Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စာသင်လို့အဖမ်းခံရသူ

ဖက်ဒရယ်ကျောင်းတစ်ခုမှာပညာသင်ယူရင်း အဖမ်းခံရတာ သုံးရက်ရှိပြီဖြစ်တဲ့ ရန်ကုန်မြို့ကကျောင်းသူတစ်ဦးရဲ့ အစ်ကိုကတော့ ခုချိန်မှာ သူ့ညီမလေးဟာ ဘယ်နေရာမှာ ထိန်း သိမ်းခံထားရမှန်း မသိရသေးဘူးလို့ ပြောလာပါတယ်။

K4U ​ကျောင်းလိုဂို
K4U ​ကျောင်းလိုဂို

အ​ခြေခံလူ့အခွင့်အ​ရေးတစ်ရပ်ဖြစ်တဲ့ပညာသင်ယူတာကိုအ​ကြောင်းပြုပြီး အာဏာသိမ်းစစ်​ကောင်စီကရန်ရှာဖမ်းဆီးတာ​ကျောင်းသူတစ်ဦးနဲ့ဇူလိုင် ၁၅ ရက်​နေ့အထိ ဆရာ၊ဆရာမ အနည်းဆုံး၁၆ဦးထိရှိလာပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ မဆုလတ်ဟာ ကြားကာလပညာ ရေးအတွက် အွန်လိုင်းအခြေပြုကျောင်းတစ်ခုမှာ တက်ရောက်ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ဦးပါ။ သူတက်ရောက်နေတဲ့ကျောင်းက K4U လို့ လူသိများတဲ့ Kaung For You Education ပညာရေးကျောင်း ဖြစ်ပါတယ်။

တစ်ရက် မနက်ပိုင်းအတန်းချိန်ပြီးလို့ ခဏနားနေတဲ့အချိန် သူ မသိတဲ့ဖုန်းနံပါတ်တစ်လုံးက သူ့ထံဆက်သွယ်လာပါတယ်။ ဆက်သွယ်လာသူက K4U ကပါလို့ သူ့ကိုယ်သူမိတ်ဆက်ပြီး မဆုလတ်ရဲ့ နေရပ်လိပ်စာတွေ တောင်းယူခဲ့တယ်လို့ သူ့ရဲ့အစ်ကိုဖြစ်သူက ပြောပါတယ်။

“Kaung For You Education ကဆိုပြီး နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်ကို သေချာမေးပါတယ်။ ကျောင်းဖောင်ဖြည့်ဖို့ဆိုပြီးတောင်းတာပါ”လို့ မဆုလတ်ရဲ့အစ်ကိုက ရှင်းပြပါတယ်။

အဲဒီနောက် နေ့လယ် ၁၂ နာရီလောက်ကျတော့ အရပ်ဝတ်နဲ့ လူကိုးဦးလောက်က မဆုလတ်တို့အိမ်ကို တံခါးလာခေါက်ပါတယ်။ ​နေ့ခင်း​ကြောင်​တောင်ဧည့်စာရင်း စစ်ဖို့ဆိုပြီး တံခါးကိုအတင်းဖွင့်ခိုင်းပါတယ်။ အဲဒီအရပ်ဝတ်နဲ့လူတွေ အိမ်ထဲရောက်လာတော့ ဘာမှ အမေးအမြန်းအစစ်အဆေးမရှိဘဲ မဆုလတ်ကို ဖမ်းခေါ်သွားခဲ့ပါတယ်။ တဆက်ထဲမှာပဲ မဆုလတ်ကိုင်တဲ့ ဖုန်းတစ်လုံးနဲ့ လက်တော့ပ်တစ်လုံးကိုပါ သိမ်းယူသွားတယ်လို့ သူရဲ့အကိုဖြစ်သူကဆိုပါတယ်။

