မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့အချင်းအချင်းအကြား လက်နက်ခဲယမ်း ရောင်းဝယ်မှုကို တားမြစ်လိုက်ပြီး ကျူးလွန်ပါက ကြီးလေးသည့် ပြစ်ဒဏ်များချမှတ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင်စစ်ဌာနထံက သိရသည်။
တော်လှန်ရေးအဖွဲ့များအကြား ကျည်မှောင်ခိုရောင်းချမှုများ မရှိရန် နှင့် နောက်ဆက်တွဲ ကိစ္စရပ်များ မပေါ်ပေါက်လာစေရန် ကြိုတင်တားဆီးသည့်အနေဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် စစ်ဦးစီးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
“ ပြည်သူကလှူတာကို အလဟဿမဖြစ်အောင်ရယ်၊ မိမိ ခရိုင်မှာရှိတဲ့ တပ်တွေမှာရှိတဲ့ ကျည်တွေ၊ ခေါင်းဆောင်တွေမသိအောင် ထုတ်ယူရောင်းစားတာတွေ မဖြစ်အောင်ရယ်၊ အကျိုးဆက်တွေပေါ့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်အောင်လို့ ဒီစာကိုထုတ်လိုက်ခြင်း ဖြစ်တယ်။ ပြင်ပကလာတဲ့ အလက် (သေနတ်) တွေ၊ ကျည်တွေ ဝယ်ယူတာကို တားမြစ်တာမဟုတ်ပါဘူး”ဟု မြင်းခြံခရိုင် စစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင် က Myanmar Now ကိုပြောသည်။
“ မလိုအပ်ဘဲနဲ့ ကျည်တွေက အတွင်းထဲမှာပဲ ပျံ့သွားမယ်ဆိုရင် တပ်ရင်း၊ တပ်ဖွဲ့၊ ပကဖ (ပြည်သူ့ ကာကွယ်ရေးအဖွဲ့) သို့မဟုတ် Local (ဒေသခံလက်နက်ကိုင်အဖွဲ့) တွေမဟုတ်ဘဲနဲ့ အပြင်မှာ ကိုင်တွယ်မယ်ဆိုရင် ဒါတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်ပါတယ်။ ဓားပြမှု၊ ပြန်ပေးမှုဆိုတာဖြစ်လာနိုင်ခြေရှိလို့ အတွင်းထဲ (အချင်းချင်းထဲ) မှာကို ပိတ်လိုက်တဲ့သဘောပါ” ဟု ၎င်းက ဆက်ပြောသည်။
“ မြင်းခြံခရိုင်အတွင်းမှာ တော်လှန်ရေးသမားအချင်းချင်း ကြားလက်နက်ခဲယမ်းရောင်းဝယ်မှုကို ကန့်သတ်တာပေါ့။ အဓိကတော့ တပ်ရင်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေကို ရောင်းချတာတွေ မလုပ်ဖို့နဲ့ မလိုအပ်ဘဲနဲ့တခြားလူတွေဆီမရောက်အောင်၊ မလိုအပ်တဲ့ပြဿနာတွေမဖြစ်အောင် တားဆီးလိုက်တဲ့သဘောပါ။ ခက်ခဲမှုတွေ ဖြစ်လာရင်တော့ ခရိုင်ကိုတင်ပြပြီး ညှိနှိုင်းဖြေရှင်းဖို့လည်း ဆောင်ရွက်ထားပါတယ်”
မြင်းခြံခရိုင်အတွင်း အထက်ပါအခြေအနေနှင့်ဆက်စပ်၍ အဖွဲ့များအကြား လက်နက်မှောင်ခိုရောင်းချမှု အပါအဝင် မည်ကဲ့သို့သောဖြစ်ပေါ်နေသည်ဆိုသည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
မြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအား လက်နက်ရောင်းဝယ်ခြင်း တားမြစ်ထားကြောင်း ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက်နှင့်ပတ်သက်၍ မြင်းခြံခရိုင် စစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်က ပြန်လည်ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြင်းခြံခရိုင်စစ်ဌာန၏ ကန့်သတ် တားမြစ်မိန့်ထုတ်ပြန်သည့်အခြေအနေနှင့်ပတ်သက်၍ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ် မေးမြန်းထားသော်လည်း ယနေ့ ညနေအထိ အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့တို့ပါဝင်သည့် မြင်းခြံခရိုင် တွင် အမျိုးသားညီညွတ်ရေးလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၁ ခု၊ ခရိုင်၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ အမိန့်ပေးကွပ်ကဲမှု (COC) အောက် လှုပ်ရှားနေသည့် ဒေသကာကွယ်ရေးအဖွဲ့ ငါးဖွဲ့အပါအဝင် သီးခြားရပ်တည် လှုပ်ရှားနေသော အဖွဲ့အချို့ လှုပ်ရှားရာဒေသဖြစ်သည်။
ဒေသတွင်း လက်နက်များ ပျံ့နှံ့လာပြီး လက်နက်ကိုင်ဓားပြမှုနှင့် ခိုးဆိုးလုယက်မှုများကို ကိုင်တွယ် နိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက မှတ်ချက်ပြုသည်။
မြင်းခြံခရိုင်တွင် အခြေစိုက်လှုပ်ရှားသော တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် Myingyan Black Tiger – MBTအဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက “ အဓိကတော့ မလိုလားအပ်တဲ့ပြဿနာတွေ၊ ဓားပြတိုက်မှုတွေ အပါအဝင် လုယက်မှု၊ အကြမ်းဖက်မှုအမျိုးမျိုးတွေရှိကြတယ်။ ပြီးရင် လက်နက်ဆိုတဲ့ အတိုင်းအတာက တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိပါတယ်။ ဒါကြောင့် စစ်ဘက်သုံး လက်နက်တွေကို အလေအလွင့်မရှိအောင် လုပ်ဖို့ ရည်ရွယ်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းမိပါတယ်။ အသေးစိတ် အခြေအနေက ကျွန်တော်တို့ မသိရပါဘူး” ဟု ဆိုသည်။
“ဒီကိစ္စတွေ လုပ်လိုက်ခြင်းအားဖြင့် တရားမျှတမှု မရှိတာတွေ၊ လက်နက်တွေ ဖောင်းပွတဲ့ပြဿနာတွေ၊ ဓားပြမှုတွေကို အကောင်းဆုံးတားဆီးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်”ဟု ဗိုလ်မိုက်ခဲက ဆက်ပြောသည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ဖွဲ့များကို အကြောင်းကြားထားပြီးဖြစ်သလို သီးခြား ရပ်တည်လှုပ်ရှားနေသည့်အဖွဲ့များကိုလည်း ပကဖများမှတဆင့် ဆက်သွယ်ညွှန်ကြားထားကြောင်း အထက်ပါ ခရိုင်စစ်ဦးစီး အဖွဲ့ဝင်က ဆက်ပြောသည်။
မန္တလေးတိုင်းနှင့်ဆက်စပ်နေသည့် မြင်းခြံခရိုင် လေးမြို့နယ်ကို ယမန်နှစ်ကုန်ပိုင်းမှစ၍ စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ ခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တို့မှ ကျေးလက်ဒေသ အချို့နှင့် အရေးပါသည့်နေရာအချို့ကို နယ်မြေပြန်လည်စိုးမိုးထားနိုင်သည့် အခြေအနေရှိသည်။



