Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပညာ​ပေးစာ​စောင်တွင် ပြည်ထောင် ၁၄ ခု တင်ပြချက်နှင့်ပတ်သက်၍ NUG ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး ဌာနပြန်ရှင်း

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက်နှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးကာလတွင် မဆုံးဖြတ်သေးဘဲ အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို တိုင်းပြုပြည်ပြုညီလာခံတွင် ရေးဆွဲပြဋ္ဌာန်းသည့် အခါမှသာ ဆုံးဖြတ်သင့်ကြောင်း အဆိုပါစာစောင်တွင် မှတ်ချက်ဖြင့် ရှင်းလင်းစွာ ဖော်ပြထားကြောင်း ထပ်မံရှင်းလင်းသည်။

ဖက်ဒရယ်ပညာပေးစာစောင်သည် NUG ၏ ပေါ်လစီ စာတမ်းမဟုတ်သကဲ့သို့ ဖက်ဒရယ်ယူနစ် အရေအတွက်ကို လာမည့်တိုင်းပြုပြည်ပြုညီလာခံတွင်ပြည်သူကဆုံးဖြတ်ရမည်

လက်ရှိတိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုကို ပြည်ထောင် ၁၄ ခုအဖြစ် ဖက်ဒရယ်ပညာရေးစာ စောင်တွင်ဖော်ပြခြင်းနှင့်ပတ်သက်၍ ယင်းမှာ ဆုံးဖြတ်ချက်မဟုတ်ဘဲ ပြည်သူလူထုက တိုင်းပြု ပြည်ပြုညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း NUG ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ရှင်းလင်းသည်။

ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာနက မေ ၁၀ ရက်တွင် ထုတ်ပြန်သော ဖက်ဒရယ်စာစောင် အမှတ် ၆ တွင် လက်ရှိတိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုကို တိုင်းဒေသကြီး၊ ပြည်နယ် ဟု မသုံးစွဲတော့ဘဲ ပြည်ထောင်စုဟူသော အခေါ်အဝေါ်နှင့် ဆက်စပ်မှုရှိစေရန် ​‘ပြည်ထောင်များ’ ဟု ခေါ်ဝေါ်ခြင်းက သင့်တော်မည်လားဟု တင်ပြခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက်နှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးကာလတွင် မဆုံးဖြတ်သေးဘဲ အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို တိုင်းပြုပြည်ပြုညီလာခံတွင် ရေးဆွဲပြဋ္ဌာန်းသည့် အခါမှသာ ဆုံးဖြတ်သင့်ကြောင်း အဆိုပါစာစောင်တွင် မှတ်ချက်ဖြင့် ရှင်းလင်းစွာ ဖော်ပြထားကြောင်း ထပ်မံရှင်းလင်းသည်။

“နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရတယ်။ လူ့အသက်ပေါင်းများစွာ သေကြေနေရတယ်။ လူထုဆန္ဒ ပြပွဲမှာ ထောင်ပေါင်းများစွာ အဖမ်းခံနေရတယ်။ အဲဒီလို အရမ်းဆင်းဆင်းရဲရဲဖြစ်နေတဲ့ကာလမှာ ဒါမျိုးကတော့ ကြိုပြီးတော့ ပြသနာမဖြစ်ဖို့ ကြိုတင်ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ နားလည်မှုလွဲမှားနေတာတော့ ရှိတတ်ပါတယ်။ အဲဒီအတွက်ကျွန်တော်တို့အနေနဲ့ ရှင်းလင်းချက်ထုတ်တာဖြစ်ပါတယ်။ ဆိုလိုတာတော့ ကျွန်တော်တို့အနေနဲ့ဒီအချိန်မှာ စိတ်ရှည်သည်းခံပြီးတော့ နားလည်မှု ၊ တူညီမှုအတွက် ကြိုးစားရမယ့်ကာလ ၊ ယုံကြည်မှု တည်ဆောက်ရမယ့် ကာလဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တင်ပြ ခြင်းပဲဖြစ်ပါတယ်” ဟု NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက People’s Spring သို့ပြောသည်။

