Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံသမိုင်းမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အင်ဒိုနီးရှား သမ္မတ ဝန်ခံ

စစ်အေးခေတ်တုန်းက ကွန်မြူနစ် ဝါဒ ရှင်းလင်း သုတ်သင်ရေး လှုပ်ရှားမှု အပါအဝင် သမိုင်းဝင် ဖြစ်ရပ် ၁၂ ခုကို ဝီဒိုဒိုက အသိအမှတ် ပြုခဲ့ပြီး နိုင်ငံရဲ့ အနာဂတ်မှာ ဒီအခြေအနေတွေ ထပ်ဖြစ်မလာအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သူက ဆိုတယ်။

နိုင်ငံသမိုင်းမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အင်ဒိုနီးရှား သမ္မတ ဝန်ခံ
နိုင်ငံသမိုင်းမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အင်ဒိုနီးရှား သမ္မတ ဝန်ခံ

နိုင်ငံရဲ့ သမိုင်းကြောင်းမှာ စက်ဆုပ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက တရားဝင် ဝန်ခံ ပြောကြားခဲ့ပါတယ်။

စစ်အေးခေတ်တုန်းက ကွန်မြူနစ် ဝါဒ ရှင်းလင်း သုတ်သင်ရေး လှုပ်ရှားမှု အပါအဝင် သမိုင်းဝင် ဖြစ်ရပ် ၁၂ ခုကို ဝီဒိုဒိုက အသိအမှတ် ပြုခဲ့ပြီး နိုင်ငံရဲ့ အနာဂတ်မှာ ဒီအခြေအနေတွေ ထပ်ဖြစ်မလာအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သူက ဆိုတယ်။

အဲဒီတုန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွင်း အင်ဒိုနီးရှားမှာ လူပေါင်း ၅ သိန်းလောက် အသေအပျောက် ရှိခဲ့မယ်လို့ သုတေသီ တချို့က ခန့်မှန်းပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ အနိဋ္ဌာရုံ သေးထွက်သံယို ကိစ္စတွေနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဝန်ခံတဲ့ အင်ဒိုနီးရှား သမ္မတတွေထဲမှာ ဝီဒိုဒိုက ဒုတိယမြောက်ပါ။ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ အက်ဘ်ဒူရာဟ်မန် ဝါဟစ်ဒ်က လူသိရှင်ကြား ဝန်ချ တောင်းပန်ဖူးပါတယ်။

ကွန်မြူနစ်တွေ၊ စစ်တပ်နဲ့ အစ္စလာမ်မစ် ဘာသာရေး ဂိုဏ်းတွေကြား အာဏာလွန်ဆွဲခဲ့ကြတဲ့ ကာလအတွင်း ကွန်မြူနစ်တွေက အာဏာသိမ်းဖို့ ကြိုးစားပြီး စစ်ဗိုလ်ချုပ် ၆ ဦးကို လုပ်ကြံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြီး အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး အစပြုလာခဲ့တာပါ။

အင်ဒိုနီးရှားရဲ့ နိုင်ငံခေါင်းဆောင် အနေနဲ့ သူဟာ နိုင်ငံသမိုင်းမှာ ဖြစ်ခဲ့ဖူးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသိအမှတ်ပြုဖို့ လိုကြောင်း၊ ဒီလိုကိစ္စတွေ ပေါ်ပေါက်ခဲ့တာကို စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိကြောင်း သမ္မတက ဆိုပါတယ်။ ဝီဒိုဒိုဟာ ၁၉၆၅ ကနေ ၂၀၀၃ ခုနှစ် အတောအတွင်း ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို ရည်ညွှန်းသွားခဲ့ပါတယ်။ အဲဒီထဲမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အင်ဒိုနီးရှား ခေါင်းဆောင်ဟောင်း ဆူဟာတိုရဲ့ သံမဏိ စည်းမျဉ်းနဲ့ အုပ်ချုပ်မှုတွေကို ဆန္ဒပြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပြန်ပေးဆွဲခံရတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။

နောက်ပြီး အင်ဒိုနီးရှား အရှေ့ပိုင်းက ပါပူအာ ဒေသမှာ ဒေသခံတွေ ဖိနှိပ်ခံရတဲ့ ကိစ္စကိုလည်း ဝီဒိုဒိုက ထည့်ပြောခဲ့ပါတယ်။ အဲဒီနယ်မြေမှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။

နောက်ပြီး အစိုးရ အနေနဲ့ အရင်က ကြုံခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ သားကောင်တွေကို အတတ်နိုင်ဆုံး ပြန်လည် ပေးဆပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဝီဒိုဒိုက ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ သမ္မတက ထုတ်မပြောပါဘူး။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အင်ဒိုနီးရှား ဌာနခွဲ အမှုဆောင် ဒါရိုက်တာ အူစ်မန် ဟာမစ်ဒ်ကတော့ နိုင်ငံသမိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကို စုံစမ်းဖော်ထုတ် အရေးယူသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ဝီဒိုဒိုဟာ မနှစ်တုန်းကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တစ်စောင်ကို သူခန့်အပ်ထားတဲ့ အဖွဲ့တစ်ခုဆီကနေ လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဘရာဇီး ပြည်သူတွေနဲ့ ဒီမိုကရေစီ စနစ်အပေါ် လေးစားမှုရှိဖို့ တောင်းဆိုခဲ့ပြီး လူလာကို အစွမ်းကုန် ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ပူတင်ဟာ ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေကို အကာအကွယ်ယူ ပုန်းခိုနေပြီး ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေရဲ့ အနာဂတ်ကို မီးတင်ရှို့နေကြောင်း၊ ပူတင်ရဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ယူကရိန်းက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် မိုဒီက ယူကရိန်း-ရုရှား ပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ စားနပ်ရိက္ခာနဲ့ အရေးပေါ် လုံခြုံရေးလို ကဏ္ဍတွေမှာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာကို စိုးရိမ်ကြောင်း ဇီလန်စကီးကို ပြောဆိုခဲ့တယ်လို့လည်း အိန္ဒိယ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဘရာစေးလီယာ မြို့တော်က လေဆိပ်တစ်ခုနားမှာ ဆီတင်ယာဉ်ကြီး တစ်ခုကို ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးမကွဲခဲ့ဘဲ အစီအစဉ် ပျက်ခဲ့သလို ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။