Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဒီနေ့ ဒီအချိန်က ကျွန်တော်တို့ရဲ့နောက်ဆုံးအခွင့် အရေးဖြစ်တယ်။ အခွင့်အရေးကောင်းဖြစ်တယ်။ ဒီနေ့စစ်ကောင်စီတွေက ပြုတ်ကျခါနီးပြီ။ သူ့မှာတပ်တွေပျက်နေပြီ”

အမျိုးသားညီညွတ်​ရေးအတိုင်ပင်ခံ​ကောင်စီ(NUCC) ၊အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) တို့ဖွဲ့စည်းတာမှာလည်း KNPP ကိုယ်စားလှယ်​တွေပါဝင်ပြီး​တော့ ​နွေဦး​တော်လှန်​ရေးမှာတက်ကြွပြီး စိတ်အားထက်သန်တဲ့အဖွဲ့ဖြစ်ပါတယ်။

■KNPP တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်နဲ့

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနဲ့တွေ့ဆုံ​ဆွေး​နွေးလိုကြောင်း ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ သဘောထားကို အဖွဲ့ရဲ့ အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်ကို People’s Spring သတင်းဌာနက ဒီ​နေ့( ဧပြီ ၂၃ ရက်)မှာဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။ KNPPရဲ့ လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA)ဟာ ကရင်နီ(ကယား)ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတာမှာ ဦးဆောင်ပါဝင်နေတဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်ပါတယ်။ အမျိုးသားညီညွတ်​ရေးအတိုင်ပင်ခံ​ကောင်စီ(NUCC) ၊အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) တို့ဖွဲ့စည်းတာမှာလည်း KNPP ကိုယ်စားလှယ်​တွေပါဝင်ပြီး​တော့ ​နွေဦး​တော်လှန်​ရေးမှာတက်ကြွပြီး စိတ်အားထက်သန်တဲ့အဖွဲ့ဖြစ်ပါတယ်။

​မေး-မနေ့က စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ချက်အပေါ် KNPP အဖွဲ့အစည်းရဲ့ သဘောထား ပြောပြပေးပါလား။ ဒီဖိတ်ခေါ်ချက်အပေါ် ဘယ်လိုမြင်ပါသလဲ။

