Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇန်နဝါရီ ၁၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎အတုအယောင်ရွေးကောက်ပွဲဟန့်တားဖို့ တော်လှန်ရေးအင်အားစုအားလုံးကို TNLA ဥက္ကဋ္ဌ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ အားထုတ်နေတာကြောင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမယ့် ဘယ်လိုထောက်ပံ့မှုမျိုးကိုမဆို သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု နယ်မြေတွေမှာ ထိရောက်စွာဟန့်တားကြဖို့ လိုအပ်တယ်လို့ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSlF/TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က ပြောပါတယ်။

(ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - TNLA)
(ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ – TNLA)

ဒီနေ့ ကျရောက်တဲ့ နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်းမှာ PSLF/TNLA ဥက္ကဋ္ဌက စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဟန့်တားဖို့ အခွင့်အရေး တော်လှန်ရေးအင်အားစုဘက်တွေမှာ အပြည့်အဝပိုင်ဆိုင်ထားတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။ ဒါ့အပြင် လွတ်လပ်ရေးရယူပြီးနောက်ပိုင်း တောင်တန်းနေ တိုင်းရင်းသားတို့ အစဉ် ကြိုးပမ်းတောင်းဆိုလာခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်ရေးအတွက် အချိန်အခါကောင်း ရောက်ရှိနေပြီးဖြစ်ကာ တော်လှန်ရေးအင်အားစုအားလုံး ဒီအခွင့်အလင်းအပေါ် လက်တွေ့ကျကျ ဟန်ချက်ညီညီ ဆက်လက် ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ကြဖို့ TNLA ဥက္ကဌက တိုက်တွန်းပါတယ်။

(ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - TNLA)
(ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ – TNLA)

▪︎ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ချိုးဖောက်နေဟု NUG ထောက်ပြ

ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း မိမိတို့ရဲ့ လေပိုင်နက်ကို ကျော်လွန်အသုံးပြုကာ မြန်မာပြည်သူတွေကို သတ်ဖြတ်နေရုံသာမက အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပါ ခြိမ်းခြောက်လာနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ကြဖို့ NUG တောင်းဆိုပါတယ်။

▪︎စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ မရမချင်းစုဖွဲ့တော်လှန်တိုက်ပွဲဝင်မယ်လို့ AA နဲ့ MNDAA ကတိပြု

ကိုးကန့်၊ တအာင်းနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တူညီတဲ့ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များကို မရမချင်း ဟန်ချက်ညီ လက်တွဲကာ စုဖွဲ့တော်လှန်တိုက်ပွဲဝင်မယ်လို့ ရက္ခိုင့်တပ်တော်(AA)နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့က တအာင်းတပ်မတော်(TNLA)ထံ သဝဏ်လွှာပေးပို့ပါတယ်။ ဒီနေ့ ကျရောက်တဲ့ နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ဂုဏ်ပြုသဝဏ်လွှာပေးပို့ရင်း ကတိပြုခဲ့ကြတာပါ။ ညီနောင်သုံးဖွဲ့အကြားရှိ စည်းလုံးညီညွတ်မှုဟာ ပိုမိုအားကောင်းလာခြင်းနှင့်အတူ စည်းလုံးမှုအင်အားကိုလည်း မည်သည့်အချိန်မှာမဆို ဆက်လက်ပြသဖို့ အသင့်ရှိနေပြီလို့ ဖော်ပြပါတယ်။

(TNLA​၏ ဗိုလ်လောင်းနှင့် အလုပ်သင် သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)
(TNLA​၏ ဗိုလ်လောင်းနှင့် အလုပ်သင် သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ – TNLA)

▪︎နန်းဖဲ-ဘောလခဲ၊ ထူးချောင်းလမ်းပိုင်းကို သွားလာခွင့်ပိတ်ပင်

စစ်ရေးအခြေအနေကြောင့် ကရင်နီပြည်နယ် ဖရူဆိုမြို့ရှိ နန်းဖဲ – ဘောလခဲနဲ့ ထူးချောင်းလမ်းကို ဝင်ထွက်သွားလာခွင့်ပိတ်ပင်တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၆ က ထုတ်ပြန်အသိပေးပါတယ်။ လမ်းပိုင်းများပိတ်ပင်ခြင်းမှာ ဒီနေ့ကစ အကျူံးဝင်ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်တယ်လို့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက စစ်ကောင်စီက ဖရူဆိုထဲမှာ စစ်ကြောင်းထိုးနေပြီး ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကိုလည်း ပြန်ရဖို့ အင်အားဖြည့်နေတာရှိတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ပြန်လည်ချေမှုန်းနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့ အခြေအနေများကို နားလည်ပေးဖို့ KNDF တပ်ရင်း ၁၆ က မေတ္တာရပ်ခံပါတယ်။

▪︎ဒုရဲမှူးလှိုင်မင်းသန့်ကို ရှင်းလင်းခဲ့ဟုရေးပြောက်ကျားတပ်ပြော

မွန်ပြည်နယ်၊​​ ရေးခရိုင် ဒုစရိုက်နှိမ်နှင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ -YGFက ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဒုရဲမှူးလှိုင်မင်းသန့်ကို မနေ့ ညပိုင်းက ရေးမြို့နယ်၊ အောင်သုခရပ်ကွက် အုန်းတောအစုမှာ မိုင်းခွဲ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ ရှင်းလင်းခဲ့တဲ့ ဒုရဲမှူးလှိုင်မင်းသန့်ဟာ ပြည်သူတွေကို လက်နက်ပြ အနိုင်ကျင့်၊ ခြိမ်းခြောက် ငွေတောင်းခံနေသူဖြစ်တယ်လို့ YGF က အသိပေးပါတယ်။

▪︎ဝက်လက်နယ်အရှေ့ခြမ်း စစ်ကောင်စီတပ်ဝင်လာလို့ ပြည်သူများ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ မနေ့ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်ကာ ထိုးစစ်ဆင်ဝင်ရောက်လာလို့ မြစ်ဘေးကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ညပိုင်းက မန္တလေးတိုင်းဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်များကြောင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းမြစ်ရိုးတစ်လျှောက်ကျေးရွာများ အချိန်မတော်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ မြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီး ရှစ်ချက်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ Wetlet Information Network က ဖော်ပြပါတယ်။

ဓာတ်ပုံ - Acid
ဓာတ်ပုံ – Acid

▪︎မြင်းခြံ-မြို့သာလမ်းမှာ စစ်ကောင်စီယာဥ် နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံ-မြို့သာလမ်းပိုင်းမှာ စုံညီပွဲတော်လာတဲ့ စစ်ကောင်စီယာဥ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၀ ရက် နေ့ခင်းက မြင်းခြံမြို့နယ် မြို့သာမြို့တောင်ဘက်ရှိ နဘူးတောကျေးရွာ စာသင်ကျောင်းရဲ့ စုံညီပွဲတော်ကို ကင်းစောင့်ပေးဖို့ မြို့သာရှိစစ်အု​ပ်စုက FAW ကားတစ်စီး၊ ခွေးဘီလူးနှစ်စီးနဲ့ ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကားသုံးစီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်ပါပြီး တိုက်ခိုက်မှုကြောင့် ခြောက်ဦးသေပြီး ခုနစ်ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေကို ကိုးကားဖော်ပြပါတယ်။

You May Also Like