Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မျောက်ကျောက် ရောဂါအကြောင်း ဘာတွေ သိထားသင့်သလဲ

မျောက်ကျောက်ဟာ ကိုဗစ်လိုမျိုး လေထဲက ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် မဟုတ်သလို ကူးစက်နှုူန်းကလည်း ကိုဗစ်လောက် မမြန်ဘူး ဆိုပေမယ့် ကမ္ဘာ့နိုင်ငံတွေ တော်တော်များများဆီ ပျံ့နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မျောက်ကျောက် ရောဂါ
မျောက်ကျောက် ရောဂါ

ဇူလိုင်လ ၂၃ ရက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မျောက်ကျောက် (Monkeypox) ရောဂါကို နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဆင့် သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ကျန်းမာရေးဆိုင်ရာ အမြင့်ဆုံး သတိပေးချက်ဖြစ်ပြီး တစ်ကမ္ဘာလုံး စုစုစည်းစည်း ချိတ်ဆက်ဆောင်ရွက် တုံ့ပြန်သင့်ကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ မျောက်ကျောက် မတိုင်ခင် နောက်ဆုံးအကြိမ် ဒီလို အဆင့်မျိုးထိ WHOက သတ်မှတ်ခဲ့ဖူးတာက ကိုဗစ် ကပ်ရောဂါကြီး ဖြစ်ပါတယ်။

မျောက်ကျောက်ဟာ ကိုဗစ်လိုမျိုး လေထဲက ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် မဟုတ်သလို ကူးစက်နှုူန်းကလည်း ကိုဗစ်လောက် မမြန်ဘူး ဆိုပေမယ့် ကမ္ဘာ့နိုင်ငံတွေ တော်တော်များများဆီ ပျံ့နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ WHO က မျောက်ကျောက် ကူးစက်မှုတွေကို ကန့်သတ် ထိန်းချုပ်ဖို့ ဦးစားပေး ရည်ရွယ်ထားပြီး ဒီရောဂါဟာ အလေးအနက် သတိထားရမယ့် အဆင့်မျိုး ဖြစ်လာပြီလို့ WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။ တစ်ဖက်မှာလည်း လူတွေ အလွန်အကျွံ စိတ်ပူပန် သောကရောက်ရမယ့် အနေအထားမျိုးထိတော့ မဟုတ်သေးဘူးလို့ သူက ဆိုပါတယ်။ Time မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ပုဒ်မှာ မျောက်ကျောက်နဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ရေးသားထားတာကို လူထုနွေဦးက ပြန်လည်ကောက်နုတ် ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။

❑ ဘယ်လို လက္ခဏာတွေ ခံစားရသလဲ

ကျောက်ကြီးရောဂါလို့ ခေါ်ဝေါ်တဲ့ Smallpox နဲ့ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်တွေက ဆက်နွှယ်မှု ရှိပါတယ်။ မျောက်ကျောက် ရောဂါရဲ့ လက္ခဏာတွေကလည်း ကျောက်ကြီးရောဂါနဲ့ ဆင်တူတတ်ပါတယ်။ ဒါပေမဲ့ သိပ်ပြီး ပြင်းထန်လေ့ မရှိသလို သေနှုန်းလည်း မမြင့်ပါဘူး။ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ တစ်ဦးဟာ ကနဦး အနေနဲ့ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေ စတင် ခံစားလာရနိုင်ပါတယ်။ ဖျားမယ်၊ ကိုယ်လက်နာကျင်မယ်၊ ခေါင်းကိုက်မယ် ဆိုတာမျိုးတွေပါ။ နောက်ပြီး ခန္ဓာကိုယ်က ပြန်ရည်ကြောတွေ ရောင်ရမ်းပြီး ချမ်းစိမ့်တာ၊ တုန်တက်တာတွေ ဖြစ်လာနိုင်တယ်။ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေပါ ထွက်လာမယ်လို့ အမေရိကန် ရောဂါတားဆီး ထိန်းချုပ်ရေးဌာန (CDC)ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဖုအပိန့်တွေ ထွက်ပုံကလည်း တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တချို့က တစ်ကိုယ်လုံးအနှံ့ ကျောက်ရောဂါဆန်ဆန် အဖုတွေ ထွက်လာပြီး တချို့ကတော့လည်း ခံတွင်း၊ စအိုနဲ့ လိင်အင်္ဂါတို့လို ခန္ဓာကိုယ် အတွင်းပိုင်း ထင်သာမြင်သာ မရှိတဲ့ နေရာတွေမှာ အနာတွေ ပေါက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

