အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေစကြိုတွင် ဗုံးကြဲမှုကြောင့် ကလေးများအပါအဝင် တစ်ဒါဇင်ကျော် အစုလိုက်အပြုံလိုက် သေဆုံး

ရေစကြိုမြို့မြောက်ဘက်ကျေးရွာများကို တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးများ ကြဲချရာ ရွာထဲ ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သူများပြားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကလေးငယ်များ ပါဝင်နေသည်။ 

မကွေးတိုင်း ရေစကြိုမြို့နယ်မြောက်ပိုင်းကျေးရွာများကို ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်) နေ့လယ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် တစ်ဒါဇင်ကျော်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ရေစကြိုမြို့မြောက်ဘက်ရွာများကို ယမန်နေ့ နေ့လယ်က တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးများကြဲချရာ ရွာထဲကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သူများပြားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများက ဆိုသည်။ 

“ ရေစကြိုမြို့နယ် မြောက်ဘက်လက်မှာရှိတဲ့ ရွာသုံးရွာကို ဆူဆိုက်ဒရုန်းတွေ၊ MI 35 ရယ်၊ ဖိုက်တာရယ် နဲ့ ရွာတွေပေါ်ကို တိုက်ခိုက်သွားတာ။ နေ့ခင်းပိုင်းမှာပေါ့။ ကလေး နှစ်ယောက်ပါတယ်။ ကလေးတစ်ယောက်က တော့ လက်ပွေ့အရွယ်လောက်ပေါ့။ တော်တော်ငယ်ဦးမယ်။ နောက်တစ်ယောက်ကတော့ ရှစ်နှစ်၊ ကိုးနှစ်လောက်ပေါ့။ ၁၁ ယောက်က တစ်ရွာ၊ နောက်တစ်ယောက်က တစ်ရွာက။ ရွာထဲကိုပစ်တာ။ ပြည်သူတွေထိတာပေါ့”ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဝေကြီးက ပြောသည်။ 

လေကြောင်းတိုက်ခိုက်ခံရသည့်ကျေးရွာများမှာ ရေစကြိုမြို့မှ မြောက်ဘက် ၁၅ မိုင်ခန့် ဝန်းကျင်တွင်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ရေးလှုပ်ရှားမှုလည်းမရှိကြောင်း ဒေသခံများက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ နေ့လယ် လေကြောင်းတိုက်ခိုက်မှုအပြီး ညပိုင်းအချိန်အထိ လေကြောင်း ထပ်မံပျံသန်းမှုများ ရှိနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးရသည့် ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရခဲ့ပါ။ 

ရေစကြိုမြို့နယ် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံရွာဒေသတွင်ရှိပြီး တော်လှန်ရေးအင်အားစုများ အားကောင်းရာ မြိုင်၊ ပခုက္ကူ၊ ချောင်းဦးနှင့် မြင်းခြံတို့သည် နယ်နိမိတ်ချင်းထိစပ်နေပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေး တပ်များက နယ်မြေစိုးမိုးထားသည်။

ရေစကြိုမြို့နယ်နှင့် ကပ်လျက်ရှိ မြိုင်မြို့နယ်တွင်လည်း စစ်တပ်က လနှင့်ချီစစ်ကြောင်းထိုးပြီး ရေနံမြေအနီးတွင် တပ်စွဲကာ ရေနံတွင်းများကို ဖျက်ဆီးနေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများလည်း မကြာခဏပြုလုပ်နေ သည်။

ယနေ့ နံနက်တွင်လည်း ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) မှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းတစ်ခု ထွက်လာသလို မြိုင်မြို့အနီး စက်မှု (၂) ဝင်းထဲသို့ အင်အားဖြည့်တင်းမှုများရှိနေသဖြင့် လေကြောင်း အန္တရာယ်သတိပြုကြရန် ဒေသတွင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း- မြိုင် က ထုတ်ပြန်ထားသည်။ 

စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအလွန် နှစ်ဆန်းပိုင်းမှစ၍ လက်လွှတ်ထားရသည့် နယ်မြေများကို ပြန်လည်စိုးမိုးနိုင်ရန် နိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရခိုင်တို့တွင် မြေပြင်ထိုးစစ်အရှိန်မြှင့်နေသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် အရပ်သားနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ရှိနေသည်။ 

ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်) ညနေ လေးနာရီဝန်းကျင်ကလည်း မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး၊ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကြိုးရွာ သက်ကြီးပိုင်းအရွယ်အမျိုးသမီးတစ်ဦးနှင့် အိုင့်ဒိုင်ရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။ 

“မြေပြင်စစ်ကြောင်းမရှိဘူး။ တိုက်ပွဲမရှိဘူး။ အလွတ်ကြီးဝင်ပစ်သွားတာ”ဟု ထိုအခြေအနေ သိရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ထားသည့်အချက်အလက်များအရ စက်တင်ဘာလအတွင်း  စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈၇ ဦးသေဆုံး၊ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့တွင် အများဆုံးဖြစ်သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်ကို အောက်တိုဘာလ ၁၆ ရက်၊ ညနေက လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးခဲ့သည်။(ဓာတ်ပုံ- ပေးပို့) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles