အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များကို TNLAနှင့် MNDAA အပြိုင်အဆိုင် အဆင့်မြှင့်တင်နေ

စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားချိန်တွင် TNLA နှင့် MNDAA တို့က ၎င်းတို့ ထိန်းချုပ်သည့် တရုတ်နယ်စပ်မြို့များရှိ ကုန်သွယ်ရေးစခန်းများကို အရှိန်အဟုန်ဖြင့် တိုးချဲ့နေကြသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင် တအာင်းတပ် (TNLA)နှင့် ကိုးကန့်တပ် (MNDAA) တို့က တရုတ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မုံးကိုးနှင့် ချင်းရွှေဟော်မြို့တို့ရှိ  နယ်စပ်ကုန်သွယ်ရေးဂိတ်များကို အပြိုင်အဆိုင် အဆင့်မြှင့်တင်နေကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်းစစ်တပ်က ရှမ်းမြောက်တစ်ခုလုံးနီးပါး လက်လွှတ်ခဲ့ရသည့် “ ၁၀၂၇ စစ်ဆင်ရေး” ရလဒ် အနေဖြင့် TNLA ထိန်းချုပ်ခွင့်ရခဲ့သည့် နမ့်ခမ်းမြို့တွင် တရုတ်နိုင်ငံ နောင်တောင်း (Nangdao) မြို့နှင့် ဆက်သွယ်မည့် နှစ်လမ်းသွား ရွှေလီမြစ်ကူးတံတားတစ်စင်း တိုးချဲ့တည်ဆောက်ရန် ပြင်ဆင်နေသည်။

အဆိုပါတံတားကို နမ့်ခမ်းမြို့နှင့် တစ်မိုင်ခန့်အကွာ နောင့်တိန်းရွာနှင့် နောင်ခမ်းရွာအကြား ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး တန် ၁၀၀ ခံနိုင်ရည် ရှိမည်ဖြစ်သည်။

“တံတားဆောက်ဖို့ရယ် လမ်းချဲ့ဖို့ရယ်ဆိုပြီး ခေါ်ပြောတာရှိတယ်။ လမ်းချဲ့တာ အုတ်တံတိုင်း မလွတ်လို့ ဖျက်ရတဲ့အိမ် ၁၀ အိမ်လောက်ရှိတယ်။ အုတ်တံတိုင်း ဖျက်ရတဲ့အိမ်တွေကို TNLA က တစ်ပေကို (ကျပ်) ခုနစ်သောင်းနှုန်း လျော်ကြေးပေးတယ်” ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

TNLA အနေဖြင့် နယ်စပ်ဂိတ်အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အကောင်အထည်ဖော်ခြင်းဖြစ်ပြီး လက်ရှိတွင် တံတားနှင့်လမ်းစီမံကိန်းကို အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုရွှေလီမြစ်ကူးတံတားစီမံကိန်းကို တရုတ်နိုင်ငံသားလုပ်ငန်းရှင်များက တာဝန်ယူဆောင်ရွက် နေကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက်နေသော်လည်း တရုတ်နိုင်ငံက နောင်တောင်းနယ်စပ်ဂိတ်မှ ကုန်စည် သယ်ဆောင်ခွင့်ကို ပြုသော်လည်း အကန့်အသတ်ဖြင့် ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

နမ့်ခမ်းမြို့တောင်ဘက် နှစ်မိုင်အကွာ ရွှေလီမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာတို့ကို အခြေတည်ထားသည့် နောင်တောင်းနယ်စပ်ဂိတ်မှာ အဓိကနယ်စပ်ဂိတ်ကြီးတစ်ခု မဟုတ်သော်လည်း နာမည်ကျော် နမ္မတူ သတ္တုတွင်းမှထွက်သည့် သတ္တုရိုင်းများ၊ နမ့်ခမ်းမြို့နယ်မှထွက်သည့် တန်ဖိုးကြီး ဆီလီကွန်ကျောက်များ၊ ကျွန်းသစ်နှင့် ဒေသတွင်း ထုတ်လုပ်သည့် မီးသွေးစသည်တို့ကို တရုတ်သို့ တင်ပို့နေသည့် နယ်စပ်ဂိတ် တစ်ခုဖြစ်သည်။