❑ ဘယ်ဒေသတွေမှာ ကူးစက်နေလဲ

ဇူလိုင်လ ၂၇ ရက်ထိ စာရင်းတွေအရ ကမ္ဘာ့နိုင်ငံပေါင်း ၇၇ ခုမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ ၁၉၀၀၀ ကျော်နဲ့ သံသယလူနာ ၃၀၀ ကျော် တွေ့ရှိထားပြီးပြီလို့ WHOက ပြောပါတယ်။ မေလမှာ ဒီရောဂါ ပျံ့နှံ့မှုတွေ တွေ့ရှိလာပြီးချိန်ကစလို့ ကမ္ဘာအနှံ့ သေဆုံးသူ စုစုပေါင်း ၅ ဦးထိ ရှိလာပါပြီ။ ဥရောပတိုက်က ကူးစက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အကောင်းဆုံး နယ်မြေ ဖြစ်တယ်လို့ WHOက အတည်ပြုထားပြီး အာရှနဲ့ တခြားဒေသတွေမှာတော့ ကူးစက်နှုန်းက သာမန် သတိပြုရမယ့် အဆင့်လောက်သာ ရှိသေးတယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံမှာလည်း ရောဂါ ဖြစ်ပွားသူ ၂၉၀၀ ကျော် တွေ့ရှိထားပြီး နယူးယောက်က အခြေအနေ အဆိုးဆုံး ပြည်နယ်အဖြစ် ရပ်တည်နေပါတယ်။

မျောက်ကျောက်ရောဂါကို ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ပထမဆုံးအကြိမ် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ကူးစက်မှုတွေ မတိုင်ခင်ထိ မျောက်ကျောက်ရောဂါကို အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်း နယ်မြေတွေ အပြင်ဖက်ထိ ပျံ့နှံ့တာမျိုး မကြုံခဲ့ဖူးပါဘူး။ တစ်နည်းအားဖြင့် ဒီရောဂါဟာ အာဖရိကမှာသာ ကူးစက်နေလေ့ရှိပြီး ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာထိ လက်တံရှည်လာတာမျိုးက အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။ နောက်ပြီး လူအချင်းချင်း ကူးစက်မှုတွေ ပိုပြီး မြန်ဆန်လာတာကလည်း သိပ္ပံပညာရှင်တွေအတွက် စိတ်ရှုပ်စရာ ဖြစ်နေပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုကြောင့်လား၊ လူတွေရဲ့ အလေ့အထတွေ ပြောင်းလဲလာတာကြောင့်လား အစရှိတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ သုတေသနပြု လေ့လာနေကြဆဲပါ။

❑ ရောဂါ ဘယ်လိုကူးသလဲ

လူအချင်းချင်း ကူးစက်မှုတွေဟာ အရမ်းနီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံမှုတွေကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ မျောက်ကျောက် ရောဂါ လက္ခဏာ အထင်အရှား ပြသပြီး အဖုအပိန့်တွေ ထွက်နေသူနဲ့ အရေပြားချင်း တိုက်ရိုက် ထိကပ်မိတာမျိုးကြောင့် ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူ ထိကိုင်ထားတဲ့ ပစ္စည်းတွေကို တခြားသူက ကိုင်တွယ်ရာကနေလည်း ကူးစက်တတ်ပေမယ့် ဒီကိစ္စက ဖြစ်နိုင်ခြေ နည်းတယ်လို့ သိရပါတယ်။ ရောဂါရှိသူနဲ့ အဝတ်အစားတွေ၊ အိပ်ရာ အသုံးအဆောင်တွေ အတူသုံးမိရင်လည်း ခန္ဓာကိုယ်က ထွက်တဲ့ အရည်ကနေတဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူရဲ့ ခန္ဓာကိုယ်ပေါ်က အဖုအပိန့်တွေ လုံးဝဥဿုံ ပျောက်သွားပြီး အရေပြားအသစ် ဖွဲ့စည်းဖြစ်ပေါ်မှု ပြန်မစလာခင်ထိ ရောဂါကူးစက်နိုင်ခြေ ရှိနေဆဲလို့ ယူဆသင့်ကြောင်း CDCက ဆိုပါတယ်။ ရောဂါ စဖြစ်ပြီး အဲဒီ အဆင့်ထိ ရောက်ဖို့က အချိန် ၄ ပတ်လောက်ထိ ကြာမြင့်တတ်ပါတယ်။