​ဖြေ-ဒီဖိတ်ခေါ်ချက်က ကျွန်တော်တို့မှာ အကြောင်းနှစ်ချက် ရှိတယ်။ ပထမ တစ်ချက်က သူတို့ရဲ့ တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်တို့က လက်ခံလိုက်မယ်ဆိုရင် ၂၀၀၈ အောက်ကနေပြီးမှ အကောင်အထည်ဖော်ထားတဲ့ NCAကို ပြန်စမှာပဲဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့က ဒီလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က တွေ့ဆုံဆွေးနွေးပွဲမျိုးကို သွားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေလိုလားတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနဲ့ အလှမ်းဝေးသွားမှာ ဖြစ်တယ်။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တွေ့ဆုံဆွေးနွေးပွဲနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ကို မှတ်ချက်ပြုချင်တယ်။ ဒုတိယ အချက်ကတော့ လက်ရှိ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အနေအထားနဲ့ ဒီနေ့ ကျွန်တော်တို့ကို တွေ့ဆုံဆွေးနွေးရေး ခေါ်တဲ့အချက်ဟာ သဟဇာတ သိပ်မဖြစ်ဘူးဗျ။ ဥပမာဆို ကျွန်တော်တို့ ကရင်နီမှာဆိုလို့ရှိရင် မြို့ရွာတွေ အကုန်လုံးပျက်စီးကုန်ပြီ။ နောက်ပြီး လူတွေရာနဲ့ချီပြီး သေကြေပျက်စီးနေပြီ။ အဖမ်းအဆီး ခံရတာလည်း ရာနဲ့ချီပြီးမှ။ နောက် အိုးအိမ်တိုက်တာတွေက ထောင်နဲ့ဖြစ်နေပြီ ပျက်စီးနေတာ။ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေ လူမျိုးတုန်းသတ်ဖြတ်မှုတွေ နောက်လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုတွေကို ဆက်တိုက်လုပ်နေတဲ့ ကြားထဲမှာ ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးကို သွားလုပ်မယ်ဆိုရင် ကျွန်တော်တို့ မြေပြင်နဲ့ ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်တွေက သဟဇာတ ဖြစ်မှာ မဟုတ်ဘူးပေါ့။ စစ်ကောင်စီကတော့ နိုင်ငံတကာမှာ မျက်နှာရရှိရေးအတွက် ဒါလုပ်မှာပဲ။ လုပ်မှာကို ကျွန်တော်တို့က လက်ခံလိုက်မယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးဦးတည်ချက် ရည်မှန်းချက်နဲ့ ဘယ်လိုမှ ပြည့်မှာ မဟုတ်ဘဲနဲ့ စစ်တပ်ရဲ့ နှစ်ပေါင်း ၇၀ကျော်ဖိနှိပ်နေတဲ့ အောက်ကိုပဲ သံသရာက ပြန်လည်သွားမှာ ဖြစ်တယ်။ အဲဒီတော့ ဒီနေ့ ဒီအချိန်က ကျွန်တော်တို့ရဲ့နောက်ဆုံးအခွင့် အရေးဖြစ်တယ်။ အခွင့်အရေးကောင်းဖြစ်တယ်။ ဒီနေ့ စစ်ကောင်စီတွေက ပြုတ်ကျခါနီးပြီ။ သူ့မှာ တပ်တွေပျက်နေပြီ။ ဒီအချိန်မှာ ကျွန်တော်တို့က ဘာလုပ်သင့်သလဲဆိုတာ ကျွန်တော်တို့ အားလုံးက ဆုံးဖြတ်ဖို့လိုတာပေါ့။ စစ်ကောင်စီရဲ့ လက်အောက်ကို ပြန်သွားမလား။ ကျွန်တော်တို့အားလုံးတန်းတူညီမျှ ရှိတဲ့ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အရောက်သွားမလားပေါ့။ ဒီလို သွားတဲ့အခါမှာ ကျွန်တော်တို့ ဆုံးရှုံးနစ်နာမှုတွေက ရှိမှာပဲ။ တော်လှန်ရေးဆိုတာ ဒါပဲလေ။အဲဒါလေးပဲ မှတ်ချက်ပေးလိုပါတယ်။

​မေး-ကရင်နီမှာ လုပ်နေသလို စစ်ကောင်စီက အခြားဒေသတွေမှာလည်း လုပ်ဆောင်နေတာရှိတော့ ဒီလိုအခြေအနေမှာ သူက ဒီလို စကားထွက်ပြောတာက အခြားဘာရည်ရွယ်ချက်ရှိနိုင်ပါသလဲ။

​ဖြေ-သိပ်ရှိနိုင်တာပေါ့ဗျာ။ ဒီနေ့က ဒီလိုတွေ့ဆုံဆွေးနွေးရေးလုပ်ဖို့အတွက် အာဆီယံရဲ့ မူ ၅ချက်နဲ့ အာဆီယံနိုင်ငံတွေကဖိအားပေးတာတွေ နောက် အိမ်နီးနားချင်း နိုင်ငံ တရုတ်နိုင်ငံကလည်း ဖိအားပေးတာ အများကြီးရှိတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံအတွင်းက နိုင်ငံရေးအခြေအနေက လည်း ဒါက တည့်တည့်တော့ မပြောချင်ပါဘူး တချို့ကလည်း ဒီနေ့ ဒီလောက် အခြေအနေ ပြည်သူလူထု တစ်ရပ်လုံးဒုက္ခရောက်နေတာတောင်မှ အဖွဲ့အစည်းရဲ့ … ကိုကြည့်ပြီးတော့မှ စစ်ကောင်စီ အကောင်အထည် ဖော်တဲ့လမ်းကို သွားချင်နေတဲ့အဖွဲ့အစည်းတွေလည်းရှိမှာပေါ့ဗျာ။ နိုင်ငံရေးပါတီပဲဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒါတွေကတော့ ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ သွားရမယ့် အလုပ်တွေပဲ။