ဒါ​ကြောင့်မဆုလတ်ဟာ စစ်​ကောင်စီအာဏာသိမ်းပြီး​နောက်ပိုင်းမှာ အ​ခြေခံလူ့အခွင့်အ​ရေးဖြစ်တဲ့ ပညာသင်​လို့အဖမ်းခံရတဲ့ပထမဆုံး​ကျောင်းသူဖြစ်လာပါတယ်။

ကျောင်းသူလေး မဆုလတ်အဖမ်းခံခဲ့ရတာဟာ ဇူလိုင် ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပါတယ်။ အဲသည်နေ့က ကျောင်းသူ မဆုလတ်တစ်ဦးသာ အဖမ်းခံရတာ မဟုတ်ပါဘူး။ Kaung For You Education ပညာရေးကျောင်းရဲ့ သင်ကြားရေးဆရာ၊ ဆရာမ အနည်းဆုံး ၁၆ဦးမှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

ပညာသင်ကြား၍ဖမ်းဆီးခံရ​သောမဆုလတ်
ပညာသင်ကြား၍ဖမ်းဆီးခံရ​သောမဆုလတ်

ယမန်နေ့(ဇူလိုင် ၁၄)တစ်ရက်ထဲမှာပဲမိတ္ထီလာ၊ ဟဲဟိုးနဲ့ မြိတ်စတဲ့မြို့နယ်တွေက CDM ဆရာ၊ ဆရာမ ၁၁ ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးလိုက်တယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာမြစ်သားမြို့နယ်က ဆရာ၊ ဆရာမလေးဦးနဲ့ ကလောမြို့နယ်က ဆရာမတစ်ဦး၊ မိတ္ထီလာက ဆရာတစ်ဦး၊ ဟဲဟိုးက ဆရာမလေးဦးနဲ့ မြိတ်က ဆရာ၊ ဆရာမငါးဦး အသီး သီးပါဝင်ပြီး ဖမ်းခံရတဲ့ CDM ဆရာ၊ ဆရာမတွေဟာ K4U နဲ့ဆက်စပ်ပြီး အဖမ်းခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ခုဆိုရင် K4U နဲ့ဆက်စပ်ပြီး ဇူလိုင် ၁၅ ရက်အထိ့စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရသူဦးရေဟာ အနည်းဆုံးဆရာ၊ ဆရာမ အနည်းဆုံး ၁၆ ဦးနဲ့ ကျောင်းသူတစ်ဦးအပါ အဝင် စုစုပေါင်း ၁၇ ဦးရှိပါပြီ။

K4Uကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုးလည်းဇူလိုင် ၁၃ ရက်​နေ့ကဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်း​တွေထွက်လာခဲ့​ပေမယ့် People’s Spring ကအတည်မပြုနိုင်ပါဘူး။ ဦးကောင်းသိုက်စိုးဟာ မြစ်သားမြို့နယ်လက်ထောက်

မြို့နယ် ပညာရေးမှူး အဖြစ်ကနေ CDM ပြုလုပ်ထားသူဖြစ်ပါတယ်။ စစ်​ကောင်စီရဲ့​ကျောင်း​တွေမှာပညာမသင်ကြားလိုဘဲ ၊ပညာ​ရေးဆက်လက်သင်ကြားလိုတဲ့​ကျောင်းသား​ကျောင်းသူ​တွေကို ဖက်ဒရယ်ပညာ​ရေးစနစ်သင်ကြားနိုင်ဖို့ အခုပညာသင်နှစ်မှာ ဖက်ဒရယ်​ကျောင်း​တွေအများကြီး​ပေါ်လာတာမှာ K4U ကလူသိ့များတဲ့​ကျောင်းတစ်​ကျောင်းဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေနဲ့ PDF အား​ကောင်းတဲ့​ဒေသ​တွေမှာ ​EAO အစီအစဥ်နဲ့ NUG ရဲ့အစီအစဥ်​တွေနဲ့ကျောင်း​တွေဖွင့်ပြီးပညာသင်ကြားမှု​တွေလုပ်နိုင်​ပေမယ့် ကျန်​ဒေသတွေမှာ​တော့ စစ်​ကောင်စီ​ကျောင်းမတက်ချင်ရင် အွန်လိုင်းက​နေအခုလို​ ဖက်ဒရယ်ကျောင်း​​တွေမှာပညာဆက်လက်သင်ယူ​ဖို့ကြိုးစားနေကြတာ ဒီနှစ်မှာများလာပါတယ်။

