Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပိုလန်မှာ အခမ်းအနားတက်တဲ့ ရုရှားသံအမတ် ဆေးအနီတွေနဲ့ ပစ်ပေါက်ခံရ

အန်ဒရိဗ်ကို ဆေးအနီတွေနဲ့ ပစ်ပေါက်တဲ့ လူစုထဲက တချို့ဟာ ယူကရိန်း အလံတွေကိုပါ ကိုင်ဆောင်ထားပြီး သံအမတ်ကြီးကို “ဖက်ဆစ်ကောင်”၊ “လူသတ်သမား” အစရှိတဲ့ စကားလုံးတွေနဲ့ ဝိုင်းပြီး ဆဲရေးနေကြတာ တွေ့ရပါတယ်။

ပိုလန်နိုင်ငံမှာ အခမ်းအနားတစ်ခု တက်ရောက်ခဲ့တဲ့ ရုရှား သံအမတ်ကြီးဟာ မျက်နှာတွေကို အနီရောင် သုတ်ဆေးတွေနဲ့ ပစ်ပေါက် တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ရုရှားရဲ့ အမျိုးသား အောင်ပွဲနေ့ဖြစ်တဲ့ မေလ ၉ ရက်မှာ သံအမတ်ကြီး ဆာဂျီ အန်ဒရိဗ်ဟာ ဝါဆောမြို့က ဆိုဗီယက် စစ်သင်္ချိုင်းကို သွားရောက်ပြီး လွမ်းသူ့ပန်းစည်း ချထားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ မျက်နှာကို သွေးနဲ့တူတဲ့ ဆေးအနီတွေနဲ့ လှမ်းပစ်ပေါက်တာ ခံခဲ့ရတာပါ။

အမျိုးသား အောင်ပွဲနေ့ဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီအပေါ် ဆိုဗီယက် တပ်တွေက အနိုင်ရခဲ့တဲ့ အထိမ်းအမှတ်ဖြစ်ပြီး ဒီနေ့ခေတ် ရုရှားအပြင် အရှေ့ဥရောပ နိုင်ငံတချို့မှာပါ ဂုဏ်ပြု သတ်မှတ်ထားကြပါတယ်။

အန်ဒရိဗ်ကို ဆေးအနီတွေနဲ့ ပစ်ပေါက်တဲ့ လူစုထဲက တချို့ဟာ ယူကရိန်း အလံတွေကိုပါ ကိုင်ဆောင်ထားပြီး သံအမတ်ကြီးကို “ဖက်ဆစ်ကောင်”၊ “လူသတ်သမား” အစရှိတဲ့ စကားလုံးတွေနဲ့ ဝိုင်းပြီး ဆဲရေးနေကြတာ တွေ့ရပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ ပိုလန် ပြည်သူတွေကပါ ဆန့်ကျင်တဲ့ ပြယုဂ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ အန်ဒရိဗ်က သူနဲ့ သူ့အဖွဲ့သားတွေဟာ ဒီဖြစ်စဉ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မိတာ မရှိဘူးလို့ ရုရှား သတင်းဌာန Tassကို ပြောကြားသွားပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပိုလန် အာဏာပိုင်တွေ အနေနဲ့ ရန်စ လှုံ့ဆော်မှုဆန်တဲ့ အခုလို လုပ်ရပ်တွေကနေ သံတမန်တွေကို အပြည့်အဝ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ သတိပေး ကြေညာခဲ့ပါတယ်။ ပိုလန် နိုင်ငံခြားရေး ဝန်ကြီး ဇာဘစ်ညူရာအူက ဒီလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်းကြောင်း၊ ဒါဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ပိုလန် ပြည်ထဲရေး ဝန်ကြီး မာရူးစ် ကာမင်စကီက အန်ဒရိဗ်ကို ဆေးနီတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ လူအုပ်ထဲမှာ ယူကရိန်းက ထွက်ပြေးလာတဲ့ ဒုက္ခသည် အမျိုးသမီးတွေလည်း ပါဝင်နေကြောင်း၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ နိုင်ငံမှာ သူတို့ရဲ့ ခင်ပွန်းသည်တွေက ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေတာကို စိတ်ပူ သောကရောက်နေတဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်ကို နားလည် စာနာကြောင်း ပြောကြားသွားပါတယ်။

ပြီးတော့ ပိုလန် အာဏာပိုင်တွေက ရုရှား သံအမတ်ကြီး အနေနဲ့ စစ်သင်္ချိုင်းကို မသွားဖို့ အကြံပြုခဲ့ပေမယ့် အန်ဒရိဗ်က လက်မခံခဲ့ကြောင်း၊ အခြေအနေ ရှုပ်ထွေးသွားတဲ့နောက် ပိုလန် ရဲတပ်ဖွဲ့က သံအမတ်ကြီး ဘေးကင်းကင်းနဲ့ ထွက်ခွာနိုင်အောင် ကူညီပေးခဲ့ကြောင်းလည်း ကာမင်စကီက ဆိုပါတယ်။

ပိုလန်ဟာ ယူကရိန်း စစ်ဘေးရှောင် အများအပြားကို လက်ခံပေးထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ စစ်ဘေးသင့် ယူကရိန်း ပြည်သူတွေကို စာနာကြောင်း ပြသတဲ့ အနေနဲ့ အခုနှစ် အမျိုးသား အောင်ပွဲနေ့ အခမ်းအနား အားလုံးကို မကျင်းပဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ဗီဒီယို

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

Moskva ဆိုတာဟာ ရုရှားဘာသာ စကားအရ မြို့တော် မော်စကိုကို ရည်ညွှန်းတဲ့ နာမည်ဖြစ်ပါတယ်။ ရုရှားရဲ့ မဟာဗျူဟာ အကျဆုံး စစ်ရေး အင်အားစု တစ်ခုဖြစ်တဲ့ ပင်လယ်နက် ရေတပ်ဖွဲ့မှာတော့ ဒီသင်္ဘောကြီးဟာ တပ်ဦးက အောင်လံလွှင့်ရာ ရေယာဉ်လည်း ဖြစ်ပါတယ်။

ဗီဒီယို

ရုရှား အာဏာပိုင်တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာ မဟုတ်ဘဲ နာဇီဝါဒစွဲ အစိုးရကို ဖြုတ်ချဖို့နဲ့ ဒေသတွင်းက ရုရှားအနွယ်တွေကို အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။