နောင်တောင်းနယ်စပ်ဂိတ်အနီးရှိ စက်လှေဆိပ်ကို ၂၀၂၄ ခုနှစ် မေလ ၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- မြတ်ပန်း) 

၂၀၂၀ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် အဆိုပါဂိတ်မှ ဒေသထွက်ကုန်စည်များကို အပြန်အလှန် ကုန်သွယ်မှု ရှိခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါ၊ စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်များနှင့် “ ၁၀၂၇ ” တိုက်ပွဲများကြောင့် တရုတ်နှင့် ကုန်သွယ်မှုများ ၂၀၂၀ ပြည့်နှစ်မှစတင်၍ ရပ်တန့်သွားခဲ့သည်။

၂၀၂၄ ခုနှစ် မေလတွင် TNLA ဘက်က နောင်တောင်းနယ်စပ်ဂိတ်ကို ပြန်ဖွင့်ခဲ့ပြီး တရုတ်နိုင်ငံဘက်ကမူ  ကုန်စည် ပို့ခွင့်၊ သယ်ခွင့် ပေးသော်လည်း အချို့ကုန်စည်များကိုမူကန့်သတ်ထားဆဲဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

“အာဏာမသိမ်းခင်တုန်းက ဒေသထွက်ကုန်လည်း ဒီဂိတ်ကနေ ပို့တာ။ အခု မရတာကြာပြီ။ အခုလည်း မပေးဘူး။ တရုတ်က သူတို့လိုချင်တဲ့ ပစ္စည်းဆိုရင်တော့ ဖွင့်ပေးတယ်။ တရုတ်ကုန်ဆိုလည်း နည်းနည်းပဲရတာ” ဟု အထက်ပါ နမ့်ခမ်းမြို့ခံအမျိုးသားက ပြောသည်။

မြန်မာဘက်မှထွက်သည့် သတ္တုနှင့် တွင်းထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ပို့ခွင့်ရသော်လည်း တရုတ်နိုင်ငံဘက်မှ တနိုင်တပိုင် စားသောက်ကုန်လောက်သာ သယ်ဆောင်ခွင့်ရသည်ဟု နမ့်ခမ်းမြို့ခံများက ဆိုကြသည်။

ထို့ကြောင့် ကုန်သည်အများစုမှာ နမ့်ခမ်းမြို့နှင့် မိုင် ၂၀ ကျော်ဝေးသည့် မူဆယ်မြို့သာမက ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကိုသာ အားထားနေရဆဲဖြစ်ကြောင်း နမ့်ခမ်းမြို့ခံကုန်သည်အချို့ထံက သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှ စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”  နှစ်နှစ်ကျော်အတွင်း TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့နှင့် တဆက်တည်းရှိသည့် နမ္မတူ၊ နမ့်ဆန်၊ မန်တုံမြို့တို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။

TNLA အနေဖြင့် မန်တုံမြို့နယ်မှထွက်သည့် မြေရှားသတ္တုများနှင့် နမ္မတူဘော်တွင်းဒေသမှ ထွက်သည့် သတ္တုများကို တရုတ်နိုင်ငံသို့ လွယ်ကူစွာတင်ပို့နိုင်ရေးအတွက် နမ့်ခမ်းမြို့ရှိ နောင်တောင်းနယ်စပ်ဂိတ်မှာ အရေးပါသည်။ 

ထို့အတွက် နောင်တောင်းနယ်စပ်ဂိတ်လမ်းပိုင်းကို TNLA က အဆင့်မြှင့်တင်နေခြင်းဖြစ်နိုင်ပြီး  ယခုနှစ် နှစ်ကုန်၌  အပြီးသတ်ဆောင်ရွက်မည်ဟု သိရကြောင်း နမ့်ခမ်းဒေသခံများက ဆိုသည်။

နမ့်ခမ်းနယ်စပ်ဂိတ်ကို အဆင့်မြှင့်တင်၍ တရုတ်အစိုးရဘက်မှ ကုန်သွယ်မှု ခွင့်ပြုပါက ကုန်းတွင်းပိတ် ဖြစ်နေသည့် TNLA အတွက် နယ်စပ်ကုန်သွယ်ရေးထွက်ပေါက်တစ်ခု ရရှိသွားနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက မှတ်ချက်ပြုကြသည်။

“TNLA အတွက်က နယ်မြေတွေ သိမ်းထားတယ်ဆိုပေမယ့် သူ့မှာ စီးပွားရေးလမ်းကြောင်းတွေကို စစ်တပ် ကရော တရုတ်ကပါ ပိတ်ဆို့ခံထားရသလို ဖြစ်နေတာ။ မူဆယ်ကနေလည်း ဆုတ်ပေးထားရတော့ နမ့်ခမ်းမှာ တရုတ်နဲ့ ကုန်သွယ်ရေးဂိတ် ဖွင့်နိုင်ရင် သူ့အတွက် အသက်ရှူချောင်မှာပဲ” ဟု ထိုင်းအခြေစိုက် ဝါရင့် တိုင်းရင်းသားရေးရာ လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

နမ့်ခမ်းမြို့နယ်စပ်တွင် ကုန်သွယ်ရေးဂိတ် အဆင့်မြှင့်တင်နေသည့် အခြေအနေနှင့်ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးအား  Myanmar Now က ဆက်သွယ်မေးမြန်းရာ TNLA  အနေဖြင့် အဆိုပါ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် မရှိသေးသလို လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ငြင်းဆိုထားသည်။

TNLA သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရသော နမ္မတူသတ္တုတွင်း။ (ဓာတ်ပုံ- မြတ်ပန်း)


ရှမ်းမြောက်တွင် လှုပ်ရှားမှု ပိုစိပ်လာသည့် MNDAA နယ်စပ်ကုန်သွယ်ရေးဂိတ်များ အဆင့်မြှင့်

TNLA နည်းတူ ကိုးကန့်တပ် (MNDAA) ကလည်း မြန်မာ- တရုတ်နယ်စပ်မြို့များဖြစ်သော မုံးကိုးမြို့နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များကို အဆင့်မြှင့်တင်နေကြောင်း ဒေသခံများက ပြောကြသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် မိုင် ၃၀ ကျော် အကွာရှိ မုံးကိုးမြို့တွင် တရုတ်နိုင်ငံ မန့်ဟိုင်းမြို့နှင့် ဆက်သွယ်မည့် တံတားတစ်စင်းကို တရုတ် ယွမ်ငွေ ၂၃ သိန်း (ကျပ်သိန်း တစ်သောင်းခွဲဝန်းကျင်) အကုန်အကျခံတည်ဆောက်မည်ဟု MNDAA ထံကလည်း သိရသည်။ 

အဆိုပါတံတားအရှည်မှာ ၅၅ မီတာရှိမည်ဖြစ်ပြီး ခြောက်လ အချိန်ယူတည်ဆောက်မည် ဟု သိရသည်။

မုံးကိုးဒေသမှာ ယခင် အရပ်သားအစိုးရ (NLD အစိုးရ) လက်ထက်တွင် တရုတ်နှင့် မြန်မာနိုင်ငံကြား နယ်နိမိတ်အငြင်းပွားမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ဒေသဖြစ်သည်။

ထိုတံတားတည်ဆောက်မှုတွင် မြန်မာဘက်မှ နယ်နိမိတ် မည်မျှပါဝင်မည်ကို MNDAA က တိတိကျကျ ဖော်ပြခြင်းမရှိသော်လည်း အဆိုပါဒေသများကို MNDAA သိမ်းပိုက်ပြီးနောက် တရုတ်အစိုးရဘက်ကသာ တိုင်းတာ၍ မြန်မာနှင့်နယ်စပ်တလျှောက် ခြံစည်းရိုးများ အခိုင်အမာကာရံလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများအဆိုအရ သိရသည်။

ထိုသို့ ခြံစည်းရိုးကာရံရာတွင် မြန်မာဘက်မှ နယ်မြေအချို့ တရုတ်ဘက်သို့ ပါဝင်သွားသည်ဟု ဒေသခံများ ပြောဆိုခဲ့ကြသော်လည်း တရုတ်အစိုးရ၊ မြန်မာအာဏာပိုင်များနှင့် MNDAA တပ်တို့က အဆိုပါကိစ္စကို ငြင်းဆိုခဲ့ကြသည်။

မုံးကိုးမြို့မှာ တရုတ်နိုင်ငံ မန့်ဟိုင်းမြို့နှင့် ထိစပ်နေပြီး နမ့်ခမ်းမြို့ကဲ့သို့ပင် တရုတ်နိုင်ငံနှင့် ကြီးမားသည့် ကုန်သွယ်မှု မရှိခဲ့ပေ။ မြန်မာဘက်မှ ကြံ၊ ပြောင်း၊ စပါးနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်များကို တရုတ်သို့ တပိုင်တနိုင် တင်ပို့ပြီး တရုတ်ဘက်မှ စားသောက်ကုန်၊ အထည်အလိပ်များကို အဓိက သယ်ယူခွင့် ပြုထားသည်။

အထူးသဖြင့် တရုတ်နှင့် ဆက်သွယ်သည့် မန့်ဟိုင်းတံတားမှာ လူဖြတ်သန်းရန်သာ အဓိကဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်နိုင်သည်အထိ ကုန်ကားများသွားလာရန် ခက်ခဲသည်။

ထို့ကြောင့် အဆိုပါတံတားကို MNDAA ဘက်မှ အဆင့်မြှင့်တင်ရန် ကြိုးပမ်းလာခြင်းဖြစ်ပြီး တံတားပြီးစီးပါက တရုတ်နိုင်ငံ မန့်ဟိုင်းမြို့နှင့် ပိုမိုကုန်သွယ်နိုင်မည်ဟု MNDAA ၏ အာဘော် The Kokang က အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ မန့်ဟိုင်းမြို့နှင့် ဆက်သွယ်မည့်တံတား စတင်တည်ဆောက်ခြင်း အခမ်းအနားကို မုံးကိုးမြို့တွင် ယခုနှစ် အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ-The Kokang)

ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်ကိုလည်း တိုးချဲ့

MNDAA အနေဖြင့် ချင်းရွှေဟော်မြို့တွင်လည်း တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို အဆင့်မြှင့် တင်နေကြောင်း ဒေသခံများထံက သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ စစ်တပ်လက်အောက်ခံ နယ်စပ်ကုန်သွယ်ရေးဌာနက ဖွင့်လှစ်ထားသည့် ကွမ်လုံမြို့အထွက် ကုန်သွယ်ရေးစခန်းကို ပြင်ဆင်မှုများ ပြုလုပ်နေသလို တရုတ်- မြန်မာနယ်စပ်အနီး ချင်းရွှေဟော်မြို့မြောက်ဘက်၌ ကုန်သွယ်ရေးစခန်းအသစ်တစ်ခုကို အကောင်အထည်ဖော်ထားကြောင်း ဒေသခံများထံက သိရသည်။

“ချင်းရွှေဟော်ကနေ လောက်ကိုင်ကို တက်တဲ့အကွေ့နေရာမှာ တရုတ်က အရင်ကတည်းက နယ်စပ် (BRI) ကုန်သွယ်ရေးစခန်းတစ်ခု လုပ်ထားတာရှိတယ်။ ကိုးကန့်ဘက်က အဲဒီ (BRI စခန်း) နားနဲ့ ကပ်နေတဲ့ မြန်မာဘက်အခြမ်းမှာ ကုန်သွယ်ရေးစခန်း(အသစ်) လုပ်လိုက်ပြီ”ဟု ချင်းရွှေဟော် မြို့ခံတစ်ဦးက ပြောသည်။

ချင်းရွှေဟော်မြို့သည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI- ပိုးလမ်းမသစ် စီမံကိန်း) အတွက် အရေးပါသည့် လမ်းကြောင်းပေါ်တွင်တည်ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့အရှေ့ဘက်တွင် ချင်းရွှေဟော်နယ်စပ်ဂိတ်ရှိကာ ယခု လောက်ကိုင်မြို့အတက်တွင် ကုန်သွယ်ရေးစခန်းသစ် ထပ်မံတိုးချဲ့ထားခြင်းဖြစ်သည်။ 

NLD အစိုးရလက်ထက်ကတည်းက အဆိုပါ BRI နယ်စပ်ကုန်သွယ်ရေးစခန်းကို တရုတ်အစိုးရက အဆင့်မြှင့်လိုခဲ့ပြီး ၎င်းတို့က ချင်းရွှေဟော်နှင့်ကပ်လျက်ရှိသည့် တရုတ်နိုင်ငံ လင်ချန်းမြို့အထိ ကားလမ်း၊ ရထားလမ်း စီမံကိန်းများကို အကောင်အထည်ဖော်ထားသည်။