ပညာသင်ကြား​နေတဲ့​ကျောင်းသား၊ဆရာ၊ဆရာမ ​တွေကိုဖမ်းဆီးတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ အခုလုပ်ရပ်ဟာ လွတ်လပ်စွာပညာ

သင်ကြားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတို့ ပူးတွဲထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG ၏ ထုတ်ပြန်ချက်
NUG ၏ ထုတ်ပြန်ချက်

▪︎K4U နဲ့ အချက်အလက်ပေါက်ကြားမှု

kaung For You ပညာရေးကျောင်းက ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘ၊ ဆရာတွေရဲ့ အချက်အလက်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်မှာ အပြင်ကိုစတင်ပေါက်ကြားခဲ့တယ်လို့ အဲဒီကျောင်းရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရာပါတယ်။

ကိုယ်ရေးအချက်လက်တွေ ပေါက်ကြားခဲ့တာဟာ အတွင်း လူမှတဆင့် အချက်လက်ရယူပြီး ပူးပေါင်းကြံစည်မှုအ ဖြစ် စိစစ်တွေ့ရှိရတယ်လို့ K4U က ဇူလိုင် ၈ ရက်နေ့မှာ အ သိပေးထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် အဲဒီဖြစ်စဥ်ကို စုံစမ်းဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ K4U က ဆိုပါတယ်။ စစ်ဆေးခဲ့တဲ့ရလဒ်တွေအရ မသမာသူတွေဟာ

ကျောင်းအပ်နှံဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ မိဘအုပ်ထိန်းသူတွေထံမှ ငွေကြေးလိမ်လည်ရယူဖို့ ဦးစွာပစ်မှတ်ထားအားထုတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

မသမာသူတွေဟာ K4U က ဆရာ၊ ဆရာမ ဟန်ဆောင်ပြီး ကျောင်းသားမိဘတွေထံ ဖုန်းနဲ့ဆက်သွယ်တာ၊ SMS စာတိုပေးပို့တာတွေလုက်ဆောင်ပြီး လိမ်လည်ငွေတောင်းခံတဲ့ကိစ္စတွေ ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိရတယ်လို့ အသိ ပေးပါတယ်။

ဒါကြောင့် ကျောင်းအနေနဲ့ ငွေကြေးကောက်ခံမှု လုံးဝမရှိတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်လိုက်တဲ့အခါ ငွေကြေးလိမ်လည်ရယူဖို့ မဖြစ်နိုင်တော့လို့ ကျောင်းရဲ့စီမံခန့်ခွဲမှု လုပ်ငန်းတွေမှာ အနှောင့်အယှက်ဖြစ်အောင်နဲ့ ပြည်သူတွေရဲ့ယုံကြည်အားကိုးမှု လျော့ပါးအောင် ရည်ရွယ်ချက်ပြောင်းပြီး ကြံစည်လုပ်ဆောင်ခဲ့တာ အထင်အရှားတွေ့ရတယ်လို့ K4U က ဆိုပါတယ်။

“သူတို့ Data ပေါက်ကြားတဲ့သတင်းကြားကတည်းကနေ MOE ကတော့ ခေါ်ယူမေးမြန်းနေခဲ့တာပါ။ သူတို့အချင်း ချင်းကနေ အချက်အလက်ပေါက်ကြားသွားတာဖြစ်ပြီး စကစ ကိုမရောက်သေးဘူး လို့သုံးသပ်ပြီး မြန်မြန်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေစဉ်မှာပဲ ဆရာကောင်းအဖမ်းခံရတဲ့သ တင်းနဲ့အတူ ဆရာ/မ တွေ အဖမ်းခံလာရတာဖြစ်ပါတယ်” လို့ NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်က People’s Spring သို့ပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီဘက်က K4U ပညာရေးကျောင်းနဲ့ဆက်စပ်ပြီး ကျောင်းသူတစ်ဦးနဲ့ ဆရာ၊ ဆရာမအချို့ကို ဖမ်းဆီးတဲ့အထိလုပ်လာတာဟာ ပေါက်ကြားခဲ့တဲ့အချက်အလက်တွေ သူတို့လက်ထဲရောက်သွားလို့လား၊ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲဆိုတဲ့အမေးကိုတော့ ဒုဝန်ကြီးက ပြန်လည်ဖြေကြားခြင်း မရှိ​သေးပါဘူး။

ခုလိုဖမ်းဆီးခံရတာတွေရှိနေတဲ့အချိန်မှာ K4U အနေနဲ့ တစ်စုံတစ်ရာ အသိပေးဖြေရှင်းတာမျိုး လုပ်သင့်တယ်လို့ မဆုလတ်ရဲ့ အစ်ကိုဖြစ်သူက သူ့ဆန္ဒကို ပြောပါတယ်။ သူကိုယ်တိုင်လည်း K4U ရဲ့ ကျောင်းသားတစ်ဦးပါ။

“ကျွန်တော်တို့ကျောင်းသားတွေရဲ့ သတင်းအချက်လက်တွေက လုံခြုံရဲ့လားမသိတော့ဘူး”လို့ သူက ရင်ဖွင့်ပါတယ်။

NUG အစိုးရ၊ ပညာရေးဝန်းကြီးဌာနနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ရဲ့ သဘောထားထုတ်ပြန်ချက်မှာတော့ K4U ဟာ အွန်လိုင်းအခြေပြုပညာရေးကျောင်းတစ်ခုအနေနဲ့ ကိုယ်ရေးအချက်အလက်တွေ ကောက်ယူခဲ့ပြီး စနစ်တကျမထိန်းသိမ်းနိုင်ခဲ့တာဟာ အခြေခံလူ့အခွင့် အရေးတပ်ရပ်ဖြစ်တဲ့ ကိုယ်ရေးအချက်အလက်လုံခြုံခွင့် ချိုးဖောက်ခြင်းဖြစ်ပြီး အဲဒီအတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုမှ တာဝန်ခံရမယ်လို့ ဖော်ပြပါတယ်။

ပညာရေးအသိုင်းဝိုင်းမှ ရရှိသောအချက်အလက်များအရ Kaung For You ပညာရေးကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၃၀,၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာရင်းအရ လက်ခံထားသူတွေပါပေါင်းရင် သိန်းဂဏန်းအထိရှိနိုင်ပြီး ဆရာ၊ ဆရာမဦးရေက ၃,၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒီကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

▪︎ပညာသင်ခွင့် ချိုးဖောက်နေတဲ့ စစ်ကောင်စီ

ခုလို Kaung For You ပညာရေးကျောင်းရဲ့အချက်အလက်ပေါက်ကြားမှုတွေကို အခွင့်ကောင်းယူပြီး ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီး၊ ခြိမ်းခြောက်တဲ့ လုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ NUG အစိုးရ၊ ပညာရေးဝန် ကြီးဌာနနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။

ဒါကြောင့် ဆရာ၊ ဆရာမတွေ ဖမ်းဆီးခံရတာအပါအဝင် အချက်အလက်များပေါက်ကြားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လုံခြုံရေးကို အထူးစိုးရိမ်မိတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာနဲ့ ချိတ်ဆက်တုန့်ပြန်သွားမယ်လို့လည်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့က ပူးတွဲထုတ်ပြန်တဲ့ ဇူလိုင် ၁၄ ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပညာရေးအခွင့်အရေးဟာအခြေခံလူးအခွင့်အရေးတစ် ရပ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ပညာသင်ကြားခြင်း၊ သင်ယူခြင်းကိုအကြောင်းပြု၍ ဖမ်းဆီးခြင်း၊ ခြိမ်း ခြောက်ခြင်း မပြုအပ်ဘူးလို့ ဝန်ကြီးဌာနတွေရဲ့ ပူးတွဲထုတ်ပြန်ချက်က အတိအလင်းဆိုထားပါတယ်။

“အခုအနေအထားက ကျောင်းရဲ့ တာဝန်ရှိသူတွေ ဆရာဆရာမတွေ ကျောင်းသားတွေ မိဘတွေ ပြည်သူတွေ ပိုပြီး လုံခြုံရေး သတိရှိဖို့ ခေါင်းလောင်းထိုး သတိပေးလိုက်တဲ့ အခြေအနေ တစ်ရပ်ဖြစ်လာပြီ”လို့ Bago Federal School (BFS)မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

▪︎လုံခြုံရေးသတိ​ခေါင်း​လောင်းထိုးသံ

ဒါကြောင့် အွန်လိုင်းအခြေပြု ဖက်ဒရယ်ကျောင်းတွေအ နေနဲ့ အချက်အလက်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပြီး အဲဒီအချက်အလက်တွေကို ကွန်ပြူတာ၊ လက်တော့ပ်နဲ့ အခြားမိုဘိုင်း Device တွေထဲမထားဘဲ အခြားနည်းနဲ့သိမ်း ဆည်းကြဖို့ BFS ရဲ့ တာဝန်ရှိသူက အကြံပြုပါတယ်။

အလားတူ ကျောင်းသားမိဘတွေအနေနဲ့လည်း မိမိကလေး လုံခြုံရေးအတွက် သင်ကြားသင်ယူမှုလုပ်တဲ့အခါ အခြားကလေးတွေကို မိမိအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ကအစ ပေးမသိဖို့ အရေးကြီးတယ်လို့ သူကအကြံပြုပါတယ်။

“ဆရာတွေကတော့ စာသင်ကြားနေစဥ် camera ပိတ်ထားပြီး လုံခြုံမှုရှိတဲ့ နေရာတစ်ခုကနေ သင်ကြားမှု ပြုလုပ်နိုင်ဖို့တော့ အရေးကြီးတယ်ဗျ”လို့ BSF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

BSF အနေနဲ့ကတော့ ဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးမှ စေတနာ့ဝန် ထမ်းဆရာ၊ ဆရာမခေါ်ယူတာ၊ ကျောင်းသားလက်ခံတာတွေ စခဲ့တာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“ပြင်ဆင်ပြီးမှ လက်ခံခဲ့တဲ့အတွက် အထူးတလည် စိုးရိမ်စရာတော့ မရှိပါဘူး”

ဒါပေမဲ့ Kaung For You ပညာရေးကျောင်းဖြစ်စဥ်လိုအ ခြေအနေတွေရှိလာတော့ လုံခြုံရေးကိုခုထက်ပိုပြီးအဆင့်မြှင့်မယ့် အစီအစဥ်တွေ ပြင်ဆင်နေပြီး “ကျွန် တော်တို့ကျောင်းလိုပဲ တခြားကျောင်းတွေလည်း ပြင်ဆင်မှုတွေရှိနေပြီ”လို့ BSF မှ တာဝန်ရှိသူက ပြောပါတယ်။

အလားတူ NUG အစိုးရ ပညာရေးဝန်ကြီးဌာနကလည်း ဖက်ဒရယ်ကျောင်းတွေရဲ့ တာဝန်ရှိသူတွေကို လုံခြုံရေးနဲ့ပတ်သက်ပြီး အမြဲသတိပေးတဲ့အပြင် ပြဿနာအခက်အခဲတွေကို ဝိုင်းဝန်းစဥ်းစားပြီး အကောင်းဆုံးဖြေရှင်းပေးနေတယ်လို့ ပညာရေးအသိုင်းထံက သိရပါတယ်။

