြားဝင်မှုဖြင့် ရှမ်းမြောက်တွင် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် အပစ်ရပ်သွားပြီးနောက် စစ်တပ်က နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်းနှင့် ရခိုင်တို့ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ စစ်ရေး အရှိန်မြှင့်တင်နေသည်။