လောလောဆယ် ရောဂါ ကူးစက်မှု အများစုဟာ လိင်တူ (အထူးသဖြင့် အမျိုးသားချင်း) ဆက်ဆံမှုတွေကြောင့် အဖြစ်များကြောင်း WHOက အတည်ပြုထားပါတယ်။ ဒါပေမဲ့ မျောက်ကျောက်ဟာ လိင်ကနေတဆင့် သီးသန့် ကူးစက်တတ်တဲ့ ရောဂါအမျိုးအစားထဲ ထည့်လို့တော့ မရပါဘူး။ လိင်ဆက်ဆံခြင်း ဆိုတာကလည်း အနီးကပ် ထိတွေ့မှု ပုံစံတစ်မျိုးသာ ဖြစ်ပါတယ်။ တခြား ထိတွေ့မှုတွေကနေလည်း မျောက်ကျောက်ရောဂါ ကူးစက်နိုင်ပါတယ်။ ရောဂါကြောင့် ဖြစ်ပေါ်နေတဲ့ အဖုအပိန့်၊ အနာတစ်ခုခုကို ဘယ်လိုနည်းနဲ့ ထိတွေ့မိပါစေ ကူးစက်နိုင်ခြေ ရှိပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းကနေ သန္ဓေသားကိုလည်း ကူးစက်တတ်ပါတယ်။

နယ်သာလန်မှာဆိုရင် ကလေးငယ်တစ်ယောက် ရောဂါဖြစ်ပွားလာတာနဲ့ ပတ်သက်လို့ ဆရာဝန်တွေ အတော်လေး မျက်စိလည်သွားခဲ့ပါတယ်။ အဲဒီ ကောင်လေးဟာ ဘယ်နေရာကနေ ဘယ်လိုပုံစံနဲ့ ရောဂါ ကူးလာသလဲ ဆိုတာကို လုံးဝ နောက်ကြောင်း ခြေရာခံလို့ မရတာကြောင့်ပါ။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး မျောက်ကျောက် ဗိုင်းရပ်စ်ဟာ လေကနေ တဆင့်လည်း ကူးစက်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပေမယ့် CDCက ပယ်ချထားပါတယ်။ လူနာရဲ့ အသက်ရှူ လမ်းကြောင်းကထွက်တဲ့ (နှပ်လိုမျိုး) အရည်တွေကနေလည်း ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ရှိပေမယ့် တိုက်ရိုက် အနီးကပ် ထိတွေ့မှုတွေကြောင့်သာ အဖြစ်များတယ်လို့ WHOက ပြောပါတယ်။

အရိုးရှင်းဆုံး ပြောရရင် မျောက်ကျောက်က ကိုဗစ်လို လေထဲကနေ မကူးကြောင်း၊ ဘတ်စ်ကား တက်စီးသွားရင်း ကူးစက် ခံလာရမှာ ကြောက်နေရမယ့် ရောဂါမျိုး မဟုတ်ကြောင်း နယူးယောက်မြို့၊ ဝေးလ်ကော်နဲလ် ဆေးသိပ္ပံ ဌာနရဲ့ ကူးစက်ရောဂါဌာန အကြီးအကဲ ဒေါက်တာ ရွိုင်ဂူးလစ်က Time မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ရှင်းပြပါတယ်။