တရုတ်ဘက်က ကုန်သွယ်ရေးစခန်းဖွင့်ရန် အဆင်သင့်ဖြစ်နေခဲ့သော်လည်း NLD အစိုးရဘက်မှ မြန်မာ နိုင်ငံအတွင်း တရုတ်စီမံကိန်းများအပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေချိန် ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုများကြောင့် ချင်းရွှေဟော်အပါအဝင် မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်သွားခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” အပြီး ညီနောင်သုံးဖွဲ့က တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများရှိသည့် မြို့များကို သိမ်းပိုက်ခဲ့ပြီး စစ်တပ်နှင့်လည်း အပစ်အခတ် ရပ်စဲထားချိန် TNLA နှင့် MNDAA တပ်ဖွဲ့ ထိန်းချုပ်သည့် တရုတ်နယ်စပ်မြို့များရှိ ကုန်သွယ်ရေးစခန်းများမှာ အရှိန်အဟုန်ဖြင့်တိုးချဲ့လာနေသည် တွေ့ရကြောင်း ဒေသခံများက ပြောကြသည်။ 

MNDAA နှင့် နီးစပ်သူများက ချင်းရွှေဟော်မြို့တွင် MNDAA က နယ်စပ်ဂိတ်စခန်းများ တိုးချဲ့နေသည်မှာ မှန်ကန်ကြောင်း ပြောသည်။

တိုးချဲ့ထားသည့် ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်စခန်းသစ်ကို ယခုလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)
ချင်းရွှေဟော်မြို့မြောက်ဘက် ယခင် BRI နယ်စပ်စခန်းနှင့်အနီး ကုန်သွယ်ရေးစခန်းအသစ် တိုးချဲ့သည်ဟု ဆိုကြသည်။ (ဓာတ်ပုံ-Google Earth Screengrab)

MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသတွင် ချင်းရွှေဟော်နှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်များရှိပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းခရိုင် မိန်းတိန်မြို့နှင့် အဓိက ကုန်သွယ်မှုပြုသည်။

“ ၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှ ၂၄ ရက်အထိ ၁၀ ရက်အတွင်း ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၃၇ သန်းခန့် ပို့ကုန်တင်ပို့ နိုင်ခဲ့သည်။ တရုတ်သွင်းကုန် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၁၁ သန်း တန်ဖိုးရှိခဲ့ကြောင်း စစ်တပ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနစာရင်းများတွင် ဖော်ပြထားသည်။

“ ၁၀၂၇ စစ်ဆင်ရေး” အပြီး နောက်ပိုင်းတွင် တရုတ်နှင့် မြန်မာနိုင်ငံအကြား  တရားဝင် ကုန်သွယ်မှုများ ရပ်တန့်နေသည်မှာ  သုံးနှစ်ကျော်ရှိလာပြီဖြစ်သည်။

တရုတ်အစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် တရုတ်နယ်စပ်ဂိတ်များမှ ကုန်စည်များ လွတ်လပ်စွာ သယ်ယူခွင့်ပြုထားသော်လည်း အာဏာသိမ်းစစ်အစိုးရဘက်ကမူ MNDAA ထိန်းချုပ်ဒေသမှ လာသည့် ကုန်စည်များကို တရားမဝင် ကုန်စည်အဖြစ် သတ်မှတ်ကာ ဖမ်းဆီးနေသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်သည့် TNLA နှင့် MNDAA တပ်ဖွဲ့များအနေဖြင့် စစ်တပ် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယခုနှစ်အတွင်း နေပြည်တော်၌ တက်ရောက်ခဲ့ကာ နယ်စပ်ကုန်သွယ်ရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ပြီး အပစ်အခတ် ရပ်စဲထားကြသည်။

သို့ရာတွင် စစ်တပ်ဘက်မှ လက်ရှိအချိန်အထိ တရုတ်နယ်စပ်မှလာသည့် ကုန်စည်များကို တရားမဝင် ကုန်စည်များအဖြစ် ဆက်လက်သတ်မှတ်ကာ ဖမ်းဆီးနေဆဲဖြစ်သည်။

လက်ရှိတွင် MNDAA တပ်တစ်ခုတည်းကသာ မူဆယ်- လားရှိုး- ကွတ်ခိုင်- ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလုံးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ သွားရာ သိန္နီ- မိုင်းရယ်လမ်းကြောင်းကိုလည်း ထိန်းချုပ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles