Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဥရောပမှာ ကူးစက်နေတဲ့ ကျောက်ရောဂါ တစ်ကမ္ဘာလုံးကို ပျံ့နှံ့လာနိုင်တယ်လို့ WHO ခန့်မှန်း

Monkeypoxလို့ ခေါ်ဝေါ်တဲ့ ကျောက်ရောဂါဟာ အခုဆိုရင် WHO အဖွဲ့ဝင် နိုင်ငံ ၁၂ ခုက လူပေါင်း ၉၂ ဦးမှာ ဖြစ်ပွားခဲ့ကြောင်း အတည်ပြု တွေ့ရှိထားပြီး သံသယ လူနာ ၂၈ ဦးလည်း ရှိနေကြောင်း ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေး အေဂျင်စီကြီးက ထုတ်ပြန်ပါတယ်။

ဥရောပမှာ ကျောက်ရောဂါတစ်မျိုး ပျံ့နှံ့ ကူးစက်နေမှုတွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာထိ ကျယ်ပြန့်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ခန့်မှန်းလိုက်ပါတယ်။

Monkeypoxလို့ ခေါ်ဝေါ်တဲ့ ကျောက်ရောဂါဟာ အခုဆိုရင် WHO အဖွဲ့ဝင် နိုင်ငံ ၁၂ ခုက လူပေါင်း ၉၂ ဦးမှာ ဖြစ်ပွားခဲ့ကြောင်း အတည်ပြု တွေ့ရှိထားပြီး သံသယ လူနာ ၂၈ ဦးလည်း ရှိနေကြောင်း ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေး အေဂျင်စီကြီးက ထုတ်ပြန်ပါတယ်။

ထူးခြားချက် တစ်ခုက သာမန်ဆိုရင် ကျောက်ရောဂါတွေ ဖြစ်လေ့ သိပ်မရှိတဲ့ နိုင်ငံတွေမှာပါ Monkeypox လူနာတွေ တွေ့လာရတာလို့ WHOရဲ့ ပညာရှင်တွေက ဆိုပါတယ်။ WHOက Monkeypoxဟာ ကူးစက်တတ်ပေမယ့် ကပ်ရောဂါကြီး အဆင့် ရောက်ရှိလာနိုင်တဲ့ထိ စိုးရိမ်စရာ မရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ဒီရောဂါ ကူးစက်မှုတွေ လျော့ကျအောင် ဘယ်လို ကိုင်တွယ် တုံ့ပြန်သင့်သလဲ ဆိုတာကို WHOက လမ်းညွှန်ချက်တွေ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ရောဂါ ဖြစ်နေတာ သေချာကြောင်း လက္ခဏာတွေ ထင်ထင်ရှားရှား ပြသနေတဲ့ လူနာနဲ့ အနီးကပ် ထိတွေ့ ဆက်ဆံမိတဲ့ သူတွေမှာ ရောဂါ ဆက်ကူးလေ့ ရှိတယ်လို့လည်း ကနဦး တွေ့ရှိချက်တွေက ညွှန်ပြနေပါတယ်။ နောက်ပြီး ယောက်ျားချင်း လိင်တူ ဆက်ဆံမှုတွေကနေလည်း ကူးစက်နိုင်ကြောင်း သတိပေးထားပါတယ်။ လောလောဆယ် တွေ့ရှိထားတဲ့ Monkeypox လူနာ အများစုဟာ လိင်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ ဆက်စပ်တဲ့ အထူးကု ဆေးခန်းတွေကို ရောက်ရှိလာကြသူတွေ ဖြစ်ပါတယ်။

Monkeypoxဟာ များသောအားဖြင့် သိပ်မပြင်းထန်တတ်တဲ့ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး အနီးကပ် ထိတွေ့မှုတွေကနေ အဓိက ပျံ့နှံ့လေ့ ရှိပါတယ်။ အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ အဓိက အတွေ့ရ များလေ့ရှိတဲ့ ရောဂါဟာ သီးသန့်ခွဲခြား နေထိုင်တာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်တာမျိုး နည်းလမ်းတွေနဲ့တင် ကူးစက်မှုကို ကန့်သတ် ထိန်းချုပ်နိုင်ပါတယ်။

အခု ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတွေထဲမှာ ၁၁ ခုဟာ Monkeypoxနဲ့ ရင်းနှီးကျွမ်းဝင်မှု မှတ်တမ်း မရှိဖူးဘူးလို့ WHOက ဆိုပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ စပိန်နဲ့ ပေါ်တူဂီတို့လို ဥရောပ နိုင်ငံတွေဟာ ဒီကျောက်ရောဂါ ပျံ့နှံ့ ကူးစက်တာမျိုး မကြုံဖူးသေးတဲ့ နေရာတွေပါ။

Monkeypoxမှာ မျိုးကွဲနှစ်ခုရှိပြီး တစ်မျိုးက ရောဂါပိုပြင်းထန်သလို သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက်ထိ များပါတယ်။ လောလောဆယ် ဗြိတိန်နဲ့ ဥရောပ နိုင်ငံတချို့မှာ တွေ့ရှိထားတဲ့ မျိုးကွဲကတော့ ပျမ်းမျှ သေဆုံးနိုင်ခြေ ၁ ရာခိုင်နှုန်းလောက်သာ ရှိပြီး ပိုပျော့ပျောင်းတဲ့ အမျိုးအစားလို့ ဆိုပါတယ်။

၁၉၅၀ ပြည့်လွန် နှောင်းပိုင်းနှစ်တွေက မျောက်တွေမှာ စတင်တွေ့ရှိလို့ ဒီကျောက်ရောဂါကို Monkeypox (မျောက်ကျောက်)လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ လူသားတွေဆီ ရောဂါပိုး အဓိက သယ်ဆောင်တဲ့ တိရစ္ဆာန် မျိုးစိတ်ကတော့ ကြွက်တွေလို့ သိရပါတယ်။

Monkeypox ရောဂါရဲ့ လက္ခဏာတွေက အပြင်းအထန် ခေါင်းထိုးကိုက်တာ၊ အရိုးအဆစ် နာကျင်တာ၊ အဖျားတက်တာ၊ ကိုယ်တွင်း အကြိတ်တွေ ရောင်ရမ်းတာ၊ ခန္ဓာကိုယ်အနှံ့ ကြွက်သားတွေ နာကျင်တာ၊ အရေပြားပေါ်မှာ ကျောက်ရောဂါ လက္ခဏာ အဖုအပိန့်တွေ ထွက်ပေါ်တာမျိုး ဖြစ်ပြီး တချို့ လူနာတွေဟာ သီတင်းပတ်တွေ ကြာမြင့်တဲ့ထိ ဖျားတတ်ကြပါတယ်။

Monkeypoxဟာ ကိုဗစ် ကပ်ရောဂါ အစပိုင်း နေ့ရက်တွေလို လူတွေကြားမှာ အလုံးအရင်း ပျံ့နှံ့ ကူးစက်သွားမှာတော့ မဟုတ်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ ဒီရောဂါဟာ ကိုဗစ်လိုမျိုး လေထဲကနေ အလွယ်တကူ မကူးစက်နိုင်ပါဘူး။ ဒါပေမဲ့ Monkeypox ရောဂါ လက္ခဏာ ပြသသူတွေနဲ့ အနီးကပ် ထိတွေ့တာမျိုးကို ရှောင်ကြဉ်ဖို့တော့ အရေးကြီးတယ်လို့ WHOက အကြံပြု ပြောကြားထားပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

နိုင်ငံတကာ

အမှန်တကယ် သေဆုံးသူ ဦးရေနဲ့ တရားဝင် ထုတ်ပြန်တဲ့ ဦးရေ ကွာဟနေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဟာ ကပ်ရောဂါ နောက်ဆက်တွဲ သေဆုံးမှုတွေကို ကိုဗစ်ကြောင့် သေဆုံးတဲ့ စာရင်းမှာ ထည့်သွင်းရေတွက်လေ့ မရှိတာကြောင့်လို့ WHOက ယုံကြည်နေပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေး ပညာရှင်တွေကလည်း ပြည်တွင်းမှာ ပုံစံတူ ဖြစ်စဉ် ၉ ခုကို ဖော်ထုတ် သိရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အားလုံးကို အလာဘားမား ပြည်နယ်မှာ တွေ့ရှိထားပေမယ့် တခြားပြည်နယ်တွေမှာပါ ဒီပြဿနာမျိုး ရှိနိုင်တယ်လို့ အမေရိကန် ကျန်းမာရေး အာဏာပိုင်တွေက ဆိုပါတယ်။

ဗီဒီယို

ဇီလန်စကီးဟာ ရုရှားနဲ့ စစ်ဖြစ်နေချိန် အတောအတွင်းမှာပဲ ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် အလျင်အမြန် အသိအမှတ် ပြုပေးဖို့ တရားဝင် လျှောက်ထား တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကိယက်ဗ်ကို ရောက်ရှိချိန်မှာတော့ ဗွန်ဒါလီယန်က ယူကရိန်းကို သမဂ္ဂ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရေး...

နိုင်ငံတကာ

အာဖရိကတိုက် အနှံ့အပြားက ဓာတ်ခွဲဌာန ၂၅၂၀၀၀ လောက်က ဆေးစစ်ရလဒ်တွေကို စုစည်းကြည့်တဲ့အခါ လူပေါင်း ၁၁.၅ သန်းလောက် ရောဂါ ကူးစက်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက် ကတည်းက အာဖရိကတိုက်မှာ ရောဂါကူးစက်ဖူးသူ သန်း ၈၀၀ လောက်ထိ များပြားခဲ့ပြီး ဖြစ်လိမ့်မယ်လို့...