❑ ဘယ်လိုလူတွေ ပိုစိုးရိမ်သင့်သလဲ

အမေရိကန်မှာ ရောဂါကူးစက်သူ အများစုဟာ အမျိုးသားချင်း လိင်ဆက်ဆံခဲ့သူတွေ ဖြစ်ပါတယ်။ ဥရောပ နိုင်ငံတွေမှာလည်း အဲဒီလို အနေအထားကို ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။ ဇူလိုင် ၂၁ ရက်တုန်းက New England ဆေးပညာ ဂျာနယ်က ထုတ်ပြန်တဲ့ သုတေသန ရလဒ်တစ်ခုအရ နိုင်ငံပေါင်း ၁၆ ခုက မျောက်ကျောက် လူနာ ၅၀၀ ကျော်ကို လေ့လာကြည့်တဲ့အခါ ၉၈ ရာခိုင်နှုန်းဟာ Gayနဲ့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ ရောဂါ ဖြစ်ပွားမှု ၉၅ ရာခိုင်နှုန်းဟာ လိင်ဆက်ဆံမှုနဲ့ ဆက်နွှယ်တယ်လို့လည်း ပြောပါတယ်။

ရာနှုန်းပြည့်လို့ မပြောနိုင်ပေမယ့် မျောက်ကျောက် ရောဂါ ခြိမ်းခြောက်မှုဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေနဲ့ ပိုပြီး နီးကပ်လိမ့်မယ်လို့ ဂူးလစ်က မှတ်ချက်ပေးပါတယ်။ ဗိုင်းရပ်စ်ဟာ LGBT အသိုက်အဝန်းထဲကို စိမ့်ဝင်နိုင်မယ့် နည်းလမ်းကို သူ့နည်းသူ့ဟန်နဲ့ ရှာတွေ့သွားကြောင်း၊ ဒါပေမဲ့ ရောဂါ ကူးစက်မှုတွေက အဲဒီ အသိုက်အဝန်း ပြင်ပကို ထွက်မလာနိုင်ဘူးလို့ မဆိုလိုကြောင်း သူက ပြောပါတယ်။ တကယ်တော့ ရောဂါ ကူးစက်ထားသူ တစ်ယောက်နဲ့ အနီးကပ် ထိတွေ့မိတဲ့ လူတိုင်းလူတိုင်း ထပ်ဆင့် ကူးစက်ခံရနိုင်တယ်လို့ ဒေါက်တာ ဂူးလစ်က ဆိုပါတယ်။

❑ ဘယ်သူတွေ ကာကွယ်ဆေး ထိုးသင့်သလဲ

မျောက်ကျောက် ရောဂါအတွက် သီးသီးသန့်သန့် ကာကွယ်ဆေးရယ်လို့ မရှိပေမယ့် အမေရိကန်မှာတော့ ကာကွယ်ဆေး နှစ်မျိုးကို ထောက်ခံချက် ပေးထားပါတယ်။ ပထမ တစ်မျိုးက ကျောက်ကြီးရောဂါ ကာကွယ်ဆေး ACAM2000 ဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါအတွက် ထုတ်ထားတဲ့ ဆေးမဟုတ်ပေမယ့် ဆေးအာနိသင်က ရောဂါ ကူးစက် ခံရရင်တောင် ပြင်းထန်မှုကို ထိထိရောက်ရောက် လျှော့ချပေးနိုင်တယ်လို့ ယုံကြည်ရပါတယ်။ နောက်တစ်မျိုးက ကျောက်ကြီးနဲ့ မျောက်ကျောက် နှစ်မျိုးစလုံးအတွက် ရည်ရွယ်ထားတဲ့ Jynneos ကာကွယ်ဆေး ဖြစ်ပါတယ်။ Jynneosကို ဆေးနှစ်ကြိမ် ထိုးရပါတယ်။ ဘေးထွက်ဆိုးကျိုး အတော်နည်းတဲ့အတွက် ဒီဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ ရည်ရွယ်ထားပေမယ့် လောလောဆယ်မှာ ထုတ်လုပ်နိုင်စွမ်းက တောင်းဆိုမှုထက် များနေဆဲ ဖြစ်ပါတယ်။

လောလောဆယ်မှာ လူတိုင်း ကာကွယ်ဆေး မထိုးနိုင်သေးဘူး ဆိုပေမယ့် မျောက်ကျောက် ရောဂါသည် တစ်ဦးနဲ့ အနီးကပ် ထိတွေ့ ဆက်ဆံမိသူတွေကတော့ စောနိုင်သမျှ ခပ်စောစော ဆေးထိုးထားသင့်ကြောင်း ဒေါက်တာ ဂူးလစ်က အကြံပြုပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့မိပြီး ၂ ပတ်အတွင်း ဆေးထိုးလိုက်မယ်ဆိုရင် ရောဂါ စဖြစ်လာရင်တောင် လက္ခဏာတွေ မပြင်းထန်လောက်တော့ဘူးလို့ CDCက ဆိုပါတယ်။ အမေရိကန်မှာတော့ နယူးယောက်လို ရောဂါ အဖြစ်များတဲ့ နေရာတွေမှာ လိင်လုပ်သားတွေ၊ အမျိုးသားချင်း လိင်ဆက်ဆံသူတွေကို ဦးစားပေးအဆင့် ဆေးထိုးပေးဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ရည်ရွယ်ထားပါတယ်။