ထို့အပြင် ယင်းဖက်ဒရယ်စာစောင်သည် ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ထုတ်ဝေခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၏ ပေါ်လစီစာတမ်းမဟုတ်ကြောင်းနှင့် ဖက်ဒရယ်ပညာပေး စာစောင်သာလျှင် ဖြစ်ကြောင်း စာစောင်၏ ရှေ့စာမျက်နှာတွင် ရှင်းလင်းစွာ ဖော်ပြထား ပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ အမည်နာမ နှင့် ပတ်သက်၍ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပြဋ္ဌာန်းခဲ့သည့်အတိုင်း ‘ပြည်နယ်နှင့်တိုင်း’ သို့မဟုတ် ‘တိုင်းဒေသကြီးနှင့် ပြည်နယ်’ ဟူ၍ ခွဲခြားခြင်းကို ဆက်လက် မကျင့်သုံးတော့ဘဲ အမည်နာမတူများဖြင့်သာ ခေါ်ဆိုသင့်ကြောင်း ဖော်ပြလို ရင်းဖြစ်သည်ဟု NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ရှင်းလင်းထားသည်။

အထက်ပါဝန်ကြီးဌာန၏ စာစောင် အမှတ် ၆ တွင်ဖော်ပြသော တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုကို ပြည်ထောင်များဟု အမည်ပြောင်းလဲ တင်ပြချက်နှင့် ၁၉၄၇ အခြေခံဥပဒေတွင် ပါရှိသော ခွဲထွက်ခွင့်ကို အစွန်းရောက်မူဝါဒဟု တင်ပြချက်တို့အပေါ် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

၁၉၄၇ အခြေခံဥပဒေတွင် ခွဲထွက်ခွင့်ဟူသော ကြီးမားသော နိုင်ငံရေးအပေးအယူပေးခဲ့သော်လည်း တဖက်တွင် ပြည်နယ်များကို မည်သည့်နိုင်ငံရေးအနှစ်သာရကိုမျှ လက်တွေ့မပေးခဲ့သည်ကို ထောက်ပြလိုခြင်းဖြစ်ကြောင်း ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ရှင်းလင်းသည်။

“အဲဒီ ဟာက ခွဲထွက်ခွင့်တို့ ဘာတို့ထက် ပိုပြီးတာ့ အရေးကြီးတာက အဲဒီပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်၊ အခုကျွန်တော်တို့ ခေါ်တဲ့ ဖက်ဒရယ်ယူနစ်တွေက နိုင်ငံရေးအာဏာအပြည့်အ၀ရရှိသင့်တယ်။ တန်းတူအခွင့်အရေးရှိသင့်တယ်။ ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ရှိသင့်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသင့်တယ်။ ဒါတွေက ပိုအရေးကြီးတယ်။ အဲဒါကျတော့ ၄၇ အခြေခံဥပဒေမှာ မပါဘူး။ ဆိုတော့ အစွန်းနှစ်ဘက်မှာ အကြီးကြီးတွေရှိပြီး အလယ်မှာ ဘာနိုင်ငံရေးအနှစ်သာရ မှ မရှိဘူးဆိုတာကို ကျွန်တော်တို့ ဖော်ပြခြင်းပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံပြီးနောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးကို ဝင်ဒီရှားမန်းက လက်ခံတွေ့ဆုံမည်ဖြစ်သည်။

သတင်း

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသင့် ကြောင်းအဆိုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စတင် ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကမူ ၎င်း၏အဆိုပြုမှုကို အပြင်းအထန်ကန့်ကွက်ထားသည်။

သတင်း

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေးကို ဆွေးနွေးပွဲအစီအစဉ်တစ်ရပ် အဖြစ်ထည့်သွင်းဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဝယ်ယူသူအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူထားသူများပါဝင်သလို မြန်မာပြည်ဖွားမဟုတ်သည့် နိုင်ငံခြားသားများပါဝင်သည်ဟုလည်း ဆိုသည်။