​မေး-ဒီဖိတ်ခေါ်ချက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပဲ ဦးတည်ထားပြီး PDF တို့ဘာတို့ မပါဘူး ဒီအပေါ်ဘယ်လိုမြင်ပါသလဲ။

​ဖြေ-သူ့အနေနဲ့က သူသိတယ်လေ။ PDFတွေကတော့ ဒီနေ့ နွေဦးတော်လှန်ရေးမှာ စစ်တပ်ရဲ့မတရားဖိနှိပ်သတ်ဖြတ်မှုကို မခံချင်လို့သာ ထပြီးတော့လက်နက်ကိုင်စွဲပြီး စစ်အာဏာရှင် ပြုတ်ကျရေးကို ပိုပြီးတော့မှ ဦးတည်ချက်ထားပြီးလုပ်တာဖြစ်တယ်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကတော့ နှစ်ပေါင်း ခုနစ်ဆယ်ကျော်သူတို့ရဲ့ အမျိုးသားတန်းတူရေးလုပ်တော့ သူတို့ကတိကျတဲ့ နိုင်ငံရေးဦးတည်ချက်ရှိတယ် ဆိုတော့ ဒီလက်နက်ကိုင်လူငယ်တွေက စစ်အာဏာရှင် ပြုတ်ကျဖို့ ပိုပြီးမှ သူတို့အတွက် အရေးပါတယ်။ ပြုတ်ကျသွားပြီး နိုင်ငံအတွင်း အေးဆေးနေရရင် ကျောင်းပြန်နေမယ် အလုပ်ပြန်လုပ်မယ်ဆိုတဲ့ သူတွေကလည်းရှိမှာပေါ့။ ဒါမှမဟုတ်ရင်လည်း နိုင်ငံရေး ဦးတည်ချက် ကောင်းကောင်းနဲ့ရှေ့ဆက်ပြီးသွားမယ့်သူတွေလည်း ရှိမှာပေါ့။ ဒါက နှစ်မျိုးနှစ်စားကွဲတာကိုး။ အဓိက ကြည့်မယ်ဆို တိုင်းရင်သားတွေက သူတို့ရဲ့ နိုင်ငံရေး ဦးတည်ချက် အမျိုးသားရေးကို မရမချင်းကတော့ တိုက်ပွဲဖြစ်နေအုံးမယ်ဆိုတာ သူတို့ သိတယ်လေ။ ဒါကြောင့်မို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဦးတည်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။

​မေး-ဖိတ်ခေါ်ခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုရောဘာတိုက်တွန်းလိုပါသလဲ။

​ဖြေ-ကျွန်တော်ခုဏကပြောတဲ့အထဲပါပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဒီလောက်ဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်နေတာကို သိရဲ့သားနဲ့ ကျွန်တော်တို့က ဒီနေ့ လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့်ဆင်နွှဲနေရတာလဲ၊ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်က ဘာလဲဆိုတာ ကျွန်တော်တို့ အားလုံးက ပြန်ပြီးမှ စဉ်းစားဖို့ အချိန်ရောက်နေပါပြီလို့ အဲဒါလေးပဲပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်များရောင်းချစားသုံးခြင်း မပြုရန် အမိန့်စာကို ၂၀၂၁ ဇွန်လတွင် ဖြန့်ဝေခဲ့ပြီး အခြားဒေသများ၌လည်း ဖမ်းဆီး စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်။

သတင်း

ကလေးမြို့ ကျွန်းချောင်းနှင့် သာယာကုန်းကျေးရွာကြားတွင် ယနေ့(သြဂုတ် ၈ရက်) နေ့လည် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်သည်။

သတင်း

ယခုရက်ပိုင်းအတွင်း ကျင်းရွာမှ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ယမန်နေ့ကအဖမ်းခံရသော တဲစုကျေးရွာမှဖမ်းဆီးခံရသောပြည်သူ ၄ ဦးပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။