❑ ရောဂါကို ဘယ်လိုကုသလဲ

မျောက်ကျောက်ရောဂါ ကုသဖို့ တိတိကျကျ လက်ခံ အတည်ပြုထားတဲ့ ဆေးတော့ မရှိသေးပါဘူး။ ကျောက်ကြီးရောဂါ လူနာတွေအတွက် သုံးစွဲတဲ့ Antiviral ပိုးသတ်ဆေးဝါးတွေ၊ ကိုယ်ခံအား ဖြည့်ပေးတဲ့ ကုထုံးမျိုးတွေကိုပဲ ဆရာဝန်တွေက ရောဂါ အခြေအနေကြည့်ပြီး ရွေးချယ်တတ်ကြပါတယ်။ အမေရိကန်မှာတော့ ဆရာဝန်တွေက မျောက်ကျောက်အတွက် တိကျတဲ့ ကုသဆေး မရှိသေးတာကို လူနာတွေဆီ အသေအချာ ရှင်းပြပြီး ကုထုံးနဲ့ ပတ်သက်ရင် လူနာဆီက ခွင့်ပြုချက် ရယူဖို့ CDCက ညွှန်ကြားထားကြောင်း ဒေါက်တာ ဂူးလစ်က ပြောပါတယ်။ ယေဘုယျ အနေနဲ့ မျောက်ကျောက် ရောဂါဟာ အသက်အန္တရာယ် ထိခိုက်နိုင်ခြေ အရမ်းမများပေမယ့် ငယ်ရွယ်လွန်းတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ခံအားစနစ် ချွတ်ယွင်းမှု ရှိသူတွေ၊ အရင်ကတည်းက အရေပြား အဖုအပိန့် ဝေဒနာ ခံစားရသူတွေမှာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့တော့ သူက သတိပေးပါတယ်။ လူနာ အများစုက အဖျားပျောက်ဆေး၊ အယားအယံပျောက်ဆေးတွေ အကူအညီနဲ့ ရောဂါလက္ခဏာတွေ ဆိုးမလာအောင် ထိန်းရင်းပဲ ပြန်လည် သက်သာ ပျောက်ကင်းသွားလေ့ ရှိကြောင်းလည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

WHOရဲ့ ကျန်းမာရေး ပညာရှင်တွေ စုံညီ စည်းဝေးပြီးတဲ့နောက် မျောက်ကျောက်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကတည်းကလည်း WHO အနေနဲ့ မျောက်ကျောက်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်သင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေခဲ့ပါတယ်။

နိုင်ငံတကာ

WHOရဲ့ အရာရှိတွေဟာ မျောက်ကျောက် ရောဂါကို နိုင်ငံတကာ ကျန်းမာရေး ပြဿနာကြီး အဆင့်ထိ သတ်မှတ် ကြေညာဖို့ သင့်မသင့် ဆိုတာကို အကျေအလည် ဆွေးနွေးနေကြကြောင်းလည်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံတကာ သိပ္ပံပညာရှင် ၃၀ ကျော်လောက်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ မျောက်ကျောက် ရောဂါရဲ့ နာမည်နဲ့ ပတ်သက်လို့ မလိုလားအပ်တဲ့ ခွဲခြားမှု သဘောတွေ ရှိနေတာကြောင့် အမြန်ဆုံး နာမည်ပြောင်းသင့်ကြောင်း WHOဆီ စုပေါင်း တိုက်တွန်းခဲ့ကြပါတယ်။

သတင်း

မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ ယခင်မဖြစ်ဘူးသော အာဖရိကပြင်ပနိုင်ငံများထိ ကူးစက်ဖြစ်ပွားလာနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။