“ပြည်သူ့ပညာရေး online ကျောင်းတွေမှာ မိဘပြည်သူ များရဲ့ သတင်းအချက်အလက်လုံခြုံရေး အာမခံပေးနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ အထူးအလေးထားပြီး ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ NUG ပညာ ရေးဒုဝန်ကြီး ဂျာထွယ်ပန်က အသိပေးထားပါတယ်။

ခုအချိန်မှာ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေကိုမတက်လိုတဲ့အတွက်မှောက်ပြီး ကြားကာလပညာရေးအတွက် နိုင်ငံတစ်ဝှမ်း ဖက်ဒရယ်ကျောင်းတွေ အများအပြားပေါ်ပေါက်လာတာနဲ့အမျှ မလိုသူတွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေရှိနေမှာပဲဖြစ်တယ်လို့ CDM ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

“အတိုက်အခိုက်တွေကတော့ ရှိလာမှာဘဲလေ။ ယုံကြည်မှု လျော့ကျမှုတော့ မဖြစ်လာနိုင်ပါဘူး။ Federal School တွေ ထပ်ပြီးပေါ်လာဦးမှာပါ”လို့ BFS ရဲ့ တာဝန်ရှိသူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ဖက်ဒရယ်ကျောင်းတစ်ခုမှာပညာသင်ယူရင်း အဖမ်းခံရတာ သုံးရက်ရှိပြီဖြစ်တဲ့ ရန်ကုန်မြို့ကကျောင်းသူတစ်ဦးရဲ့ အစ်ကိုကတော့ ခုချိန်မှာ သူ့ညီမလေးဟာ ဘယ်နေရာမှာ ထိန်း သိမ်းခံထားရမှန်း မသိရသေးဘူးလို့ ပြောလာပါတယ်။

ဒါကြောင့် သူတို့ရင်ဆိုင်နေရတဲ့အခြေအနေကို တာဝန်ရှိတဲ့ Kaung For You ပညာရေးကျောင်းကဖြစ်စေ၊ NUG အစိုးရ ပညာရေးဝန်ကြီးဌာနကဖြစ်စေ တစ်စုံတစ်ရာ ချိတ်ဆက်ကူညီပေးနိုင်ဖို့ ဖမ်းဆီးခံကျောင်းသူရဲ့မိသားစုက မျှော်လင့်လျှက်ရှိပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

Kaung For You Education ပညာရေးကျောင်းမှ ကျောင်း သား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၏ ကိုယ်ရေးအချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းကျောင်းမှ ဆရာ၊ ဆရာမငါးဦးနှင့် ကျောင်းသူတစ်ဦးတို့ ယမန်နေ့(ဇူလိုင် ၁၃)က စစ်ကောင် စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

သတင်း

"ပြည်သူ့ပညာရေး online ကျောင်းတွေမှာ မိဘပြည်သူများရဲ့ သတင်းအချက်အလက်လုံခြုံရေး အာမခံပေးနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ အထူးအလေးထားပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက​ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူနှစ်ဦးမှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှ ကျောင်းသူတစ်ဦးနှင့် ရှမ်း ပြည်နယ်၊ ကလောမြို့နယ်မှ ကျောင်းဆရာမတစ်ဦးတို့ပါဝင်ကြောင်း ၎င်းတို့က ပြောသည်။

သတင်း

တက္ကသိုလ်ဝင်တန်းမှလွဲပြီး အခြားသောအတန်းများအားလုံးမှ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်အရည်အချင်းပြည့်မီပါက ယခုနှစ် အောက်တိုဘာလ တွင် အတန်းကူးပြောင်းပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။